သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Sunday, February 8, 2009

သတင်းတပ်ဖွဲ့ကနိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံရသူများအပေါ်ငွေညှစ်

ရေးသူ..တင်ကျော်ကျော်စိုး

ရဲအထူးသတင်းတပ်ဖွဲ့ခေါ် Special Branch မှနိုင်ငံရေးမှုဖြင့်ဖမ်းဆီးထိန်းသိမ်းသူများကိုငွေသိန်းရာချီ တောင်း၍ပြန်လွှတ်ပေးမှုများရှိနေသည်ဟုFreedom News Group မှ စုံစမ်းသိရှိရသည်။

ထိုသို့ရဲအထူးတပ်ဖွဲ့မှာငွေသိန်းရာချီယူ၍ပြန်လွှတ်ပေးသူများတွင်နာမည်ကြီးနိုင်ငံရေးလှုပ်ရှားသူများနှင့်ထိပ်တန်းအတိုက်အခံအချို့အပါဝင်ဟုသိရသည်။
နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် ထိုသူတို့ကိုအကူအညီပေးနေသော ငွေကြေး ချမ်းသာသူများ သို့မဟုတ် လှုပ်ရှားတက်ကြွသူများရှောင်တိန်းရာတွင် ခိုလှုံခွင့်ပေးထားသည့် အိမ်များမှ အိမ်ရှင်များကိုပါ ဖမ်းဆီးထိန်းသိမ်းပြီးစစ်ကြောရေးတွင် ငွေသိန်းရာချီတောင်း၍ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

ဒီဇင်ဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအမှုဖြင့်ဖမ်းဆီးထိန်းသိမ်းခံထားရသူ တစ်ဦးမှာ သတင်းတပ်ဖွဲ့မှ ပြန်လည်လွှတ်ပေးစေလိုလျှင် သိန်း၅၀၀ပေးရမည်ဟုသူ့ကို စစ်ဆေးနေစဉ်အတွင်းရဲသတင်း တပ်ဖွဲ့မှ ရဲအုပ်တယောက်က လာရောက်ကမ်းလှမ်းသောကြောင့် ငွေသိန်း၅၀၀ကျော်ပေးပြီး ပြန်လွတ်မြောက် လာခဲ့ရသည်ဟုဆိုသည်။၂၀၀၈ ခုနှစ် အတွင်းငွေကျပ်သိန်း၃၀၀ကျော်ပေး၍ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက “သူတို့ကဘယ်လိုလဲဆိုတော့နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို အသေရိုက်စစ်တယ်။ ပြီးတော့ဘယ်အိမ် တွေမှာနေခဲ့လဲ။ ဘယ်သူကထောက်ပံ့ပေးလဲဆိုတာတွေမေးတယ်။ ပြီးရင် အဲဒီသူကနိုင်ငံရေးလှုပ်ရှားတဲ့အထဲ လုံးဝမပါဘူးနော်။ အကူအညီပေးရုံသက်သက်ဘဲ။ အဲဒီလူတွေကိုသွားဖမ်းတယ်။ မဖမ်းခင်သူတို့ စုံစမ်းသေးတယ်။ချမ်းသာတယ်၊ နောက်မှာလဲဘာBackground မှမရှိဘူးဆိုမှသွားဖမ်းတယ်။ ရိုက်နှက်ပြီး ကြောက်အောင် စစ်ပြီးတော့ ပြန်လွတ်ပေးစေချင်ရင် ဘယ်လောက်ပေးရမယ်ဆိုပြီးတောင်းတော့တာဘဲ။”ဟု FNG သို့ပြောသည်။

ထိုသို့နိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံထားရသူများကိုပြန်လွှတ်ပေးစေချင်ရင်သတင်းတပ်ဖွဲ၏တောင်းဆိုသည့်ငွေကြေးမှာ ကျပ်သိန်း ၃၀၀ မှ ၇၀၀ အထိရှိပြီး ထိုငွေများမှာ နိုင်ငံရေးကိစ္စများကိုကိုင်တွယ်သည့် သတင်းတပ်ဖွဲ့ အရာရှိများ၏အိတ်ထဲသို့သာရောက်ကြောင်း စီးပွားရေးကိစ္စများကိုကိုင်တွယ်သည့် သတင်းတပ်ဖွဲ့မှ အရာရှိ တစ်ဦး ကလည်း အတည်ပြုပြောဆိုသည်။

ထိုကဲ့သို့ သောကိစ္စမျိုးများမှာ ယခင်စစ်ထောက်လှမ်းရေးအဖွဲ့ရှိစဉ်ကတည်းက ပေါ်ပေါက်ခဲ့ဖူးပြီး ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ရေသန့်ဗူးများပေးလှူသောစေတနာရှင်တစ်ဦးကိုထောက်လှမ်းရေးက ဖမ်းဆီး ထိန်းသိမ်းပြီးပြန်လွှတ်ပေးစေလိုလျှင် ငွေကြေးသိန်း ၃၀ ပေးရမည်ဟုထောက်လှမ်းရေး၂၆မှ ဗိုလ်မှူးမျိုးလွင် က လည်းတောင်းခံခဲ့ဖူးသည်။

http://longwalktofreedom.wordpress.com မှ ကူးယူဖော်ပြသည်။

No comments: