ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်ရိက္ခာပို့ရန်အတွက် ရွာသားများကို လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်နေသည်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှ ဘောကထ၊ ဝါကီးနှင့် ပဒဲကောကျေးရွာအုပ်စုများမှ ကျေးရွာတာဝန်ရှိသူများကို ယခုလ (၁၀) ရက်နေ့တွင် တပ်ရင်း (၁၀၁) က လုပ်အားပေးလိုက်ရန် ဆင့်ခေါ်အကြောင်းကြားခဲ့သည်။
လုပ်အားပေးသွားရမည့် ခရီးမှာ (၃) ရက်ခန့်သွားရမည်ဖြစ်ပြီး
နအဖ ရှေ့တမ်းစစ်စခန်း သုံးခုအတွက် ရိက္ခာများ ပို့ပေးရမည်ဖြစ်သည်။
“မဖြစ်မနေသွားရမယ်၊ ကျနော်တို့ကိုတော့ အတိအကျကို ခေါ်နေတာ၊ တကယ်လို့ မသွားရင် တယောက်အတွက် တသောင်းနှစ်သောင်းလောက် အနည်းဆုံးပေးရမယ်၊ ကျနော်တို့က စိုက်ပျိုးရေးလုပ်တာ၊ အလုပ်မလုပ်ရဘဲ သူတို့ ခိုင်းတာတွေပဲ လုပ်နေရတာ”ဟု ဘောကထကျေးရွာသားတဦးက ပြောသည်။
စစ်တပ်က ဆင့်ခေါ်ထားသည့် လူဦးရေနှင့် လှည်းအရေအတွက် မရရှိပါက လူတဦးလျှင် ကျပ်ငွေတသောင်းနှင့် လှည်းတစီးအတွက် ကျပ်ငွေတသောင်း ဒဏ်ငွေရိုက်မည်ဟု အမိန့်ထုတ်ခိုင်းစေခဲ့ခြင်းကြောင့် ကျေးရွာသားများ အခက်တွေ့နေရသည်။
“အခုလောလောဆယ် ဘောကထမှာ ထိုင်ထားတဲ့ တပ်ကနေ ရိက္ခာပို့ဖို့ ဒေသတွင်းက ကျေးရွာအုပ်စုတအုပ်စုကို လှည်း (၅၀) နဲ့ လူ (၅၀) ပေးရမယ်လို့ ရွာလူကြီးကို ခေါ်ပြောတာ၊ ဒီဇင်ဘာလ (၁၃) ရက်နေ့က ဘောကထကျေးရွာအုပ်စုထဲက ကျေးရွာတွေက ရွာသားတွေ ရိက္ခာပို့ဖို့ လုပ်အားပေးသွားရတယ်”ဟု ဒေသခံရွာသားက ပြောသည်။
ယခုကဲ့သို့ စစ်တပ်မှ လုပ်အားပေး ခေါ်ယူခိုင်းစေနေခြင်းများကြောင့် ရွာသားများမှာ လယ်ယာ၊ တောင်ယာလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်။
(ရိုးမ ၃)
No comments:
Post a Comment