သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Tuesday, December 9, 2008

ဘက်ပေါင်းစုံ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး

ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုနဲ့အတူ မြန်မာ့စီးပွားရေးဟာလည်း ကျဆင်းလာနေပါပြီ။ ဒါဟာ ၁၉၉၇ ခု အာရှငွေကြေးစီးပွားကပ်အပြီးမှာ မြန်မာနိုင်ငံ အဆိုးဆုံးရင်ဆိုင်နေရတဲ့ အနေအထားဖြစ်ပါတယ်။

“မြန်မာ့စီးပွားရေးမှာ နိုင်ငံခြားငွေအများဆုံး ရှာဖွေပေးနေတာက သဘာဝဓာတ်ငွေ့ပေါ့။ ဒါပေမယ့် ဒါက အစိုးရပိုင်လုပ်ငန်းဆိုတော့ ဒီကဏ္ဍကို ခဏဖယ်ထားပြီး ပုဂ္ဂလိကနဲ့ သက်ဆိုင်တာကိုပဲ ကြည့်မယ်ဆိုရင်တော့ ၀င်ငွေအများဆုံး ရှာပေးတာက သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနဲ့ စက်မှုလက်မှုလုပ်ငန်းတွေ အဆင့်ဆင့် ရှိမှာပေါ့။ အခုအခြေအနေက သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေလည်း အခက်ကြုံနေကြရပြီ။ တခြားလုပ်ငန်းတွေကလည်း ကျဆင်းလာနေတယ်။ ဒါတွေကို ပြန်လည်တည့်မတ်ဖို့ဆိုတာ တော်တော်လေးအချိန်ယူရလိမ့်မယ်” လို့ စီးပွားရေးပညာရှင်တဦးက ခန့်မှန်းပြောဆိုပါတယ်။

တကယ်တော့ မြန်မာ့စီးပွားရေးလုပ်ငန်းအချို့ဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု မတိုင်မီကတည်းက ကျဆင်းနေခဲ့တာပါ။ ၂၀၀၇ စက်တင်ဘာ သံဃာတော်များ မေတ္တာပို့ ဆုတောင်းပွဲကို နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီးကတည်းက ကျဆင်းလာခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ နာဂစ်ဖြစ်ပြီးချိန်ကစလို့ နာလန်မထူနိုင်တော့တာ အခုထိပါပဲ။

ဒီလိုနာဂစ်ဖြစ်ပြီးချိန်မှာပဲ နအဖရဲ့ မမှန်ကန်တဲ့ ငွေကြေးလဲလှယ်ရေးစနစ်ကြောင့် နိုင်ငံတကာလှူဒါန်းငွေတွေ ဆုံးရှုံးနစ်နာရမှုတွေ ဖြစ်ပေါ်လာလို့ အက်ဖ်အီးစီတန်ဖိုး မြှင့်တင်ဖို့ လောင်စာဆီကို အက်ဖ်အီးစီနဲ့ ၀ယ်ယူခွင့်ပြုလိုက်ချိန်မှာ ပြင်ပလောင်စာဆီဈေးကွက်ဟာလည်း ကမောက်ကမ ဖြစ်သွားခဲ့ရပါတယ်။

“အဲဒီအချိန်ကတည်းက အရောင်းအ၀ယ်မကောင်းခဲ့တာဗျာ။ အခုလို ကမ္ဘာ့လောင်စာဆီဈေးကပါ ကျဆင်းလာတော့ ဆိုင်ကို ပိတ်ပစ်လိုက်ပြီ။ ပြင်ပ ဆီဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကောက်ဈေးက (၃) ထောင်ပဲရှိတော့ ဆီထုတ်ရောင်းတဲ့ ကားလည်း မရှိတော့ပါဘူး။ တချို့ဆို သွားကို မထုတ်ကြတော့တာ” လို့ လောင်စာဆီ လက်လီရောင်းဝယ်နေသူတဦးက ပြောပါတယ်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်းကျဆင်းလာချိန်မှာ အက်ဖ်အီးစီနဲ့ ရောင်းချပေးနေတဲ့ လောင်စာဆီဈေး ချထားပေးတယ်ဆိုပေမယ့် မြန်မာကျပ်ငွေနဲ့ ရောင်းတဲ့ လောင်စာဆီဈေးနှုန်းကိုတော့ ချထားပေးခြင်းမရှိပါဘူး။

မြန်မာ့စီးပွားရေးကို အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို နှစ်ပိုင်းခွဲခြားရှုမြင်ပါက အထက်မြန်မာနိုင်ငံဟာ အဓိကပို့ကုန်ဖြစ်တဲ့ ပဲဈေးကွက်အပေါ်တွင် များစွာ တည်မှီနေပြီး အောက်မြန်မာနိုင်ငံမှာတော့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများက အခရာကျတယ်လို့ စီးပွားရေးပညာရှင်က ဆိုပါတယ်။

အခုချိန်မှာတော့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေထဲက အဓိကကျတဲ့ ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းတွေဟာလည်း ကျဆင်းလာနေပြီလို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ အစည်းအဝေးက အသံတွေထွက်ပေါ်လာပါပြီ။ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် ဥရောပကို မြန်မာ့ရေထွက်ပစ္စည်း ကြားခံတင်ပို့ရာတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လမ်းကြောင်း ရေပိုင်နက်အငြင်းပွားမှုကြောင့် တင်ပို့မှုတွေ ရပ်တန့်ခဲ့ရတာဟာလည်း မြန်မာရေလုပ်ငန်းရှင်တွေအတွက် မြွေပူရာကင်းမှောင့်ဖြစ်ခဲ့ရတဲ့ အချက်တခုပါပဲ။

တပြိုင်နက်တည်းမှာပဲ အထည်ချုပ်ပို့ကုန်လုပ်ငန်းဟာလည်း ကျဆင်းလာနေတာပါ။ ကုန်ကြမ်းယူ ကုန်ချောပြန်ပို့စနစ်နဲ့ လည်ပတ်နေတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်း အဓိကတည်မှီထားတာက ဂျပန်ဈေးကွက်ပါ။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းလာမှုနဲ့အတူ အလုပ်သမားဝတ်စုံ အော်ဒါရရှိမှုဟာလည်း ကျဆင်းလာနေတယ်လို့ ပြည်တွင်းဂျာနယ်တစောင်က အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးရဲ့ အပြောကို ကိုးကားရေးသားထားပါတယ်။ ရန်ကုန်မြို့က အထည်ချုပ် စက်ရုံအတော်များများ နိုင်ငံခြားအော်ဒါတွေ ရပ်ကုန်တဲ့အတွက် ၀န်ထမ်းလျှော့ရတဲ့အဖြစ်မျိုးတွေ ကြုံနေရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတခုဖြစ်တဲ့ အလူမီနီယံ လုပ်ငန်းရှင်တဦးကလည်း “furniture လေးတွေပဲ ဖျောက်ဖျောက် ရောင်းထွက်နေရာကနေ အခုရက်ပိုင်းတွေမှာ ဈေးဦးမပေါက်တဲ့ ရက်တွေတောင်ရှိလာပြီ။ နှစ်ကုန်အထိ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ဆိုင်ကအလုပ်သမားတချို့ကို ရွာပြန်ခိုင်းရမယ်။ အခုက တရက်တရက် အလုပ်သမားကျွေးစရိတ်ကိုတောင် ကိုယ့်အိတ်ထဲက ပြန်ထုတ်နေရပြီလေ” လို့ ၎င်းတို့ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောဆိုပါတယ်။

အထက်မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောတခုဖြစ်တဲ့ ပဲဈေးကွက်ဟာလည်း အိန္ဒိယက ၀ယ်ယူမှုဆိုင်းငံ့ထားချိန်မှာ ပြိုဆင်းသွားခဲ့ပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူ ပွဲရုံအချို့က အလုပ်သမားတွေ အလုပ်မရှိကြတော့တဲ့ အခြေအနေကိုတောင် ဆိုက်ရောက်နေပြီလို့ စုံစမ်းသိရှိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်းမှာလည်း ကြိုပွိုင့်ရောင်းဝယ်မှုတွေကြောင့် ကုန်သည် (၃) ဦး တိမ်းရှောင်နေရပါတယ်။ ကြိုပွိုင့်ရောင်းဝယ်မှုတွေကြောင့် သိန်းပေါင်းသိန်းချီတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်အသင်းဝင်တချို့က ပြောဆိုပါတယ်။

“အဲဒီတိမ်းရှောင်သွားတဲ့ (၃) ဦးထဲက (၁) ဦးဟာ စင်ကာပူ စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာကစားနေတဲ့သူဗျာ။ ဟိုဘက်မှာ သူကစားနေတဲ့ ရေနံဈေး၊ ရွှေဈေးတွေ ပြုတ်ကျလာတော့ သူလည်းမခံနိုင်တော့ဘူး။ သွားတာပဲ” လို့ အတွင်းသိ ပွဲစားတဦးက ပြောပါတယ်။

ဒီလိုစီးပွားရေးလုပ်ငန်းအများစု ကျဆင်းလာချိန်မှာပဲ နအဖဟာ ၎င်းတို့ ဘဏ္ဍာငွေပြည့်တင်းရေးအတွက် နိုင်ငံပိုင်သိမ်းဆည်းထားတဲ့ ကားတွေကို လေလံတင်လိုက်တဲ့အတွက် ကားဈေးကွက်ပျက်သွားခဲ့ရပြီး ကားဝယ်ရောင်းနဲ့ ပွဲစားတွေလည်း ဆောက်တည်ရာမရ ဖြစ်ကုန်ကြရပြီလို့ သတိပဌာန်လမ်းမှ ကားဝယ်ရောင်းတဦးက ဆိုပါတယ်။

“ကျနော်တို့တင်မဟုတ်ဘူး။ စက်မှုဇုန်တွေက ကားထုတ်လုပ်သူတွေလည်း အကျပ်တွေ့ကုန်ကြတယ်။ အစိုးရပေါ်လစီက မငြိမ်တော့ အလုပ်လုပ်ရတာ ခက်တာပေါ့။ သူတို့က သူတို့ဖြစ်ချင်တာကိုပဲကြည့်တယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်တာမဟုတ်ဘူး” လို့ လည်း သူက ဆက်ပြောပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ နအဖကတော့ ၎င်းတို့ရဲ့ ဘဏ္ဍာငွေပြည့်တင်းရေးအတွက် ဆိုင်ကယ်လိုင်စင်ချထားမှု၊ သိမ်းဆည်းကား လေလံတင်မှု၊ ရတနာပုံ ဆိုက်ဘာစီးတီး မြေနေရာ ရောင်းချမှုတွေနဲ့ ငွေအလုံးအရင်းရနိုင်မယ့် ကဏ္ဍတွေကို လုပ်နေတာဟာ တိုင်းပြည်စီးပွားရေး ဘာမှမဖြစ်သလို သဘောထားတဲ့ပုံ ပေါက်နေပါတယ်လို့ ရှုမြင်ကြတာတွေလည်း ရှိပါတယ်။ လူထုဆီက ငွေကို နအဖက ဘယ်လောက်အထိ ဆွဲသိမ်းနိုင်မယ်ဆိုတာကတော့ လူထုရဲ့ ပါးနပ်စွာ ရှောင်တိမ်းနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ စီးပွားရေးပညာရှင်က ပြောကြားပါတယ်။

ဒီလို မြန်မာ့စီးပွားရေးကျဆင်းလာမှုဟာ ဘယ်အချိန်ကာလလောက်မှ ပြန်လည်ဦးမော့လာမယ်ဆိုတာကို ဘယ်သူကမှ မှန်းဆချက်မပေးနိုင်ကြပေမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မှသာ ပိုမိုမြန်ဆန်လာမယ်လို့ အားလုံးက ယူဆနေကြပါတယ်။

(ခေတ်ပြိုင်)

မင်းနိုင်သူ/ ၂၆ နိုဝင်ဘာ ၂၀၀၈ တွင် တင်ထားသည်......

No comments: