သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Monday, December 15, 2008

စပါးဈေးကျပြီး အထွက်နှုန်းမကောင်းသည့်အတွက် တောင်သူများ အခက်ကြီးကြုံနေရ

ဘိုကလေးမြို့နယ်အတွင်း စပါးအထွက်နှုန်း မကောင်းသည့်အပြင် စပါးဈေး အဆမတန် ကျဆင်းနေသဖြင့် ဒေသခံ စပါးစိုက်လယ်သမားမှာ အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေရသည်။

စပါးအထွက်နှုန်းမှာ တဧကခွဲကို (၂၅) တင်းနှုန်းသာ ထွက်ရှိသည့်အပြင် စပါးဈေးမှာလည်း ပြီးခဲ့သည့်နှစ်ကထက် ၃ ပုံ ၁ ပုံထိ ကျနေသည့်အတွက် လယ်သမားများမှာ နောက်ထပ် နွေစပါးစိုက်ပျိုးနိုင်ခြင်း မရှိသည့်အခြေအနေကို ရောက်ရှိနေကြသည်။


“စပါးတွေက လက်တဆုပ်စာယူရင် အနည်းဆုံး သုံးပုံတပုံလောက်က အဖျင်းတွေဖြစ်နေတယ်၊ အဲဒါ မိုးစပါး၊ ဈေးနှုန်းလည်းမကောင်း အထွက်နှုန်းကလည်းကျတော့ အခြေအနေမကောင်းဘူး၊ ဘာကြောင့်လဲဆိုတော့ ငွေကြေးပြည့်စုံမှ နောက်ထပ်စိုက်လို့ရမှာ၊ ဒီငွေကြေးလောက်နဲ့က စိုက်လို့မရဘူး၊ အဲလိုတွေဖြစ်နေတာ”ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် စပါးပေါက်ဈေးမှာ တင်းတရာလျှင် ကျပ်သုံးသိန်းခွဲနှင့် လေးသိန်းအကြားရှိရာမှ ယခု စပါးပေါ်ချိန်တွင် ကျပ် နှစ်သိန်းသုံးသောင်း ဝန်းကျင်အထိ ကျဆင်းနေလျှက်ရှိပြီး စပါးဝယ်ယူနေသည့် စက်ပိုင်ရှင်များလည်း အရှုံးပေါ်နေသည်။

“နှစ်သိန်းသုံးသောင်းဆိုတာက ဘိုကလေးမြို့ပေါ်က စက်တစက်က ပေးဝယ်တာ၊ ကျန်တဲ့စက်တွေက မဝယ်ဘူး၊ သူတို့လဲ ရန်ကုန်တက်ရောင်းရင် ရှုံးတယ်၊ ဒီဈေးနဲ့ဆို တနေ့ကို နှစ်သိန်းလောက်ထိတာ၊ စက်တွေကလဲ လယ်သမားတွေ နစ်နာမှာစိုးလို့ အဲဒီဈေး ပေးဝယ်တာ၊ စက်သမားတွေလဲ မကိုက်ဘူး”ဟု အဆိုပါ လယ်သမားက ဆက်ပြောသည်။

ထို့အပြင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဒနှောင်းကုတ်၊ မရမ်း၊ အမာ၊ မလကာ၊ ကျုံတာကျောင်းစု စသည့် ကျေးရွာအုပ်စုများတွင် စပါးနှံများမှာ မှိုများထွက်ပြီး စပါးအထွက်နှုန်း သုံးပုံတပုံမှာ စပါးအဖျင်းများဖြစ်နေကြောင်း ဒေသခံလယ်သမားက ပြောသည်။

“လယ်က သက်ကြီး သက်လတ် သက်ငယ်တွေ မှိုလိုက်နေတယ်၊ စပါးက သီးခါနီး စပါးနှံတွေက ကွဲထွက်လာပြီး မှိုဖြစ်ပြီး မဲသွားတာ၊ အဲလိုဖြစ်တာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောဆိုပေးတာကို မရှိတာ၊ အဲဒီလယ်တွေမှာ သုံးပုံတပုံက သုံးမရတော့ဘူး၊ အရင်တုန်းက ဒီလိုမဖြစ်ဖူးဘူး”ဟု တောင်သူက ဆက်ပြောသည်။

အဆိုပါ တိုက်နယ်များအတွင်းရှိ ကျေးရွာတရွာတွင် စပါးစိုက်ဧက (၁၂၀၀) ကျော်ခန့်ရှိပြီး ဒိုင်နယ်အလိုက်ဆိုပါက ဧကပေါင်း သောင်းချီ၍ ပျက်စီးကုန်သည့်အပြင် စပါးတဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ငွေ (၅၀,၀၀၀) အထက်ရှိသည့်အတွက် နောက်ထပ် စိုက်ပျိုးရန် တောင်သူများမှာ အခက်အခဲတွေ့နေရသည်။

“ဒိုင်နယ်အလိုက်ဆို ဧက မနည်းဘူး၊ စပါးကလဲ ဈေးမရ၊ စီးပွားရေးပျက်ကပ်ကလဲ ကြုံ၊ အားလုံးစုခံရမဲ့ အနေအထားကို ရောက်နေပြီ၊ နောက်စပါးစိုက်ဖို့ ရပ်တည်ဖို့ မရတော့ဘူး၊ ပထမအထွက်နှုန်းနဲ့ ဈေးက နောက်စပါးအတွက် လုံးဝမဖြစ်နိုင်တော့ဘူး”ဟု တောင်သူတဦးက ပြောသည်။
(ရိုးမ ၃)

No comments: