09/02/2009
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ် ၃ မြို့နယ်ရှိ ကျေးလက်ဒေသများတွင် အစာရေဆာ ငတ်မွတ်ခေါင်းပါးနေသည့် ချင်းပြည်သူများ အရေးအတွက် ချင်းအမျိုးသားများ ကိုယ်တိုင် ပါဝင်ကြိုးပမ်းရန် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာရင်း ဆေးဝါးကုသပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခု၏ ခေါင်းဆောင်က ပြောဆိုသည်။ငတ်မွတ်ခေါင်းပါးဒဏ် သင့်နေသည့် အဆိုပါ ဒေသတွင်း၌ အာဟာရ ချို့တဲ့နေသဖြင့် လူအများ ရောဂါဘယ ခံစားနေရသည်ဟု အစာရေစာ ငတ်မွတ်မှုကြောင့် ဒုက္ခကြုံနေသူများနှင့် ကယ်ဆယ်ရေးအဖွဲ့ (Mawta Famine Relief Committee - MFRC) ခေါင်းဆောင် ဒေါက်တာ ဆာဆာက ပြောဆိုခြင်း ဖြစ်သည်။
အာမေးနီးယား ဆေးတက္ကသိုလ်တွင် ဆေးပညာသင်ယူနေသည့် သူက MFRC ကို ၂ဝဝ၈ ခုနှစ် စက်တင်ဘာလက အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
ယခုအခါ ချင်းပြည်နယ်တောင်ပိုင်း ထန်တလန်၊ မတူပီ၊ ပလက်ဝမြို့နယ်များရှိ ကျေးရွာပေါင်း ၁ဝ၈ ရွာ၊ အိမ်ထောင်စု ၇၈၄၉ စု၊ လူဦးရေ ၄၁ဝ၂၉ ဦးအတွက် ဆန်အိတ် ၁၇၈၄ အိတ် ပေးဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မကြာသေးခင်က အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် Community-based health care Programme အမည်ရှိ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ချင်းအဖွဲ့အစည်းတခုနှင့် ကနေဒါ ဆရာဝန်တဦးနှင့်အတူ ဘေးဒဏ်ကြုံတွေ့နေသည့် ဒေသများအနီး သွားရောက်ကာ ကျန်းမာရေးကုသမှု ပေးခဲ့သေးသည်။
ချင်းတိုင်းရင်းသား မရာမျိုးနွယ်စုဝင်ဖြစ်သူ ဒေါက်တာဆာဆာက သူ့အဖွဲ့နှင့် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် - UNDP ၊ ဗြိတိန်အစိုးရတို့နှင့် သုံးပွင့်ဆိုင် ပူးပေါင်းပြီး လက်ရှိ အစာရေဆာ ခေါင်းပါးမှု ပြဿနာအား ဖြေရှင်းနိုင်ရန် ဆွေးနွေး တိုင်ပင်နေသည်။
ဤအကြောင်းများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မီဇိုရမ်ရှိ မဇ္ဈိမသတင်းထောက် ဇလပ်မေက သူ့ကို တွေ့ဆုံ မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
အဖွဲ့ကို ဘယ်လိုနည်းနဲ့ ဖွဲ့ခဲ့ပါသလဲရှင့်။ ပြည်တွင်းကနေတဆင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ရတဲ့ အကြောင်းအရင်းကို သိပါရစေရှင်၊၊
ဟုတ်ကဲ့။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခုဆို ဒီ အစာရေစာ ခေါင်းပါးမှုကြောင့် ထွက်ပေါ်လာတဲ့ အဖွဲ့ဟာ အတော်များပါတယ်။ ဒါပေမဲ့ ကျနော်တို့အဖွဲ့ရဲ့ ထူးခြားချက်က အစာရေစာ ငတ်မွတ်မှုဒဏ်ကို ခံစားနေရတဲ့ ဒုက္ခသည်တွေနဲ့ ဖွဲ့ထားတာဖြစ်တယ်။ ကျနော်မှအပ အားလုံးဟာ ပြည်တွင်းမှာ ရှိကြပါတယ်။ နောက်တခုက ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဘုတ်အဖွဲ့ကို ကျေးရွာတိုင်းမှာ ကျနော်တို့ ပြန်ဖွဲ့ပါတယ်။
ထောက်ပံ့တဲ့နေရာမှာ ဒုက္ခသည်တိုင်းဟာ ထောက်ပံ့တာကို လိုချင်ကြတယ်။ ဒါပေမဲ့ လူတိုင်းကို ကျနော်တို့ မပေးနိုင်ဘူး။ ဘုတ်အဖွဲ့ကနေ ဃမငအနမငေ နဲ့ ပြန်ပေးတယ်။ အခြေအနေကို ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေက အသိဆုံးမို့ပါ။ သုံးမြို့နယ်မှာရှိတဲ့ Criteria တိုင်းမှာရှိတဲ့ ရွာတိုင်းကို သူတို့ တာဝန်ယူသွားမယ်။
နယ်စပ်ကတဆင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတာဟာ လုံခြုံမှု မရှိဘူးလို့ ကြားရတတ်ပါတယ်။ ဘာကြောင့် ပြည်တွင်းကနေ ဝင်လုပ်ကိုင်ရတဲ့ အကြောင်းအရင်းကို သိပါရစေ။
လုံခြုံမှုမရှိတာ မဟုတ်ပါဘူး။ ကူညီမှုကို လူတိုင်း လက်ခံတယ်။ နိုင်ငံရေး မဟုတ်ဘူး၊ ဘာသာရေး မဟုတ်ဘူး၊ ကိုယ့်လူမျိုးအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေတာ ဖြစ်တယ်။ ဒါတွေကို စစ်တပ်၊ စစ်သားတွေကလည်း နားလည်ပါတယ်။ နယ်စပ်ကနေ ကယ်ဆယ်ရေး လုပ်တာဟာ နယ်စပ်နဲ့နီးတဲ့ ကျေးရွာကိုပဲ ကျနော်တို့ ပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရွာကနေ နယ်စပ်ကို ခြေလျင်နဲ့ ၃-၄ ရက်လောက်လာပြီး ဆန်ကို ထမ်းရတယ်။
လူက အစာရေဆာ ခေါင်းပါးမှုကြောင့် အာဟာရချို့တဲ့ပြီး၊ အားအင် ကုန်ခမ်းနေရတဲ့အထဲ သူတို့ခမျာ ဆန်ကို ထမ်းရသေးတယ်။ သူတို့ ဘယ်အချိန်ထိ ထမ်းနိုင်မလဲ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နယ်မြေတွေဆိုတော့ အခုလို လုပ်ရတာဟာ ကျေးရွာ၊ လူဦးရေတိုင်းကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် လုပ်နိုင်အောင် လုပ်ရခြင်း ဖြစ်တယ်။ အကောင်းဆုံးနဲ့ လက်တွေ့အကျဆုံး ဖြစ်မယ်ထင်လို့ ရွေးချယ်လိုက်တာပါ။
ဘယ်လို အကောင်အထည် ဖော်မှာလဲရှင့်၊ ဘယ်လောက်တောင် မျှော်မှန်းထားလဲ။
ရန်ကုန်မှာရှိတဲ့ ကျနော်တို့အဖွဲ့နဲ့ ယူအယ်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်) ရယ်၊ ယူကေ (ဗြိတိန်) အစိုးရတွေရယ်၊ ကျနော်တို့ ဆွေးနွေးနေဆဲပါ။ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကူညီမဲ့သူရယ်၊ အကူအညီ ခံရမယ့်သူရယ်၊ ကူညီပေးပိုးတဲ့သူ သုံးဖွဲ့က သုံးပွင့်ဆိုင် လက်တွဲပြီး လုပ်သွားမှာဆိုတော့ ၁ဝဝ ရာခိုင်နှုန်းမှာ ၈ဝ ရာခိုင်နှုန်းလောက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းနယ်စပ်ကနေ ပြန်လာတယ်ဆိုတော့ လက်ရှိ အခြေနေကိုရော ဘယ်လို တွေ့ခဲ့သလဲ။
ကျနော်တို့ မိုဘိုင်း Free Clinic ကို နယ်စပ်ရွာ ကျံပီး၊ လန်ကီး၊ တွိးပါန်း၊ မောခေါလ်မှာ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ပြည်တွင်းကနေ လူပေါင်း ၁၃ဝဝ နီးပါး လာကြတယ်။ ကျနော်ရယ်၊ ကနေဒါက ဆရာဝန် ဆူးရယ်၊ ကျန်းမားရေးမှူး ဆရာယူနီတီရယ် ကုသပေးကြတယ်။ အံသြစရာ ကောင်းလောက်အောင် ရောဂါ တော်တော်များများ တွေ့ရတယ်။
အဓိက တွေ့ရှိရတာက အနေးမီးယား လို့ခေါ်တဲ့ သွေးအားနည်းတဲ့ရောဂါ၊ ဌက်ဖျား၊ အစာအိမ်၊ ကိုယ်ဝန်ပျက်ကျတဲ့ မိခင်လောင်းတွေ ဗိုက်ထဲမှာ ကလေး သေဆုံးတာတွေ၊ မွေးဖွားဖို့ အားအင် မရှိတာတွေ၊ ကလေးငယ်တွေ ကြီးထွားမှုနှုန်း နှေးကွေးတာတွေ တော်တော်များများ တွေ့ရတယ်။ အဓိကတော့ အာဟာရ ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေပါ။ ကလေးငယ်တွေ ကြီးထွားမှုနှုန်း နှေးတာကို အံသြစရာ ကောင်းလောက်အောင် တွေ့ရတယ်။ နောက် ကျနော် မြင်နေရတာက စိတ်ဖိစီးမှုများလို့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် နှလုံးအားနည်းတာတွေကိုပါ တွေ့ရတယ်။
