စစ်ကျန်ဘတ်စ်ကားများအား မြို့တော်အင်္ဂါရပ်နှင့်မညီဟုဆိုကာ ဖေဖော်ဝါရီ (၂) ရက်မှစ၍ ရန်ကုန်မြို့တွင်းသို့ ၀င်ခွင့်မပြုတော့ကြောင်း ယာဉ်ပိုင်ရှင်တဦးက ပြောသည်။
“မထသအစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်တာတဲ့။ ကျနော်တို့ ချက်ကြီး (Chevrolet) ကားတွေ မြို့ထဲ မ၀င်ရတော့ဘူး။ နဂိုကမှ ၀င်ငွေကျနေရတဲ့အထဲ အခုလို ကန့်သတ်လိုက်တော့ ပိုဆိုးသွားတာပေါ့ဗျာ။ ကျနော်တို့ (၃၉) လိုင်းတွေက သူတို့မြို့တွင်းဧရိယာလို့ သတ်မှတ်ထားတဲ့ (၆) မြို့နယ်တောင် မဟုတ်ဘူး။ တာမွေအခွန်လွတ်ဈေးထိပဲ သွားလို့ရတော့တာ။ တောင်ဒဂုံကနေ အခွန်လွတ်ဈေးဆိုဂိတ်ဆုံးပြီ။ ဆက်သွားချင် ပြောင်းစီး” ဟု ယာဉ်ပိုင်ရှင်တဦးက ပြောသည်။
ဒုတိယကမ္ဘာစစ်ကျန်ဘတ်စ်ကားများအား မြို့တွင်း (၆) မြို့နယ်နှင့် ထိစပ်မြို့နယ်များအတွင်းသို့လည်း ၀င်ခွင့်မပြုတော့ခြင်းကြောင့် အဆိုပါယာဉ်ပိုင်ရှင်များ ၀င်ငွေကျဆင်းသွားကာ ခရီးသည်များလည်း အခက်တွေ့ကြရသည်ဟု ဒေသခံများက ဆိုသည်။
“မသိဘူးဗျာ။ အဲဒီနေ့ကျမှသိတာ။ ဒီအထိပဲ ရောက်မယ်ဆိုတော့ နောက်တစီး ပြောင်းစီးရတာပေါ့။ ခရီးသည်တွေကို ကြိုတင်အသိပေးတာလည်း မရှိဘူး။ အစိုးရကတော့ သူပြောင်းချင်တဲ့အချိန် ပြောင်းချလိုက်တာပဲ။ အခုလိုပြောင်းလိုက်တော့ နှစ်ဆင့်ပြောင်းစီးမှကို ရောက်မယ့်သူတွေအတွက် ကားခပိုကုန်တာပေါ့။ နောက်ပြီး တခြားလိုင်းတွေမှာ လူပိုကြပ်သွားတာပေါ့။ အနည်းဆုံးအားဖြင့်တော့ ပြောင်းမယ်ဆိုရင်တောင် ခရီးသည်တွေကို ကြိုတင်ထုတ်ပြန်အသိပေးသင့်တယ်” ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ရန်ကုန်မြို့နေလူထုသည် လိုင်းကားကိုသာ အဓိကထားသွားလာနေကြရရာ ၂၀၀၇ ခု သြဂုတ်တွင် အစိုးရက လောင်စာဆီဈေးမြှင့်တင်ပြီး မြို့တွင်းပြေး လိုင်းကားခဈေးနှုန်းများကိုလည်း တိုးမြှင့်ခဲ့သည်မှအစပြု၍ စက်တင်ဘာဆန္ဒပြမှု ဖြစ်ပွားခဲ့ရသည်။
ထို့နောက်ပိုင်းတွင်လည်း မော်တော်ယာဉ်လိုင်းကြောင်းများ ပြောင်းလဲပြေးဆွဲခြင်း၊ မှတ်တိုင်ပြောင်းခြင်းများကို မကြာခဏပြုလုပ်နေခြင်းကြောင့် ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ကြရကြောင်း၊ ပြင်ပလောင်စာဆီ ဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် အဝေးပြေးကားခများ ဈေးလျော့ကျသွားသော်လည်း အစိုးရ စီအန်ဂျီသုံး လိုင်းကားများမှာ ဈေးချပေးခြင်းမရှိသေးကြောင်း ရန်ကုန်လူထုက ပြောသည်။
No comments:
Post a Comment