ကျနော်တို့ ယူသွားတဲ့ ဆေးတွေဟာ လူ အယောက် ၄ဝဝ ကျော်အတွက်၊ ကျနော်တို့ ကုသခဲ့တဲ့ ဝေဒနာရှင်က ၃ဝဝဝ ကျော် ရှိတယ်။ လိုအပ်တဲ့ ဆေးက ပိုများနေတာကို တွေ့မြင်ရတယ်။
အစာရေစာ ခေါင်းပါးမှုကြောင့် လက်ရှိဖြစ်ပျက်နေတဲ့ အပေါ်မှာ ချင်းပြည်သူတွေကိုပဲဖြစ်ဖြစ်၊ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် ဒေါက်တာရဲ့ အတွေ့အကြုံအရ ပြောချင်တာ ရှိရင် ပြောပါရှင့်။
ဟုတ်ကဲ့၊ ကျနော် အထူးပြောချင်တာက ဒီအငတ်ဘေးကို ကျနော်တို့ မလုပ်ဘူးဆိုရင် ချင်းတွေရဲ့ အနာဂတ် မရှိဘူး။ သေချာတယ်။ အခုကမ္ဘာမှာ အရေးကြီးဆုံးက နယ်မြေ။ ဘုရားသခင်က ကျနော်တို့ကို နယ်မြေပေးထားတယ်။ အကြောင်း အမျိုးမျိုးကြောင့် ကျနော်တို့ နိုင်ငံခြား ထွက်ခဲ့ကြတာ ကျနော်တို့ ချင်းလူမျိုးတွေ အများကြီး။ လူငယ်တွေဆိုရင် နိုင်ငံခြား ထွက်သွားကြတယ်။ ကျနော်တို့ အငတ်ဘေးကို မဖြေရှင်းနိုင်ဘူးဆိုရင် ချင်းပြည်နယ် ကျေးရွာပေါင်း များစွာက ပျောက်ဆုံးနေပြီ။ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးဖို့ အလားအလာ ရှိတယ်။ နောက် ၁ဝ နှစ် နောက်ပိုင်း ချင်းပြည်မှာ ချင်းလူမျိုးတွေ ရှိတော့မှာ မဟုတ်ဘူးဆိုတာ ချင်းလူမျိုးတိုင်း သိစေချင်တယ်။ သိကို သိရမယ်။
ကျနော်တို့ ဘိုးဘွားပိုင်နယ်မြေဖြစ်တဲ့ ချင်းပြည်မှာ ချင်းတွေ မရှိတော့ဘဲ အခြားသူတွေ အပိုင်ဖြစ်သွားနိုင်တယ်။ ချင်းပြည်နယ်က လူတဝက်ဟာ အာဟာရ ချို့တဲ့မှုကြောင့် ကျန်းမာရေး အခြေအနေ အတော်ကို ဆိုးရွားနေတယ်။
ကျနော်ကိုယ်တိုင် ဆေးကုပေးတော့ သိလာရတယ်။ အစာရေစာ ငတ်မွတ်မှုဟာ ကျနော်တို့ ထင်တာထက် အဆပေါင်း ၁ဝဝ ဆိုးရွားတယ်၊၊ အစာငတ်တဲ့အပြင် လူမျိုးရေးပါ ထိခိုက်ဆုံးရှုံးနိုင်တဲ့ အပိုင်းထိ ရောက်လာနိုင်တယ်။ ကျနော်တို့ပြည် ကောင်းစားဖို့၊ လုပ်ဖို့ ကျနော်တို့ လက်ထဲမှာ ရှိတယ်၊၊
ချင်းပြည်နယ်ကို ချစ်ကြတဲ့ ကိုယ့်ပြည်သူပြည်သားတိုင်းကို ကျနော်ပြောချင်တာက ကူညီချင်ရင် ကူညီနိုင်တဲ့ လမ်းရှိတယ်။ ကျနော်ဆိုရင် ဆေးကျောင်းသားပဲ ရှိသေးတယ်။ ဒီအငတ်ဘေးဒဏ်ကို သိလိုက်တော့ ကျနော် အိပ်လို့ မရ၊ စားလို့မရဘူး ဖြစ်တယ်။ ဆုတောင်းရင်တောင် ငိုချလိုက်တာ ခဏခဏပဲ။ ကျနော် စဉ်းစားရင်းနဲ့ လမ်းတွေ ပေါ်လာတယ်။
စဉ်းစားရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ မလုပ်ရင် ဘယ်သူမှ လာလုပ်ပေးမှာ မဟုတ်ဘူး။ ဘယ်နေရာရောက်ရောက်၊ ဘယ်နိုင်ငံရောက်ရောက် ကိုယ့်လူမျိုးကိုတော့ ဘယ်တော့မှ မမေ့သင့်ဘူး။ အဲဒါ မဟုတ်ဘူးဆိုရင် ကျနော်တို့ ချင်းပြည်နယ်ရဲ့ အနာဂတ်ဟာ ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ အနာဂတ်အတွက် အားလုံး တတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်သွားပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်။
သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Monday, February 9, 2009
ဝိုင်းဝန်းအကူအညီ လိုအပ်နေသည့် ချင်း အစာရေစာ ခေါင်းပါးမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment