သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, February 19, 2009

မပြီးဆုံးသေးသည့် တိုက်ပွဲ

ဒဏ်ရာအနာတရ ရှိခဲ့ရသော်လည်း အားမလျှော့ စိတ်မယိုင်လဲဘဲ မြန်မာ့ တပ်မတော်သားဟောင်း ရဲဘော်တဦးက မတူကွဲ ပြားသည့် နောက်ထပ် စစ်မျက်နှာတခုတွင် ဆက်လက်တိုက်ပွဲ ၀င်လျှက်ရှိသည်။

၂၀၀၈ ခုနှစ် ဇွန်လ၊ အသက် ၄၆ နှစ် အရွယ်ရှိပြီဖြစ်သူ ကိုမျိုးမြင့်က ထိုင်း- မြန်မာနယ်စပ်ရှိ အုန်းဖျံ ဒုက္ခသည်စခန်း ဂိတ် ပေါက်ကို ဖြတ်၍ လျှောက်ထွက်လာသည်။ သူက ဘန်ကောက်ကို ဆက်သွားမည်။ ပြီးလျှင် ဘ၀တွင် ပထမဦးဆုံးအကြိမ် လေယာဉ်ခရီးအဖြစ် ကီလိုမီတာ ၁၉,၀၀၀ (မိုင် ၁၂,၀၀၀ ကျော်) အကွာ အမေရိကန်ပြည်သို့ သွားရန် ဖြစ်သည်။
[၂၀၀၈ ခုနှစ် ဇွန်လ က အုန်းဖျံ ဒုက္ခသည်စခန်းတွင်တွေ့ရသော ကိုမျိုးမြင့် (ဓာတ်ပုံ - နစ်က် ဒန်းလော့ပ်)]

၂၀၀၈ ခုနှစ် ဇွန်လ က အုန်းဖျံ ဒုက္ခသည်စခန်းတွင်တွေ့ရသော ကိုမျိုးမြင့် (ဓာတ်ပုံ - နစ်က် ဒန်းလော့ပ်)

နောက်နာရီတချို့ကြာပြီးသည့်အခါ အင်ဒီးယားနားပြည်နယ်၏ စိုထိုင်းထိုင်းညနေခင်းတွင် နှစ်ပေါင်း ၂၀ နီးပါး ကွဲကွာနေခဲ့ သည့် သူ၏ ညီဖြစ်သူကို ပြန်လည်တွေ့ဆုံရတော့မည်။

စိတ်လှုပ်ရှား ရင်ခုန်ကြရသည့် မိသားစုပြန်လည်တွေ့ဆုံပွဲက ပြင်းထန်ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည့် ဘ၀တစိတ်တပိုင်း ကို တခန်းရပ် အနားရစေနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နောက်ထပ် အစိမ်းဖြတ် ဖြတ်သန်းရမည့် ဘ၀သစ်က သူ့ကို စောင့်ကြိုနေသည်။ ကိုမျိုးမြင့်က သူလိုကိုယ်လို ဒုက္ခသည်တဦးလည်း မဟုတ်ပါ။

ကိုမျိုးမြင့်သည် လူငယ်ဘ၀မှာ မြန်မာ့တပ်မတော်ထဲသို့ ၀င်ခဲ့သည်။ ကြောက်မက်ထိတ်လန့်ဖွယ် ဖြစ်ရပ်များကို သူကြုံတွေ့ ခဲ့ရသလို တိုက်ပွဲတခုတွင် သူ၏ခြေထောက်တချောင်း ဆုံးရှုံးခဲ့ရသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်လာသည့်အခါ သူ လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းစွာ အပြောင်းအလဲများဖြစ်လာစေရေးအတွက် သူနှင့်ယခင်က အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည့် စစ်သားများကို သူကမေတ္တာရပ်ခံပန်ကြားခဲ့သည်။ နောက်ဆုံး သူအဖမ်းခံရပြီး နှိပ်စက် ညှဉ်းပန်းခံရသည်။ ဒီမိုကရေစီအုံကြွမှုကြီးတွင် ပါဝင်မှုကြောင့် သူ ၁၅ နှစ်ကြာ ထောင်ချခံခဲ့ရသည်။

ကိုမျိုးမြင့်က စစ်သားမျိုးရိုး မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူ၏ဖခင်ကလည်း စစ်သားတဦးဖြစ်သလို၊ သူငယ်စဉ် ဘ၀ကလည်း စစ်သားများကို ကြည့်၍ ငေးမောအားကျဖူးသည်။ စစ်သားများက သေသေသပ်သပ် ကြည့်၍ကောင်းသလို လေးစားဖွယ်ဟု သူက မြင်ခဲ့သည်။

"ပြန်ပြောရရင် အဲဒီအချိန်တုန်းက လူတွေက လေးစားပြီး ဆက်ဆံကြတာနဲ့ ကြောက်ပြီး နာခံနေကြတာကို ကျနော်မခွဲခြား တတ်ခဲ့ဘူး"ဟု သူက ပြောသည်။

ကိုမျိုးမြင့် စစ်ထဲဝင်ပြီးနောက် မေမြို့တွင် သင်တန်းတက်ရသည်။ ထို့နောက် ကွန်မြူနစ်သူပုန်များကို ထိုးစစ်ဆင်သည့် ထိုး စစ်ကြီးတခုအတွက် ရှေ့တန်းသို့ အပို့ခံရသည်။ ပြင်းထန်ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတွင် တကယ့်စစ်သားတဦး၏ ဘ၀ ကြမ်းကိုလည်း သူက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည်။

သူ၏ရဲဘော်များ သူ့နံဘေးနားတွင် ကျဆုံးသွားသည်ကို မြင်ရသည်။ ဒဏ်ရာကြီးမားစွာဖြင့် ကျဆုံးကုန်ကြသည်။

"အဲဒီမှာ ကျနော် စစ်ထဲမ၀င်ခဲ့သင့်ဘူးလို့တောင် စဉ်းစားမိလာတယ်"ဟု သူက ပြောသည်။

သူလိုက်ပါခဲ့ရသည့် တပ်ဖွဲ့က ရွာသားများကို ရှေ့ကထား၍ မိုင်းရှင်းစေရန် အတင်းအကျပ်ခိုင်းစေခဲ့သည်ကိုလည်း သူမြင် ခဲ့ရဖူးသည်။ သူတို့ရှေ့တွင်ပင် လူအမြောက်အများ အစိတ်စိတ် ပြတ်တောက် လွင့်စင်သွားကြသည်ကိုလည်း မြင်ခဲ့ရသည်။

သူနှင့်အတူ တိုက်ဖော်တိုက်ဖက် ရဲဘော်များက လူတယောက်ကို ကြက်ကလေး၊ ငှက်ကလေးလို သတ်ဖြတ်ပစ်သည်ကို လည်း သူလက်ပိုက်ကြည့်နေခဲ့ရသည်။ အမျိုးသမီးများကို မုဒိမ်းပြုကျင့်ကြ၊ ရွာသားများကို နှိပ်စက်ညှဉ်းပန်းကြသည်မှာ လည်း မမြင်ချင်မှအဆုံးဟု သူက ပြန်ပြောပြသည်။

"ကျနော် အပြစ်မကင်းသလို ခံစားရတယ်၊ ဒီ ကိစ္စတွေအတွက် တာဝန်ရှိတယ်လို့ ထင်လာတယ်၊ ဒါပေမယ့် ကျနော်က ဘာတခုမှ ရက်စက်တာတွေ မလုပ်ခဲ့ပါဘူး"ဟု ကိုမျိုးမြင့်က ပြောသည်။

တိုက်ပွဲတခုတွင် ဗုံးဆန်တခု ဘေးနားမှာ ပေါက်ကွဲသည်ကိုလည်း ကြုံရသည်။ မိုင်းတင်းကျမ်းပြည့်နေသည့် မိုင်းကွင်းကို လည်း ဖြတ်ရသည်။ သူ၏ လက်တဘက်၊ ခြေထောက်တဘက် မိုင်းဒဏ်ရာ ဗုံးဒဏ်ရာများဖြင့် ဆုံးရှုံးခဲ့ရသည်။

သူ့ကို စစ်တပ်က အလိုမရှိတော့သည့်နောက်ပိုင်း အသက် ၂၅ နှစ်အရွယ်သာ ရှိသေးသည့် ကိုမျိုးမြင့်ကို စစ်တပ်မှ ထုတ် ပယ်လိုက်ပြီး ပင်စင်လစာ အနည်းငယ် ထောက်ပံ့ပေးခဲ့သည်။

သူက စာအုပ်ဆိုင်တခုဖွင့်ပြီး ရပ်တည်ရေး ရုန်းကန်ရသည်။ သည်အချိန်တွင် သူက ကမ္ဘာ့စာပေကြီးများကို စိတ်ဝင်စား လိုက်စားလာခဲ့သည်။ ဒါဝင်၏ "မျိုးစိတ်များ၏ မူလအစ" (The Origin of the Species)၊ တော်လ်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး စသည့် နာမည်ကျော် စာအုပ်ကြီးများအပြင်၊ သူလေးစားရသည့် သူ့ဘ၀၏ သူရဲကောင်းတဦးဖြစ်သော အီဗရာဟင် လင်ကွန်း၏ အတ္ထုပ္ပတ္တိ အပါအ၀င် အတ္ထုပ္ပတ္တိအတော်များများကိုလည်း သူဖတ်ခဲ့သည်။

သူက မြန်မာနိုင်ငံသမိုင်းနှင့် ပဋိပက္ခများ မည်သည့်အတွက်ကြောင့် ဖြစ်လာရသည်ကိုလည်း သိရှိလိုစိတ် ဆာလောင်ပြင်း ပြလာခဲ့သည်။

၁၉၈၈ ခုနှစ်၏ မုန်တိုင်းထန်သည့် နေ့များအတွင်း ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကို နားထောင်ရပြီးနောက် သူက ဒေါ်စုဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦး ဖြစ်လာခဲ့သည်။ ဒေါ်စု နှင့်လည်း ကိုယ်တိုင်ကိုယ်ကျ အကြိမ်များစွာ သူဆုံခဲ့ရဖူးသည်။

သူက ရန်ကုန်မြို့ဆင်ခြေဖုံးရှိ စစ်စခန်း အများစုရှိရာ မင်္ဂလာဒုံတပ်နယ်တွင် ချိုင်းထောက်တဘက်နှင့် စင်ပေါ်တက်၍ လူ ထောင်ဂဏန်း ခန့်ရှိမည့် ဆန္ဒပြသူများကို မိန့်ခွန်းပြောသည်။ ပြည်တွင်းစစ်၏ ကြောက်မက်ဖွယ် အဖြစ်ဆိုးများကိုလည်း ပြောပြ ဖြစ်သည်။ ထိုအချိန်တွင် လက်နက်ကိုင်စစ်သားများက စောင့်ကြည့်နေကြပြီး သူကလည်း ထိုသူများကို အဓိက ပစ်မှတ်ထား၍ မိန့်ခွန်းပြောဖြစ်သည်။

"သာမန်အရပ်သားတယောက်က စစ်သားတယောက်ကို စကားပြောရတာက တမျိုးဖြစ်လိမ့်မယ်။ ဒါပေမယ့် အရင် စစ်သား ဟောင်းတယောက်၊ ဒုက္ခိတတယောက်က စကားပြောရင်တော့ ပိုထူးခြားလိမ့်မယ်ဆိုတာ ကျနော် တွေးမိလာတယ်"ဟု သူ က မှတ်မှတ်ရရ ပြန်ပြောပြသည်။

"ကျနော် စကားပြောတော့ အင်မတန်တုန်လှုပ်နေတယ်၊ တကယ်လို့ စစ်သားတွေက ပစ်ခတ်ပြီဆိုရင် ကျနော်တော့ ပထမ ဦးဆုံးပဲ"ဟု ကိုမျိုးမြင့်က ၀န်ခံသည်။

စစ်တပ်က ပစ်ခတ်မည့်အစား စစ်သား ၁၀၀ ခန့်က ဆန္ဒပြသူများနှင့် ပူးပေါင်းလာကြသည်။ နောက်တနေ့တွင် ပို၍ လူများ လာသည်။

"လူတွေကလည်း စစ်သားတွေ ပူးပေါင်းလာတော့ ၀မ်းသာနေကြတယ်၊ သူတို့အများစုက ယူနီဖောင်းဝတ်ပြီး ၀င်ဆန္ဒပြ ကြတယ်"ဟု သူက ပြောပြသည်။

ထိုအချိန်က အနာဂတ်အရေးအတွက် အကောင်းမြင်နေကြသည့်အချိန်က မကြာလှ။ တခဏတာသာ ခံခဲ့သည်။ ဗိုလ်ချုပ် နေ၀င်းက သူ့တပ်များကို ပြန်ဇက်ထိန်းချုပ်နိုင်ခဲ့ပြီး ဆန္ဒပြပွဲများကို ဖြိုခွဲနှိမ်နင်းစေခဲ့သည်။

ကိုမျိုးမြင့်သည် ရက်ရက်စက်စက် ဖြိုခွင်းချေမှုန်းမှုများမှ ကံကောင်းထောက်မ၍ လွတ်မြောက်နိုင်ခဲ့သော်လည်း၊ အာဏာ ပိုင်များက သူ့ကို ခြေရာခံလိုက်ခဲ့ကြသည်။ သူ့ကိုဖမ်းပြီး ရက်ပေါင်းများစွာ နှိပ်စက်မေးမြန်းခံရသည်။ နိုင်ငံကို သစ္စာဖောက် သည့် သစ္စာဖောက်တဦးလို မေးမြန်းစွပ်စွဲခဲ့ကြသည်။

"မင်းက စစ်သားဟောင်းတယောက်ဖြစ်ပြီး ဘာဖြစ်လို့ တပ်မတော်ကို ပြန်ဆန့်ကျင်ရတာလဲ"ဟု သူ့ကို စွပ်စွဲ၍ အော်ဟစ် ကြိမ်းမောင်းသည်။ သူ၏ ချိုင်းထောက်များကို ဖယ်ရှားပြီး အချိန်နာရီများစွာ ကြာမြင့်အောင် ခြေထောက်တဘက်တည်း ပေါ်တွင် အတင်းရပ်ခိုင်းသည်။

"သူတို့က ကျနော့်ကို ဆူပူကြိမ်းမောင်းကြတယ်၊ ကန်ကျောက်ရိုက်နှက်တယ်၊ မျက်နှာကို ထိုးကြိတ်တယ်၊ မင်းက စစ်သား ပဲ၊ ဘာဖြစ်လို့ စစ်တပ်ကိုကျေးဇူးကန်းတာလဲ။ ဘာဖြစ်လို့ တပ်မတော်ကို မင်းက သစ္စာဖောက်တာလဲနဲ့ သူတို့က ဆူပူကြ တယ်”ဟုလည်း သူက ပြောပြသည်။

ကိုမျိုးမြင့်ထောင်ကျနေစဉ် သူ၏ညီဖြစ်သူ ကိုရဲနိုင်က ထိုင်း- မြန်မာနယ်စပ်သို့ထွက်ပြေးလာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ABSDF အဖွဲ့သည် ၁၉၈၈ ခုနှစ်လူထု အုံကြွမှုနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုမှ တောထဲရောက်လာသူများက တည်ထောင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့လည်း ဖြစ်သည်။ သူတို့က လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကရင်နှင့် မွန်လက်နက်ကိုင် သူပုန်များက ထောက်ပံ့ အားပေးခဲ့ကြသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ ရှေ့တန်းများတွင် ကိုရဲနိုင်သည် တချိန်က သူ၏ဖခင်၊ သူ၏အစ်ကိုတို့ တာဝန်ထမ်းခဲ့ကြသည့် မြန်မာစစ်တပ်နှင့် ပြန်လှန်တိုက်ခိုက်ခဲ့ရသည်။ နှစ်အတန်ကြာ သူတောထဲတွင် တိုက်ပွဲဝင်ခဲ့ပြီး အမေရိကန်သို့ ပြောင်းရွှေ့
အခြေချလာခဲ့သည်။ ယခုတော့ အမေရိကန်ပြည်၊ ဖို့တ်ဝိန်းမြို့ပြင်ရှိ စက်ရုံတရုံတွင် သူရော၊ သူ၏ဇနီးပါ အလုပ်လုပ်ကိုင် နေကြသည်။

မြန်မာနိုင်ငံရှိထောင်ထဲတွင် ၁၅ နှစ်ကြာ ဖြတ်သန်းခဲ့ရပြီးနောက် ကိုမျိုးမြင့် ပြန်လွတ်လာပြီး ထိုင်း-မြန်မာနယ်စပ်သို့ ထွက် လာခဲ့သည်။ သူက ထိုင်းနိုင်ငံကို ဖြတ်ကူးပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအရေးကို ကူညီပေးနေသည့် နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွင် အချိန်ကာလတခု ကူညီလုပ်ကိုင်ပေးခဲ့ပေးသည်။

နောက်ပိုင်းတော့ သူက ဒုက္ခသည် ၁၉,၀၀၀ ကျော် ခိုလှုံနေထိုင်ရာ အုန်းဖျံဒုက္ခသည်စခန်းသို့ ၀င်ရောက်ခဲ့သည်။ ထိုဒုက္ခ သည်များက မြန်မာစစ်တပ်၏ မြေလှန်စစ်ဆင်ရေးထိုးစစ်များကြောင့် ထွက်ပြေးလာကြရသူများ ဖြစ်သည်။ ထိုစခန်းမှ တဆင့် အမေရိကန်ပြည်ထောင်စုသို့ သူပြောင်းရွှေ့အခြေချလာခဲ့ခြင်း ဖြစ်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော် အမေရိကားကို မသွားချင်ဘူး"ဟု ကိုမျိုးမြင့်က စခန်းထဲတွင် သူပိုင်ဆိုင်သမျှ ပစ္စည်းများကို ထုပ်ပိုးနေရင်း ဒီမိုကရေစီလှုပ်ရှားမှုထဲရှိ သူ့မိတ်ဆွေများကို နောက်ဆုံးနှုတ်ဆက်နေရင်း ပြောသည်။ သူ့ မိတ်ဆွေအများစုကလည်း တချိန်က မြန်မာစစ်အစိုးရ၏ အကျဉ်းထောင်အတွင်းတွင် အတူဒုက္ခခံစားခဲ့ကြရသူများလည်း ဖြစ်သည်။

"ဘာဖြစ်လို့လည်းဆိုတော့ ကျနော့်ညီနဲ့ ညီမက အဲသည်မှာရှိတယ်လေ။ ကျနော့်အမေကလည်း သွားမယ်ဆိုရင် အဲသည် ကိုသွားဖို့ ပြောတယ်"ဟု သူက ဆိုသည်။

ကိုမျိုးမြင့်၏ ညီမဖြစ်သူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း တဦး၏ ဇနီးဖြစ်သည်။ သူက အမေရိကရောက်၍ အခြေချနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ သူ့ညီမက မကြာ သေးမီကပင် သားဦးဖွားမြင်ခဲ့သေးသည်။

"ကျနော် ဒီမှာ နိုင်ငံရေးပဲ ဆက်လုပ်ဖြစ်ဦးမယ် ထင်တယ်"ဟု ကိုမျိုးမြင့်က ပြောသည်။ သို့သော် ဒုက္ခသည်စခန်းတွင်း နေထိုင်ရသည်မှာ အနာဂတ်မရှိလှကြောင်းလည်း သူက သဘောပေါက်သည်။

"ကျနော်သိတာက အမေရိကန်ပြည်ထောင်စုက မြန်မာပြည်အရေးကို အများကြီး ပံ့ပိုးထောက်ခံပေးတယ်။ ကျနော် အဲသည်ကိုပြောင်းပြီး အဲသည်ကနေပဲ နိုင်ငံရေးဆက် လှုပ်ရှားတော့မယ်"ဟု သူက ပြောဆိုသည်။

သူ၏ ညီဖြစ်သူ၊ ညီမဖြစ်သူနှင့် ပြန်လည်ဆုံဆည်းရသည့် အဖြစ်သည် သူ၏ "ဘ၀တွင် အပျော်ဆုံးကာလ" ဟု ခရီး မထွက်ဖြစ်ခင် သူက ပြောသည်။

မိသားစု ပြန်လည်တွေ့ဆုံပွဲက ၂၀၀၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖြစ်ခဲ့သည်။ နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ် အကြာ သြဂုတ်လ၌ သူ၏ ညီ၊ ညီမနှင့်အတူ နယူးယောက်မြို့သို့ လိုက်လာပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှု နှစ်ပတ် လည်ဆန္ဒပြပွဲသို့ ပါဝင်ပူးပေါင်းခဲ့သည်။

ယခုတကြိမ်သည် လွန်ခဲ့သည့် အနှစ် ၂၀ ရန်ကုန်မြို့လူထုအုံကြွမှုကြီးဖြစ်ပြီးနောက်ပိုင်း ညီအစ်ကိုနှစ်ဦးအတူ ပထမဦးဆုံး အကြိမ် ဆန္ဒပြဖြစ်ခြင်းလည်း ဖြစ်သည်။ သည်တကြိမ်တွင်တော့ မည်သို့ပင်ဖြစ်စေ ဆန္ဒပြ၍ အဖမ်းဆီးခံရမည်ကို ကြောက် ရွံ့နေရသောစိတ်၊ ပစ်ခတ်သတ်ဖြတ်မည်ကို စိုးရိမ်ရသောစိတ် ကင်းရှင်းစွာ ဆန္ဒပြနိုင်ခြင်းလည်း ဖြစ်ပေတော့သည်။

Nic Dunlop ရေးသားသည့် The Battle’s Not Over ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။.


ဆက်လုပ်သင့်တဲ့ Credentials Challenge လှုပ်ရှားမှု

ယနေ့  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေချိန်ဟာ မြင့်တက်လို့လာနေပါပြီ။ ၂၀၁၀ ရောက်ဖို့  (၁၀) လပဲ ကျန်ပါတော့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့  ဆက်လက်ကျင်းပသွားမယ် ဆိုရင် ကျနော်တို့  ပြည်သူတွေအားလုံး ရင်တထိတ်ထိတ်နဲ့ နအဖရဲ့ အန္တရာယ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ သေချာတာကတော့ ၂၀၁၀ ကို နအဖ လက်ထဲ မအပ်ဘဲ ကိုယ့်ပြည်သူလက်ထဲ ရောက်ဖို့  အထူးလိုအပ် နေပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက တိုင်းပြည်ဟာ ပြည်သူ့ လက်ထဲ ရောက်ပြီလို့  အများပြည်သူတွေ အနေနဲ့  ယူဆခဲ့ကြတာပါ။ မဲရုံသွားခဲ့တဲ့ (၈၀) ရာခိုင်နှုန်း ထက်မကတဲ့ ပြည်သူတွေက သူတို့အတွက် ကမ္ဘာ့အလယ်မှာ ကိုယ်စားပြုဖို့  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ခေါင်းဆောင်များအဖြစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။ နောက်ပိုင်း ပြည်ပရောက်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင်များကအစ၊ မြန်မာနိုင်ငံ လွတ်မြောက်ရေး စိတ်အားထက်သန်စွာ ၀င်ရောက်နှိုးဆော်ပေးတဲ့ Activists များကပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကသာလျှင် မဲနိုင်ခဲ့တဲ့ပါတီ ဖြစ်တဲ့အတွက် နအဖက တရားဝင် အာဏာလွှဲပေးရမယ့် တာဝန်ရှိတယ် ဆိုတဲ့အထိ နိုင်ငံတကာမှာ ပြောဆိုခဲ့ရပါတယ်။ အဲဒီကနေတဆင့် နအဖက ဒေါ်စုတို့ နဲ့  Dialogue လုပ်ဖို့  အတွက်ပါ နှိုးဆော်ခဲ့ရပါတယ်။ ပြည်ပမှာ ဒီလို နှိုးဆော်ခဲ့တာ (၁၈) နှစ်ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

၉၀ ရွေးကောက်ပွဲ ပြီးလို့ (၁၈) နှစ်အကြာ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ဦးဆောင်ပြီး ကုလသမဂ္ဂမှာ Credentials Challenge လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ တရားဝင် အစိုးရ မဟုတ်တဲ့ နအဖက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ကိုယ်စားလှယ် မဖြစ်သင့်ကြောင်းနဲ့  ဒါကို ပြန်လည် ဆန်းစစ်ပြီးတော့ တရားဝင် ပြည်သူ့ကိုယ်စား လှယ်နဲ့  အစားထိုးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျနော်တို့လည်း ဒီိကိစ္စအပေါ် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်လိုရပါတယ်။ ဘာလဲဆိုတော့ နအဖက ကျနော်တို့ ပြည်သူနဲ့ နိုင်ငံကို တကယ်ပဲ ကိုယ်စားပြုနေသလား။ သူတို့ က မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရလား။ De-facto အစိုးရပဲ ပြောအုံးတော့ သူတို့ အနှစ် (၂၀) လောက် အုပ်ချုပ်ခွင့် ရှိသလား။ ပြည်တွင်း လှုပ်ရှားမှုနဲ့ ကမ္ဘာရဲ့ ဖိအားပေးမှုတွေမရှိခဲ့ရင် နောင်အနှစ်တစ်ရာမက အုပ်ချုပ် ပါလိမ့်မယ်။ ဒါ့ကြောင့် လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဒီလို Credentials Challenge လုပ်ဆောင်ချက်က အရေးကြီးပါတယ်။ ဒီလုပ်ရပ် အောင်မြင်ခဲ့ရင် နအဖခေါင်းဆောင်များ အကျပ်ရိုက်ပြီ ဆိုတာ သေချာသလောက်ပဲ။

မနိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးလည်း ရှိနိုင်ပါတယ်။ လွတ်လပ်ရေးလိုချင်ပါတယ်ဆိုတဲ့ ပြည်သူတွေအတွက် မရမချင်း တိုက်ရမဲ့ တာဝန်ဟာ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ ဆိုတာ အခိုင်အမာ နှလုံးသွင်းထားဖို့လိုပါ လိမ့်မယ်။ ကိုယ့်လူမျိုးအခွင့်အရေး အတွက် တိုက်ခဲ့တဲ့ Martin Luther King၊ တောင်အာဖရိက အရေးမှာ လူမည်း လွတ်မြောက်ဖို့  တိုက်ခဲ့တဲ့ Nelson Mandela၊ အိန္ဒိယ က ဂန္ဒီ တို့ကို စံနမူနာ ယူရဦးမှာ ဖြစ်ပါတယ်။ အကောင်အထည် မဖေါ်ရသေးပဲနဲ့  ရှုံးဖို့ ကို တွေးမနေသင့်ပဲ၊ နိုင်မယ်ဆိုတာ ဘယ်သူကမှ အတပ်မပြောနိုင် ပေမဲ့လို့  အမှန်တရားက ကိုယ့်ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ ကမ္ဘာကငြင်းလို့  မရပါဘူး။

ဒီလိုလှုပ်ရှားမှုဟာဖြင့် အခုမှ စတင်တာ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်တုန်းကလည်း UNseat Campaign ဆိုပြီး Free Burma Coalition အဖွဲ့ က လုပ်ခဲ့ပါသေးတယ်။ ဒီလှုပ်ရှားမှုကလည်း Activists များရဲ့  ရှုထောင့်ကနေပြီး ကုလသမဂ္ဂမှာ ထိုင်နေတဲ့ နအဖ သံအမတ်ကို “မြန်မာ” ဆိုတဲ့ ထိုင်ခုံကနေ ဖယ်ရှားဖို့ ဆိုပြီး ကြိုးစားခဲ့တာပါ။ အဲဒီတုန်းကလည်း ထောက်ခံတဲ့လူ တွေရှိခဲ့သလို ငြင်းပယ်တဲ့ လူတွေလည်း ရှိခဲ့သေးတယ်။ ဘာလို့ မထောက် ခံတယ် ဆိုတာ ဃဂဏန မသိခဲ့ရပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးက လက်မခံလို့ ဆိုပြီး ရပ်လိုက်ရပါတယ်။ ဘာဖြစ်လို့  လက်မခံလဲလို့  မေးခဲ့တော့ တိကျတဲ့ အဖြေကို မရခဲ့ပဲ FBC ရဲ့  အထက်က တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်နဲ့  နောက်လိုက်တွေလည်း ရပ်ခဲ့ရပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့  အကြံပြုချင်တာက ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးကလည်း ဖြေရှင်းချက်တွေ ရှိလာနိုင်ပါတယ်။ အားလုံးတိတိကျကျ လေ့လာပြီးမှ ကောက်ချက်ချကြဖို့ လည်း စာဖတ်သူများကို သတိပေးပါရစေ။

တဖန် ယခုပြုလုပ်တဲ့ Credentials Challenge ကျပြန်တော့ ပြည်ထောင်စုမြန်မာနိုင်ငံညွန့် ပေါင်း အစိုးရက “မူအရ” ထောက်ခံတယ်ဆိုပြီး လက်တွေ့ မှာ မထောက်ခံတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်း အစိုးရက ထုတ်ပြန်ထားတဲ့ ၂၀၀၈ သြဂုတ် (၁) ရက် စာရဲ့ နောက်ဆုံး အပိုဒ်မှာတော့ “မြန်မာ့ ဒီမိုကရေစီ အင်အားစုများက နအဖ စစ်အုပ်စု၏ တရားမ၀င်မှုနှင့် မြန်မာပြည်သူတို့အား ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်မရှိခြင်းအား စိန်ခေါ်သည့် လှုပ်ရှားမှုများသည် နိုင်ငံရေးအရ၊ မူအရ မှန်ကန်သော ဦးဆောင်လှုပ်ရှားမှုများအဖြစ် မိမိတို့  အမျိုးသားညွန့် ပေါင်းအစိုးရ က သဘောတူ ကြိုဆိုပါကြောင်း ထုတ်ပြန်အပ်ပါသည်” လို့  ဖေါ်ပြထားပါတယ်။ ဒီလိုဖေါ်ပြထားခြင်းဟာ တကယ်တော့ ကျနော်တို့  အချင်းချင်းလုပ်တဲ့ လှုပ်ရှားမှုကို အားပေးသလိုဖြစ်ပြီး ညီညွတ်ရေးသို့ ဦးတည်စေပါတယ်။ ညီညွတ်ရေးရဖို့ ဆိုရင် လူတစ်ယောက် (၀ါ) တစ်ဖွဲ့  ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို နောက်တစ်ယောက် (၀ါ) တစ်ဖွဲ့ က ထောက်ခံအားပေး သို့ မဟုတ် အသိအမှတ်ပြုမှုကို မလွဲမသွေ လုပ်ရပါလိမ့်မယ်။

Credentials Challenge လုပ်ရခြင်း အကြောင်းကို ကျနော် လေ့လာထားသလောက် အတိုချုံးပြီး တင်ပြလိုက်ပါတယ်။ ကျနော်တို့  CC လုပ်ဖို့  စပြင်ခဲ့တဲ့ အချိန်မှာ ဒီ လှုပ်ရှားမှုနဲ့  ပတ်သက်လို့  နောက်ခံသမိုင်းတွေ၊ ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လေ့လာခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း ပညာရှင်များ နဲ့  ကမ္ဘာ့ ဥပဒေ ပညာရှင်တို့ ရဲ့ မှတ်တမ်းဖေါ်ပြချက်တွေအရ ကုလသမဂ္ဂမှာ ၁၉၄၅-၁၉၉၀ ထိ (၄၅) နှစ် သက်တမ်းမှာ ကြီးကျယ်တဲ့ Credentials Challenge လှုပ်ရှားမှု အနည်းဆုံး (၇) ကြိမ် ဖြစ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှု (၇) ကြိမ်ဆိုရာမှာ တောင်အာဖရိကနိုင်ငံ၊ တရုတ်၊ ဟန်ဂေရီ၊ ကွန်ဂို၊ ယီမင် နဲ့  ကမ္ဘောဒီးယား အရေး (၂) ကြိမ် တို့ပဲဖြစ်တယ်။ ၁၉၉၀-၂၀၀၀ ကြားကာလမှာတော့ Credentials Challenge လှုပ်ရှားမှု (၄) ကြိမ်လောက်ရှိခဲ့တယ်။ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား (တတိယအကြိမ်)၊ ဟေတီ နဲ့  စီရဲရား လီယုမ်း (Sierra Leone) တို့ ပဲဖြစ်ပါတယ်။

ဒီနေရာမှာ တချို့ နိုင်ငံတွေရဲ့ Credentials Challenge နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဘယ်လို ရှိခဲ့သလဲ ဆိုတာ တင်ပြပါ့မယ်။ ကမ္ဘာ့ ဥပဒေ ပညာရှင်တွေ ဖေါ်ပြထားတာကိုပဲ ကိုးကား ဖေါ်ပြ လိုက်ပါတယ်။ အခုလို ဖေါ်ပြလိုက်ခြင်းက CC နဲ့ ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ စဉ်းစား တွေးခေါ်ပုံကို အကျိုးပြုစေလိမ့်မယ်လို့  ထင်ပါတယ်။

ပထမဖေါ်ပြချင်တာကတော့ CC လုပ်ပြီဆိုရင် ကုလသမဂ္ဂမှာ ဘယ်လိုအဆင့်တွေကို ဖြတ်ကျော် ရသလဲပေါ့။ ဒီနေရာမှာ ဗဟုသုတ အဖြစ် ဝေမျှချင်တာက အဲဒီလုပ်ငန်း အဆင့်ဆင့် ဘယ်လို လုပ်ရသလဲဆိုတာ ကျနော်တို့  မြန်မာနိုင်ငံသားတွေ သာမက တခြား ကုလ သံအရာရှိ တချို့လည်း ဃဂဏန နားမလည်တာတွေရှိခဲ့တယ်လို့ သိလိုက်ရပါတယ်။ သူတို့ တွေလည်း ဥပဒေပညာရှင်တွေနဲ့  အမြဲတိုင်ပင် မေးမြန်းကြရတယ်။ ဒါဟာ ကျနော်တို့ အားလုံး စံနမူနာယူရမယ့် အချက်ပါပဲ။ ဘာဖြစ်လို့  လဲဆိုတော့ ကမ္ဘာကြီးမှာ သိသလိုလို နဲ့  မသိတာတွေ အများကြီးရှိတဲ့အတွက် မသိသူက နားလည် တတ်ကျွမ်းတဲ့သူတွေနဲ့  တွေ့ဆုံ မေးမြန်းပြီး ဆွေးနွေးမှ စစ်မှန်တဲ့ အချက်အလက်တွေ ရမှာပါ။ ဒါမှ ကိုယ်က ဆုံးဖြတ်ချက်ချ တဲ့အခါ မှန်ကန်မှု ရာခိုင်နှုန်းအား ပိုကောင်းပြီး ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

CC နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တာဝန်ယူ ဆုံးဖြတ်ရတဲ့ အဆင့် (၃) ဆင့်ရှိပါတယ်။ စင်ပြိုင်အစိုးရ ပဲဖြစ်ဖြစ်၊ အာဏာရ အစိုးရပဲဖြစ်ဖြစ် မိမိကို တရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့  ကုလသမဂ္ဂက အသိအမှတ်ပြုဖို့  ပထမဦးစွာ အထွေထွေအတွင်းရေးမှူးရုံးသို့  တင်သွင်းရပါ တယ်။ ပြီးတော့ ဒီတင်သွင်းချက်ကို ကုလသမဂ္ဂရဲ့ ဥပဒေဘောင်ဝင်မ၀င် အထွေထွေအတွင်း ရေးမှူးရုံးက စစ်ဆေးပြီး ဘောင်ဝင်ရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Credentials Committee သို့ပို့ပါတယ်။ အကယ်၍ ကုလရဲ့ ဥပဒေဘောင်မ၀င်ဘူးလို့  အထွေထွေအတွင်းရေးမှူးရုံးက ဆုံးဖြတ်ခဲ့ရင်တောင်မှ Credentials Committee ထဲပါတဲ့ နိုင်ငံများအနေနဲ့  တောင်းဆို စစ်ဆေးခွင့် ရှိပြီး ဆွေးနွေးလို့  ရပါတယ်။ (Credentials Committee ထဲမှာ နိုင်ငံပေါင်း (၉) နိုင်ငံရှိပါတယ်။ ပုံမှန်အားဖြင့် U.S., China, Russia တို့ ပါဝင်ပြီး ကျန်တဲ့ (၆) နိုင်ငံကိုတော့ တနှစ် တစ်ခါ General Assembly ဆိုတဲ့ အထွေထွေညီလာခံက ရွေးချယ်ပါတယ်။) ပြီးတော့ Credentials Committee ကနေ မဲခွဲ ဆုံးဖြတ်ပြီး ရှုံးရှုံးနိုင်နိုင် တတိယအဆင့်ဖြစ်တဲ့ အထွေထွေညီလာခံသို့  တင်ပြရပါတယ်။ အထွေထွေညီလာခံ အနေနဲ့  ပုံမှန်အားဖြင့် Credentials Committee က ဆုံးဖြတ်တဲ့အတိုင်း လိုက်ပြီး ဆုံးဖြတ်လေ့ ရှိပါတယ်။ အကယ်၍ ကုလအဖွဲ့ ဝင် အခြားနိုင်ငံတစ်ခုကနေ Credentials Committee ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းမယ်ဆို ငြင်းခွင့် ရှိပါတယ်။ နောက်ဆုံးမှာတော့ ကုလအဖွဲ့ ဝင် အားလုံး တက်ရောက်တဲ့ အထွေထွေညီလာခံကနေ မဲခွဲပြီး ဆုံးဖြတ်ချက်ပေးရပါတယ်။

ယနေ့ အခြေအနေမှာတော့ မြန်မာနိုင်ငံပြည်သူတွေရဲ့  အရေးကို မိမိကိုယ်တိုင် အားကြိုးမာန်တက် မလုပ်ရင်တော့ ဘာရလာဒ်မှ မရှိနိုင်ပါဘူး။ ဆိုလိုတာက ကုလသမဂ္ဂရဲ့ အဆင့်တိုင်းမှာ လမ်းစတွေ ဖွင့်ထားပါတယ်။ ကျနော်တို့မှာ လုပ်မယ်ဆိုရင် တကယ်လုပ် စရာတွေ အများကြီးပါ။ စည်းရုံးရေးက အစပြုပါတယ်။ ယနေ့  မြန်မာ့အရေးမှာ ကျနော်တို့ ဘက်က အမှန်တရားဆိုတာရှိနေရဲ့သားနဲ့ ကမ္ဘာ့အလယ် နအဖကို စိန်မခေါ်ဝံ့ဘူး ဆိုရင် ပြည်သူတွေကို ကျေးဇူးမဆပ်ပဲ လစ်လျူရှု ထားတယ်လို့  ပြောမယ်ဆိုရင် မှားမယ်မထင်ဘူး။

ဥပမာအနေနဲ့  ကုလသမဂ္ဂမှာ Credentials Challenge လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ လှုပ်ရှားမှု တွေကို ကြည့်နိုင်ပါတယ်။ ဥပဒေပညာရှင်တွေ အဆိုအရ ၁၉၉၀ မတိုင်ခင် ကုလသမဂ္ဂ Credentials Committee က တိုင်းပြည်တပြည်ရဲ့အစိုးရလို့  အသိအမှတ်ပြုဖို့ ဆိုရင် အဲဒီအစိုးရက အာဏာ ထိန်းချုပ်ထားနိုင်ရမယ်၊ ပြီးတော့ နယ်မြေရှိရမယ် ဆိုတဲ့ အချက်တွေအပေါ် အဓိကထားပြီး ထောက်ခံဆုံးဖြတ်လေ့ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြောင်းလဲမှုတွေရှိလာပြီး ၁၉၉၂ ကာလ လောက်က ဖြစ်ခဲ့တဲ့ ဟေတီနိုင်ငံရဲ့ အဖြစ်အပျက်၊ ၁၉၉၆-၂၀၀၀ အတွင်း ဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံရဲ့အဖြစ်အပျက်၊ ၁၉၉၇ ကာလလောက်က ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့  စီရဲရား လီယုမ်း (Sierra Leone) တို့ရဲ့ အဖြစ်အပျက်တွေကတော့ ကျနော်တို့  လေ့လာအတုယူစရာ သက်သေ အနေနဲ့  ရှိခဲ့ပါတယ်။

အတုယူစရာ သက်သေများအနက် ကျနော် ဟေတီနဲ့  ကမ်ဘောဒီးယားနိုင်ငံ တို့ရဲ့ အဖြစ်အပျက်ကို အနည်းငယ် ဝေမျှလိုက်ပါတယ်။ ဘာလို့  ဒီနှစ်နိုင်ငံရဲ့ အဖြစ်အပျက်တွေကို ရွေးချယ်ရသလဲ ဆိုတော့ သူတို့ ဟာ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့  ခပ်ဆင်ဆင် ဖြစ်နေခဲ့ပြီး၊ ကုလသမဂ္ဂ Credentials Committee ရဲ့တုံ့ပြန်ချက်များကို နားလည်ထားခြင်းအားဖြင့်လည်း မြန်မာ့အရေး အတွက် အကျိုးပြုတန်ကောင်း၏ ဆိုပြီး တင်ပြလိုက်ပါတယ်။

၁၉၉၁ စက်တင်ဘာ လောက်မှာ ဟေတီနိုင်ငံရဲ့ စစ်ဗိုလ်ချုပ်တဦးဟာ ပြီးခဲ့တဲ့ ၁၉၉၀ ဒီဇင်ဘာလ တုန်းက ဒီမိုကရေစီနည်းနဲ့  ပြည်သူလူထုက တင်မြှောက်ခဲ့တဲ့ သမ္မတ ရှောင်ဘာထရမ်း အာရစ်ထီဒ် (Jean-Bertrand Aristide) ကို ဖယ်ပြီး အာဏာသိမ်း လိုက်ပါတယ်။ နောက်တော့ အာဏာသိမ်းခံ ရတဲ့ သမ္မတဟာ ပြည်ပသို့  ထွက်ပြေးခဲ့ရ ပါတယ်။ အာဏာသိမ်းလိုက်တဲ့ စစ်ဗိုလ်ချုပ် ကတော့ ဟေတီနိုင်ငံကို ဆက်လက် ဖိနှိပ်အုပ်ချုပ်ပါတယ်။ လက်ရှိ မြန်မာ နအဖလို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဟေတီ အာဏာရှင်တွေဟာ ကုလသမဂ္ဂက သူတို့ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တင်ပြခဲ့ရာမှာ Credentials Committee က လက်ခံဖို့  ငြင်းဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်အတွင်း အမေရိကန် သမ္မတ ကလင်တန် က ကုလသမဂ္ဂနဲ့ ပေါင်းပြီး ဟေတီအာဏာရှင်နဲ့ ပြည်ပရောက် သမ္မတ တို့ကို ညှိနှိုင်း ပေးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၉၉၄ ဇူလိုင်လမှာ ဟေတီပြည်သူတွေ ဟာ ပိုပြီး ဖိနှိပ် ခံရတာက တကြောင်း၊ စစ်အာဏာရှင်တွေက ကုလသမဂ္ဂနဲ့ မပူးပေါင်းတာက တကြောင်းတို့ကြောင့် လုံခြုံရေးကောင်စီက ကုလပြဋ္ဌာန်းချက် အခန်း (၇) ပါ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တနည်းအားဖြင့် ဟေတီ အာဏာရှင်တွေက ပတ်ဝန်းကျင် ငြိမ်းချမ်းရေးကို ထိပါးလာပြီး ရန်လိုသူအဖြစ် သတ်မှတ်ခံရလို့ လုံခြုံရေး ကောင်စီက နိုင်ငံတကာ စစ်အင်အားတွေ စုစည်းဖို့ ဆုံးဖြတ်ချက်ပေးခဲ့ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ဟေတီကို ၀င်ရောက်ခဲ့ပါတယ်။ ပြည်ပရောက် ရှောင်ဘာထရမ်း အာရစ်ထီဒ် (Jean-Bertrand Aristide) လည်း ၁၉၉၄ အောက်တိုဘာမှာ သမ္မတအဖြစ်နဲ့  ဟေတီနိုင်ငံကို ပြန်လည် အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

ဆက်လက်ပြီး ကမ္ဘောဒီးယား အနေအထားကို တင်ပြပါ့မယ်။ ၁၉၉၇ တုန်းက ကမ္ဘောဒီးယား နိုင်ငံက သူ့ ကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ တင်သွင်းခြင်းနဲ့  ပတ်သက်ပြီး တတိယအကြိမ် အငြင်းပွားခဲ့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရအဖြစ် တင်သွင်းတာ နှစ်ဖွဲ့ ဖြစ်နေလို့ ပါပဲ။ Ranariddh’s Royalist Party နဲ့  Hun Sen’s CCP ဆိုတဲ့ နှစ်ဖွဲ့  က ကုလသမဂ္ဂအနေနဲ့ သူတို့ကို အသိအမှတ်ပြုဖို့  အပြိုင်တင်သွင်းခဲ့ပါတယ်။ အမေရိကန် နိုင်ငံက Ranariddh ကိုထောက်ခံခဲ့ပြီး၊ Hun Sen ကိုတော့ အတင်းအဓမ္မ အာဏာလုယူမှုကြောင့် ဆန့်ကျင် ခဲ့ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာက Credentials Committee အနေနဲ့  ကမ္ဘောဒီးယား ကိစ္စကို စဉ်းစားပြီး အထွေထွေ ညီလာခံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ “တစ်ဖွဲ့ ကိုမှ အသိအမှတ်မပြုဘဲ (၅၂) ကြိမ်မြောက် ညီလာခံမှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ ထိုင်ခုံကို မည်သူမှမထိုင်ရ” ဆိုပြီး ဆုံးဖြတ် လိုက်ပါတယ်။ နောက်တော့ နှစ်ဖွဲ့ လုံးက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ၁၉၉၈ ဒီဇင်ဘာမှာ Credentials Committee ရဲ့ ထောက်ခံမှုနဲ့  အထွေထွေညီလာခံက ကမ္ဘောဒီးယား နိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်ညွန့်ပေါင်းအစိုးရကို လက်ခံလိုက်ပါတယ်။

ဒီတော့….မြန်မာ့အရေး ပြန်ကြည့်မယ်ဆိုရင် လောင်းကစားသမားလို ရှုံးမယ်၊ နိုင်မယ် ဆိုတဲ့ အပေါ်ကြည့်ပြီး နိုင်ငံရေးမလုပ်သင့်ပါဘူး။ ဒီလိုသာစဉ်းစားပြီးလုပ်ရင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ချင်မှ ဖြစ်မှာပါ။ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ လည်း လက်နက်ချရတော့မယ့် ကိန်းဆိုက်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထား“ တဲ့။ ဦးဝင်းတင်ကလည်း ထွက်ပေါက်ကို ရှာဖို့ထက် “ဖေါက်ထွက်” ကြလို့  မှာပြီးပြီ။ တဖန် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စကားကို ထပ်သုံးပြီး နိုင်ငံနဲ့  ပြည်သူအတွက် “ပြတ်ပြတ်သားသား” ဆောင်ရွက်ကြတဲ့။ ခေါင်းဆောင်ရဲ့ အမိန့်ကိုနာခံပြီး ကျနော်တို့မှာ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့အတွက် တွေဝေနေမှုကို ရပ်သင့်ပြီ။

ယနေ့  နအဖ အကြောက်ဆုံးက ကျနော်တို့ ရဲ့ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားလား။ စဉ်းစားစရာပါ။ ဒါပေမယ့် သေချာတဲ့ သူတို့ အကြောက်ဆုံး အချက်တစ်ချက်က ကျနော်တို့ အားလုံး ညီညွတ်မယ့်အရေးပဲ ဖြစ်ပါတယ်။ သူတို့  ရင်တုန်မယ့်လုပ်ရပ်မျိုးကို ကျနော်တို့  အကောင်အထည် မဖေါ်နိုင်သမျှ နအဖက ဒိုင်ရာလော့ခ် (Dialogue) မလုပ်သလို ဘယ်သူ့ ကိုမှ ဂရုမစိုက်ပါဘူး။

မြန်မာ့လွတ်မြောက်ရေး ရဖို့ဆိုတဲ့နေရာမှာ နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နိုင်မှ အံကိုက်ဖြစ် လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နအဖနဲ့  စကားပြောဖို့တောင် ဖိတ်ခေါ်ထားတယ်။ ကျနော်တို့ အချင်းချင်း နောက်ကျော ဓါးနဲ့ ထိုးဖို့ထက် ညီညွတ်ရေးကို တည်ဆောက်သင့်ပါတယ်။ သဘောထားကြီးကြဖို့ အချိန်တန်ပါပြီ။

သီးလေးသီးနဲ့  မြပုဏ္ဏမာအငြိမ့် ပြောခဲ့တဲ့ နအဖရဲ့ မူနှစ်ရပ် “အခုတစ်မျိုး၊ တော်ကြာတစ်မျိုး” ဆိုတဲ့အတိုင်း ကျနော်တို့  မပြုလုပ်မိဖို့  အထူးသတိထားရပါလိမ့်မယ်။ တကယ်တော့ Credentials Challenge လုပ်ရပ်ကို ၁၉၉၀ နဲ့  အစောပိုင်းကာလ ကတည်းက လုပ်သင့်တာ ပါ။ အတိတ်မှာ မလုပ်နိုင်ခဲ့ပေမယ့် ယခုတော့ Credentials Challenge ကိစ္စကို နိုင်ငံရေးနဲ့မူ အရ ထောက်ခံတယ် ဆိုရင် လက်တွေ့မှာလည်း ထောက်ခံဖို့  အရေးကြီးပါတယ်။ လက်တွေ့ မှာ ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ဖေါ်ဖို့  အခက်အခဲရှိခဲ့ရင်လည်း လုပ်ဆောင်နိုင်မယ့် သူတွေကို အားပေးသင့်၊ ထောက်ခံပေးသင့်ပါတယ်။ ထောက်ခံတယ် ပြောပြီး မထောက်ခံ သလိုလုပ်တော့ ချို့ယွင်းနေတဲ့ တော်လှန်ရေး ပိုလို့တောင် ပျက်စီးရပါတယ်။ ကျနော်တို့ Next Generation တွေရဲ့ မျက်နှာများနဲ့ ရင်သွေးအသစ်တို့ရဲ့ ဘ၀ကောင်းစားရေး ရှေးရှုပြီး အခြားသော မြန်မာနိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုများနဲ့အတူ Credentials Challenge ကို ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လေးစားရတဲ့ ပြည်သူလူထုကို အသိပေးရင်း ပြည်ပရောက်ခေါင်းဆောင်များအား တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။


Tuesday, February 17, 2009

ပြည်သူ့ အကျဉ်းသား

အဖြစ်မှန်တခု ရှိနေသည်။ ဒီမိုကရေစီကို လိုလားပါသည်ဆိုသော ပြည်သူလူထုက ဒီမိုကရေစီတိုက်ပွဲကို တိုက်ယူနေကြသော ရဲဘော်များကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်သောအခါ ၎င်းတို့နှင့် ပတ်သက်ရမည်ကို ကြောက်နေကြလေသည်။ ဤအဆို တကယ်မှန်သလော။

ရွေးကောက်ပွဲပြီးသည်မှစ၍ စစ်တပ်က အာဏာကို သိမ်းပိုက်သည်။ မခံနိုင်သော တော်လှန်ရေးသမားများက ဆန့်ကျင်သည်။ ကန့်ကွက်သူမှန်သမျှ နှိပ်စက်သည်။ ထောင်ချသည်။ မိသားစုကိုပါ ဒုက္ခပေးတော့သည်။ တချို့မှာ ပြည်တွင်း၌ပင် မနေနိုင်တော့ဘဲ ပြည်ပသို့ လက်လွတ်ပြေးရသည်။ စကားလုံးဖြင့်

ဖ်ာပြခြင်းငှာ မစွမ်းသာသော ဒုက္ခမျိုးစုံ ခံကြရသည်။ ဤသို့ဖြင့် စစ်တပ်အာဏာ ကြီးမားလာသောအခါ ဒီမိုကရေစီတောင်းဆိုသော ပြည်သူတို့မှာ ချောက်ချားလာပြီး နိုင်ငံရေးလှုပ်ရှားသူ တော်လှန်ရေး ရဲဘော်များကို ရှောင်လာတော့သည်။

ယခု နိုင်ငံရေးအကျဉ်းသားများကို ကြည့်ပါ။ ၎င်းတို့ အဘယ့်ကြောင့် ထောင်ကျ၊ တန်းကျ အနှိပ်စက်ခံကြရသနည်း။ ပြည်သူတို့ တောင်းဆိုကြသော လိုချင်ကြသော ဒီမိုကရေစီကို ပြည်သူ့ကိုယ်စား ရယူတောင်းဆို တိုက်ပွဲဝင်မိခြင်းကြောင့် ဖြစ်ရလေသည်။ ယခု ၎င်းတို့ကို အစိုးရက နှိပ်စက်၊ ၎င်းတို့မိသားစုကို အခြောက်တိုက် ဒုက္ခပေး၊ ကြွက်မနိုင်ကျီမီးရှို့။ ဒါကိုပြည်သူက မသိကျိုးကျွံ။

ယခု စစ်တပ်က အကျဉ်းသားတွေကို နယ်ဝေးထောင်တွေ ပို့သည်။ မိသားစုဝင်တွေ ဒုက္ခများကြရသည်။ သည်ဒုက္ခကို ပြည်သူတို့ မျှဝေ၍ မယူသင့်သလော။ ၎င်းတို့မိသားစုကို မစောင့်ရှောက်သင့်ကြသလော။

ဒီမိုကရေစီရဲဘော်များမှာ ၎င်းတို့ဆန့်ကျင်မိသည့် အာဏာရှင်စစ်တပ်က နှိပ်စက်ရသည့်အထဲ ကိုယ့်ပြည်သူကိုယ်တိုင်က ရှောင်ဖယ်ဖယ်လုပ်ကြတော့ "ပက်လက်လန်ကျန်ရစ်" ဆိုသလို ခံစားရတော့သည်။

၎င်းအကျဉ်းသားတို့သည် မည်သူတို့နည်း။ ပြည်သူ့အတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ဘက်တော်သား၊ ပြည်သူ့အကျဉ်းသားများဖြစ်သည်။

ဤတော်လှန်ရေးသမားများကို စစ်တပ်က ဒဏ်ခတ်လျှင် ပြည်သူက ဆုတံဆိပ်ချီးမြှင့်ခံရသော ကိုယ့်ရင်သွေးကဲ့သို့ ဂုဏ်ယူပြီး ကိုယ့်ရဲဘော် ကိုယ့်ရင်သွေးကို ယခုမှ ချီးမြှောက်ခွင့်ရပြီ၊ စောင့်ရှောက်ခွင့်ရပြီ၊ ကူညီခွင့်ရပြီဆိုပြီး အားပေးသင့်လှပေသည်။

ထိုအခါ စစ်အစိုးရက ဖိနှိပ်လေလေ ရဲဘော်များက ဆန့်ကျင်လေလေ၊ ဒဏ်ခတ်ခံရလေလေ၊ ပြည်သူက ချီးမြှောက်ခွင့်၊ စောင့်ရှောက်ခွင့် ရလေလေ ဖြစ်နေရပေမည်။

ဆရာမင်းသုဝဏ်၏ ဖိုးမောင်ကဗျာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွပ်ဒေါင်း လေးချိုးတို့သည် ဤဇာနည်ရဲဘော်များကို ဥဒါန်းတွင်အောင် စာပေဖြင့် ချီးမြှောက်ခဲ့ကြခြင်းဖြစ်ပေသည်။

ယခု ပြည်သူတို့ မိမိတို့၏ တော်လှန်ရေးရဲဘော်များကို မည်သို့ သဘောထားနေကြပါသနည်း။ မည်သို့ ချီးမြှောက်နေကြပါသနည်း။ မြန်မာကဗျာဆရာတို့ ဘာတွေရေးဖွဲ့နေကြပါသနည်း။ မှိုင်းရာပြည့်၊ ၀ဏ်ရာပြည့်၊ လုပ်နေကြပါလျက် အဘယ်ကြောင့် မှိုင်းတို့၊ ၀ဏ်တို့လို ပြည်သူ့သားကောင်းများအကြောင်း မဖွဲ့ဆိုနိုင်ကြပါသနည်း။ မဂ္ဂဇင်းထဲ ပါဖို့မလို၊ ပြည်သူထဲ ပျံ့နှံ့ဖို့လိုသည်။ သို့မှသာ သားကောင်းဇာနည် တော်လှန်ကဗျာသည် ကမ္ဘာချီပေလိမ့်မည်။ ကဗျာဆရာတို့ စဉ်းစားကြပါကုန်။

ရဲဘော်များအတွက် လိုအပ်လှသော စိတ်ဓာတ်ခွန်အားနှင့် ပြည်သူ့မေတ္တာရေစင်သည် တောင်ကိုလည်း ထွင်းနိုင်၏။ ဓားသွားပေါ်လည်း လျှောက်နိုင်၏။ ဤမျှထိ တန်ခိုးကြီးလှသည်။

ပြည်သူ့တာဝန်က ဘာပါလိမ့်။ တိုင်းပြည်၏ အဖိနှိပ်ခံ သားကောင်းတို့ကို စစ်အစိုးရက ထောင်ဆုချီးမြှင့်လျှင် ပြည်သူကကော ဘာဆုချီးမြှင့်မည်နည်း။ အပယ်ခံဆုလော။

ထောင်ကျအကျဉ်းသား၊ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာတို့ကို အားတက်စေမည့် မည်သည့်အပြုအမူတို့ကို လုပ်ကြမည်နည်း။

နယ်ဝေးထောင်ကိုပို့လျှင် မည်မျှပင်ဝေးပါစေ ထိုနယ်တို့ရှိ နယ်ခံလူထုတို့က ကိုယ့်ဆီရောက်လာသော ကိုယ့်သားကောင်းများကို ပြုစုစောင့်ရှောက်ခွင့် မရပြီလော။ မကူညီသင့်ပြီလော။ ၎င်းတို့၏ မိသားစုများကို မစောင့်ရှောက်သင့်ပြီလော။ အ၀တ်အထည်၊ စားစရာ၊ အိပ်ရာ၊ နေရာ၊ သွားရေးလာရေးတို့ကို နယ်ခံလူထုတို့ မကူညီသင့်ပြီလော။ ငွေကြေးမတတ်နိုင်စေကာမူ စိတ်ဓာတ်ဖြင့် အားမပေးသင့်မည်လော။ ဤကမ္ဘာတွင် ကိုယ်နှင့်မဆိုင်ပါဘဲလျက် ကိုယ့်တာဝန်၊ ကိုယ့်အသိဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းကာ နယ်ပယ်အသီးသီးတွင် ပရဟိတ လုပ်ဆောင်နေကြသော လူသားများကို အလွန်လေးစားဖွယ် ကောင်းလှသည်။ ယခုလည်း စစ်အစိုးရ နှိပ်စက်သမျှ အကျဉ်းသားများကို အသင်းဖွဲ့၍ ကူညီနေကြသော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ အေအေပီပီ ခေါ် အကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထာသော အဖွဲ့များကို အတုယူစရာ ကောင်းလှပေသည်။

၎င်းတို့ကို နမူနာယူ၍ ကိုယ့်နယ်၊ ကိုယ့်ဒေသတွင် ကိုယ်စွမ်းသလောက် စုစည်းပြီး အဆက်အသွယ်များ ရယူကာ အနှိပ်စက်ခံ ရဲဘော်တို့ကို ကူညီစောင့်ရှောက်သင့်လှသည်။ အတွေ့အကြုံရှိပြီးသား ထိုပရဟိတ အဖွဲ့အစည်း များကလည်း ထိုသို့ ဖွဲ့စည်းရန် နည်းပေးလမ်းပြ ပြုလုပ်သင့်သည်။ သို့မှသာ ထိထိရောက်ရောက်ရှိပေလိမ့်မည်။ အဖွဲ့အစည်းများ နယ်ပယ်အသီးသီးတွင် အဆင့်ဆင့်ဖွဲ့စည်းပြီး စည်းစနစ်ကျနစွာဖြင့် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ကြမည်ဆိုလျှင် တိုက်ပွဲဝင် ရဲဘော်တို့၏ စိတ်ထဲ ဘယ်နေရာရောက်ရောက် ပြည်သူ၏ အားဖြင့် စစ်တပ်က နှိပ်စက်သမျှကို ရင်ကော့ခံနိုင်ကြပေလိမ့်မည်။

ပြည်တွင်းရှိ အလွှာအသီးသီးမှ ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများက အကျဉ်းသားတို့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး၊ လုပ်ဆောင်ပေးရပေလိမ့်မည်။ သို့မှသာ တချိန်တွင် ဒီမိုကရေစီကို မျက်မှောက်ပြုနိုင်လာလျှင် ကိုယ့်ရဲဘော် ကိုယ့်ခေါင်းဆောင်များကို စောင့်ရှောက်ခွင့် ရလိုက်ဖူးသည့်အတွက် မမေ့နိုင်သော ပီတိကို ခံစားကြရပေလိမ့်မည်။ သခင်စိုးမောင်က ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ၊ သခင်အောင်ဆန်းဘ၀က အင်္ဂလိပ်ရန်မှ တိမ်းရှောင်နေစဉ်အတွင်း ထမင်းကျွေးခဲ့ဖူးသည်။ ပြေးဆဲ၊ လွှားဆဲဘ၀က ရဲဘော်အောင်ဆန်း။ ဤသည်ကို သားစဉ်မြေးဆက် ပြောလို့မဆုံး၊ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။ သည်လိုပဲ စောင့်ရှောက်ခဲ့ကြဖူးသည့် လူများစွာ ရှိခဲ့ကြပေလိမ့်မည်။ ၀မ်းသာမဆုံး၊ ဂုဏ်ယူမဆုံးသော လူထု၏ ပီတိများ။

ဤသည်ကပင် ကိုယ်စွမ်းသမျှ တာဝန်ကျေခဲ့ကြသော ပြည်သူ၏ တန်ဖိုး၊ ဂုဏ်သိက္ခာမဟုတ်ပါလော။ တလောကပင် သခင်သိန်းဖေက သခင်အောင်ဆန်း အပါအ၀င် ရဲဘော်များကို ဒို့ဗမာအစည်းအရုံး ကာလအတွင်း ကျွေးခဲ့မွေးခဲ့ဖူးသည်များကို မှတ်မှတ်ရရ ပြန်ပြောနေဆဲ၊ ပီတိကို ခံစားနေရဆဲ။ သည်အကြောင်းကို ယခုနှစ်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ၀မ်းသာအားရ ပြန်ပြောပြသည်။ အလွန်ချစ်စရာကောင်းသော ညီအကိုစိတ်ဓာတ်ပင်။

တော်လှန်ရဲဘော်တို့အတွက် အုတ်တချပ်၊ သဲတပွင့်၊ ဖြစ်ကြပါစို့။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာမင်းသုဝဏ်တို့၏ ပြည်ချစ်စိတ်ဓာတ်နှင့် သားကောင်းရဲဘော်များကို ဂုဏ်ပြုတတ်သည့် စာဆိုစိတ်ဓာတ်ကို အောက်ပါကဗျာဖြင့် ရေးဖွဲ့ပူဇော်ပါသည်။

ကောင်းကျိုးအထွေထွေ ချွန်စေ မြစေသော်ဝ်

ဒေါင်းအိုးဝေတို့ တွန်စေကစေသော်ဝ်

တို့ရွာသူရဲကောင်း ကိုဖိုးမောင်

သမိုင်းတွင်သည့် သူ့ဂုဏ်ရောင်

သည်စာသည် ကဗျာရေးသူများကိုဖြင့်

အလေးအဆင့်ဆင့်ပြုလိုက်ပါ၏။

သူတို့ကျေးဇူး စာအထူးထူးကြောင့်

ကိုယ့်ရဲဘော် ကိုယ့်ပြည်သား

ဇာနည်များရဲ့ ရာဇ၀င်

နှုတ်တွင်အစဉ်စွဲပါ၏။

အသည်းတွင် အစဉ်မြဲပါ၏။

ဒီမိုကရေစီ

တောင်းဆိုသည့်တိုက်ပွဲ

အဆုံးတိုင် ညီညီမြဲပါလို့

မာန်သွင်းကာ ဘာမထီရဲဘော်တို့

ရဲကြသည် မြန်မာပီပီ

ဒီလိုမှ သားကောင်း မောင်းခတ်နိုင်မည်။

သူ့အမည် သူ့အကြောင်းကိုဖြင့်

တို့ရင်မှာ ဘယ်မမေ့နိုင်ဘူး

စွဲခတ်လိုက်ပြီ။

မျက်ရည်ကကျဆဲ

နောက်လူတွေ ဂုဏ်ယူကြစရာပေါ့

သမိုင်းစဉ် ဥဒါန်းတွင်အောင်လို့

စာပြောင်ပြောင်ရာဇ၀င်ထွင်းခဲ့မယ်

(အမေရေ) ငါတို့ရဲ့ ဒေါင်းမျိုးနွယ်ဖွား။

ကဗျာနာမည်ကိုတော့ " ရဲရင့်ဇာနည်" လို့ ပေးထားပါတယ်။

နောက်ကဗျာတပုဒ်ကတော့ အစိုးရထောင်ထဲက ပြည်သူ့အကျဉ်းသား အကြောင်းပါ။
ခေါင်းစဉ်က " ပြည်သူ့အကျဉ်းသား " ပါ။

ငါတို့ပြည်တွင်

နှစ်ရှည်လများ

ဗိုလ်ကျထားသည့်

ငမိုက်သားတသိုက်ရှိလေသည်။

ထိုလူတသိုက်

စရိုက်ညစ်ဆိုး

အမျိုးဂုဏ်လည်း ချိုးခဲ့ပြီ။

ထိုလူတသိုက်

ကံကြီးထိုက်၍

သံဃာကိုလည် သတ်ခဲ့ပြီ။

ထိုလူတသိုက်

မောဟမိုက်ဖြင့်

ပြည်သူကိုလည်း ရိုက်ခဲ့ပြီ။

ငါတို့ဇာနည်

ဘာမထီတို့လည်း

ရင်နှင့်ဆီးခံ

အမြဲအံတု

မမှုခဲ့ပြီ။

ငါတို့သမိုင်း

မရိုင်းကြအောင်

ဇာနည်မော်များ

ရဲဘော်များကို

ဝိုင်းလို့ကူညီကြရမည်။

ငါတို့သမိုင်း

မရိုင်းရအောင်

စုကာရုံးကာ

ညီညာစွာဖြင့်

သင်းပင်းဖွဲ့စည်း

အနည်းနည်းဖြင့်

ထောင်နီးထောင်ဝေး

ပြေးလွှားရောက်လာ

ရင်ဆို့ရှာသည့်

ရဲဘော်အမိကို ကူရမည်။

ရဲဘော်အမကို ကူရမည်။

ရဲဘော်ညီဘွား နောင်တော်များလည်း ကူရမည်။

ရဲဘော်မယား သမီးသားလည်း ကူရမည်။

ရဲဘော်အမျိုး တို့အမျိုးလည်း ကူရမည်။

အကျဉ်းစခန်း

သူညှဉ်းပမ်း၍

နွမ်းခွေလဲကျ

ဇာနည်လှကို

အားအင်ပြည့်ဖြိုး

စိတ်ဓာတ်တိုးအောင်

ပြည်သူ့မေတ္တာ

ကရုဏာဖြင့်

ရေစင်ပက်ဖျန်း

ရွှင်လန်းစေမည်။

ရဲဘော်တောင့်ထား

ပျော့မသွားနှင့်

ရဲဘော်နောက်က

တို့ရှိကြသည်

အားကူညီကြ ရိုင်းပင်းကြ။

ဤသို့မှသာ

အမှောင်တိုက်တွင်း

စိတ်ဓာတ်ပြင်းသည့်

ဇာနည်ရဲဘော်

စက်လို့ပျော်လိမ့်

ဘ၀င်လည်းကျ

ခံစားသမျှသည်

ထိုက်တန်ပေ၏ တန်ပေ၏။

စွန့်သင့်ပေ၏ သင့်ပေ၏ဟု

ဝမ်းမြောက်ဝမ်းသာ ရှိရှာမည်။

ပြည်သူလူထု

ဤသို့ပြုမှ

ပြည်သူ့အကျဉ်းသား

ပြည်ချစ်သားကို

တန်ဖိုးထားရာ ရောက်ပေမည်။

ရဲဘော်နှင့်ပြည်သူ

အစဉ်သွေးတူမှ

တိုင်းပြည်နှိပ်စက်

စစ်သဘက်တို့

ခွေးပြေးဝက်ပြေး ပြေးလိမ့်မည်။

ငါတို့ညီညာ

ရှိကြပါလေ မျှကြစေ။
တိုင်းဖွဲ့ပြည်ဖွဲ့ ကဗျာတွေ၊ ရဲဘော်တွေအတွက် ခွန်အားရှိမယ့် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
http://malaria88.blogspot.com/

Wednesday, February 11, 2009

NLD, CRPP နဲ့ ရိုဟင်ဂျာ

ဒီကနေ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရေးတာတွေ ဖတ်ကြည့်တဲ့အခါ ဦးနုက သူ့ပါတီ အကျိုးအတွက် ကုလားတွေကို မွေးရာကနေ ရိုဟင်ဂျာ နံမည်က တရားဝင် ဖြစ်လာတယ်။ ရိုဟင်ဂျာ နံမည်ကို မိန့်ခွန်းထဲ ထည့်ပြောတာ၊ အသံလွှင့်တာ တွေကြောင့် ဒီကုလားတွေဟာ တိုင်းရင်းသား ယောင်ယောင် ဖြစ်လာတယ်ဆိုတာ တွေ့လာရတယ်။ ဒါဟာ နိုင်ငံရေးသမားတွေ မိမိအာဏာရရေး အတွက် အမျိုးသားရေးကို စတေးခဲ့တဲ့ အာဏာငန်း ဖမ်းခဲ့တဲ့ အဖြစ်ပဲ။ ဒါပေမယ့် ဦးနု အာဏာရူးပြီး ကုလားကို သရဲမွေးခဲ့သလို ဒီချုပ်လည်း အဲဒီလိုဖြစ်ခဲ့ဘူးတယ်ဆိုတာ သိသူနည်းပါလိမ့်မယ်။ အဖြစ် ကဒီလို

၉၅ မှာ ဒေါ်စု အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး အမျိုးသားညီလာခံမှာ တက်နေတဲ့ ဒီချုပ် ကိုယ်စားလှယ်တွေကို ပြန်ခေါ်လိုက်တယ်။ ညီလာခံကလည်း ၉၆ ထဲကျတော့ ခေတ္တရပ်ဆိုင်းတယ် ဆိုပြီး ရပ်သွားတယ်။ အဲဒီအချိန်မှာ နိုင်ငံရေး အခြေအနေက ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားတယ်။ အစိုးရကလည်း ညီလာခံကို ဆက်မလုပ် နိုင်တော့ဘူး။ ဒီချုပ်ကလဲ ၉၀ လွှတ်တော်ကို ခေါ်နိုင်ဖို့ အတွက် အင်အားမရှိဘူး။ ဒီအခြေအနေမှာ ဒီအခြေအနေကို ရှေ့တိုးနိုင်ဖို့အတွက် ၈၉ တုံးက မလုပ် နိုင်ခဲ့တဲ့ တပ်ပေါင်းစု တည်ဆောက်ရေးကို လုပ်ဖို့လိုတယ်ဆိုပြီး ဒေါ်စုနဲ့ စီအီးစီတွေက ဆုံးဖြတ်ခဲ့ တယ်။ အဲဒီအချိန်မှာ ထောင်ထဲက ပြန်လွတ်လာတဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်း တို့ကလည်း သူတို့ပါတီထဲမှာ အစည်းအဝေးလုပ်ပြီး တပ်ပေါင်းစုဖွဲ့ရေးမဟာဗျူဟာကို ချ ခဲ့တယ်။ အဲဒီအစည်းအဝေးက ၉၅ နှစ်ကုန် ဒီဇင်ဘာလထဲမှာ လုပ်တာဖြစ်တယ်။

မွန်ခေါင်းဆောင်တွေက ဒီအကြံအစည်ကို ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့က ဦးသာဘန်း ၊ ဇိုမီး ကွန်ဂရက်က ပူကျင်းရှင်းထန် တို့ကို ချဉ်းကပ်ဆွေးနွေးတော့ သူတို့ကလည်း သဘောတူတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ထောက်လှမ်းရေးကလည်း တိုင်းရင်းသား ပါတီတွေကို မျက်စိဒေါက်ထောက် ကြည့်နေတော့ ပေါ်ပေါ်ထင်ထင် မလုပ်ရဲ့ဘူး။ နောက်ပြီး အဓိက တိုင်းရင်းသား ပါတီဖြစ်တဲ့ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မပါ ဘဲနဲ့လည်း ဆက်မလုပ်ချင်ကြဘူး။ SNLD က ရှမ်းပြည် နယ်မှာ အမတ်နေရာ ၂၃ နေရာရထားတာဖြစ်လို့ ဒီချုပ်ပြီးရင် ဒုတိယအား အကောင်းဆုံးပါတီလည်း ဖြစ်နေတယ်။ ဒါပေမယ့် SNLD ဟာ ကျန်တဲ့တိုင်းရင်းသားပါတီတွေကို သိတ်ပြီးအဖက်လုပ်တာ မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသားပါတီတွေ ဖွဲ့ထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) မှာမပါဘူး။ နောက်ပြီး ဒီချုပ်ရဲ့ ဖက်ဒရယ် အပေါ်သဘောထားကို တိတိကျကျ မသိ ရလို့ သိတ်ပြီး ပူးပူးကပ်ကပ် မလုပ်ဘူး။
(http://padaukmyay.blogspot.com/)

၉၇ ခုနှစ် ဒီချုပ်ရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငွေသိန်းက SNLD ကဦးခွန်ထွန်းဦး နဲ့ ဦးအောင်ရွှေကို ချဉ်းကပ်ပြီး တပ်ပေါင်းစုဖွဲ့ရေးသဘောထားကို အလွတ်သဘောတင်ပြတယ်။ ဦးအောင်ရွှေက ဒီအဆိုကို မတ်လ စီအီးစီအစည်းအဝေးမှာ တင်တယ်။ ဦးခွန်ထွန်းဦးကတော့ တောင် ကြီးကို ပြန်သွားပြီး သူ့ဗဟိုကော်မတီဝင်တွေကို ရှင်းပြတယ်။ ၉၇ စက်တင်ဘာထဲရောက်တော့ ဒီချုပ် ရော၊ SNLD ကပါ တပ်ပေါင်းစုဖွဲ့ရေးကို သဘောတူလိုက်တယ်။ ဒါပေမယ့် ဒီချုပ်က တိုင်းရင်းသား ပါတီတွေနဲ့ တိုက်ရိုက်မတွေ့ဘဲ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြည်ကိုပဲ ဆက်သွယ်ရေး တာဝန်ခံ တာဝန်ပေးထားတယ်။

၉၈ ခုနှစ် ပြည်ထောင်စုနေ့မှာ ထုံးစံအတိုင်း ဒေါ်စုခြံထဲမှာ အခမ်းအနား လုပ်တယ်။ အဲဒီအခမ်း အနားကို ဗန်းပြပြီး တပ်ပေါင်းစု ဖွဲ့ရေးအစည်းအဝေးကို ဒေါ်စုထမင်းစားခန်းထဲမှာ လုပ်တယ်။ မှတ်မိသလောက် တိုင်းရင်းသား တွေဘက်က ဦးစောမရအောင်၊ ဦးအေးသာအောင်၊ ဦးသာဘန်း၊ နိုင်ငွေသိန်း ၊ ပူကျင်းရှင်းထန်၊ ဦးခွန်ထီး၊ စိုင်းညွန့်လွင်၊ ဦးခွန်ထွန်းဦး တို့တက်တယ်။ မွန်ဘက်က ဒေါက်တာ မင်းစိုးလင်း လည်းပါတယ်ထင်တယ်။ ဒီချုပ်ဘက်ကတော့ ဒေါ်စု၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ တက်ပါတယ်။ ဒါပေမယ့်အဲဒီနေ့က သဘောတူညီချက် မရဘူး၊ အဓိကကတော့ ရှမ်းဘက်ကတင်တဲ့ ဖက်ဒရယ် မူနဲ့ပတ်သက်ပြီး ဒေါ်စုတို့ဘက်က တိတိကျကျ သဘောထား မပေးနိုင်လို့ပဲ။

နောက်တစ်ပတ်လောက် ကြာတော့ ဇိုမီးကွန်ဂရက်က ချင်းအမျိုးသားနေ့ ကျင်းပတယ်။ အဲဒီ အခမ်းအနားကို ဒေါ်စုနဲ့ ဦးတင်ဦးတက်ပြီး တပ်ပေါင်းစုကိစ္စ ဆက်ဆွေးနွေးတယ်။ နောက်တစ်ခါ တော်လှန်ရေးနေ့ အခမ်းအနားမှာ ထပ်ဆွေးနွေးတယ်။ နောက်ဆုံးတော့ မေ ၂၇ မှာလုပ်တဲ့ ရွေေးကာက်ပွဲ နှစ်ပတ်လည်ကြမှဘဲ သဘောတူညီချက်ရပြီး တပ်ပေါင်းစု ဖွဲ့ရေးအတွက် ဒေါ်စုက ခေါင်းဆောင်ပြီး လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။

ဒေါ်စုက တပ်ပေါင်းစုဆိုပေမယ့် တိုင်းရင်းသား ပါတီတွေတင်တဲ့ တပ်ပေါင်းစုပုံစံကို သဘော မကျဘူး။ ဟိုလူတွေပြောတဲ့ တပ်ပေါင်းစု ဆိုတာက တန်းတူညီမျှရေးမူနဲ့ ဖွဲ့တဲ့တပ်ပေါင်းစု၊ အားလုံး သဘောတူညီချက်နဲ့ လုပ်မယ့်တပ်ပေါင်းစု၊ ဒေါ်စုလိုချင်တာက ၈၉ တုံးက ၀ိဓူရ သခင်ချစ်မောင်တို့နဲ့ ဆွေးနွေးတုံးက ရပ်တည်ချက်အတိုင်းပဲ ဒီချုပ် တနည်း ဒေါ်စုခေါင်းဆောင်တဲ့၊ ဒေါ်စုကို အာဏာကုန် ပေးထားတဲ့ ပါတီပေါင်းစုံ အဖွဲ့ပုံစံ။ ဒါပေမယ့် တိုင်းရင်းသား ပါတီတွေမှာလည်း ရွေးစရာသိတ်မရှိဘူး။ ဒေါ်စုမပါရင် သူတို့ဘာမှလုပ်လို့မရ၊ နိင်ငံတကာ ထောက်ခံမှုမရ ဖြစ်နေတာကိုး။

ဒီတော့ တိုင်းရင်းသား ပါတီတွေ စိတ်ကူးယဉ်တဲ့ နိုင်ငံရေး တပ်ပေါင်းစုကြီးဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဆိုတဲ့ ကော်မတီအဆင့်နဲ့ ဇာတ်သိမ်းသွားတယ်။ အဲဒီကော်မတီဟာ ပြည်သူ့လွှတ်တော် မပေါ်မီ လွှတ်တော် ကိုယ်စား ပြင်ဆင်သင့်တာတွေ ပြင်ဆင်မယ်လို့ ဆိုတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုလို့ ဆိုတာကြောင့် ပြည်သူ့လွှတ်တော်မှာ အမတ်နေရာ အများဆုံးရထားတဲ့ ဒီချုပ်က ကော်မတီဝင် အများစု နေရာယူထားသလို ရွေးကောက်ပွဲ မ၀င်လိုက်ရ တဲ့ ဒေါ်စုက ကော်မတီခေါင်းဆောင် ဖြစ်လာတယ်။

အဲဒီလို ကော်မတီဖွဲ့မယ် လုပ်တော့ ဘယ်လိုပါတီတွေ ပါမလဲဆိုတဲ့ ပြဿနာ ပေါ်လာတယ်။ မူလ ဆွေးနွေးတဲ့ ဒီချုပ်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ဇိုမီး တို့အပြင် မျိုးချစ်၊ အမျိုးသား ဒီမိုကရေစီပါတီနဲ့ တစ်သီး ပုဂ္ဂလတစ်ဦး ပါလာတယ်။ ဒါတွေက ပြဿနာမပေါ်ဘူး၊ ဗမာပါတီတွေ ဖြစ်နေတာကိုး။ ပြဿနာက အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ ပါတီ။ တကယ်တော့ အဲဒီပါတီက ဘူးသီးတောင်၊ မောင်တောဒေသကို အခြေခံတဲ့ ပါတီဖြစ်ပြီး ၉၀ ရွေးကောက်ပွဲတုံးက ဘူသီးတောင်၊ မောင်တောဘက်မှာ ကိုယ်စားလှယ်လေးနေရာ အနိုင်ခဲ့တယ်။ အမတ်တွေ အားလုံးက ကုလားတွေချည်းပဲ။

အဲဒီပါတီက ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပုံတင်တဲ့အခါ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ အချိန်မှာ ရိုဟင်ဂျာ ဆိုတဲ့ စကားတစ်ခွန်းမှ မပါဘူး။ ရည်ရွယ်ချက် သုံးခုမှာ ပထမအချက်က လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ ဒုတိယအချက်က လူမျိုးအချင်းချင်း ချစ်ကြည်ဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး တွေမှာသာတူညီမျှ ရှိဖို့။ တတိယ အချက်က နိုင်ငံအတွင်းက ဒေသအချင်းချင်း ပိုပြီး နားလည်မှုရှိဖို့၊ တန်းတူညီဖို့ ဆိုပြီးပြောထားတယ်။ (ကုလားတွေဟာ အဲဒီအချိန်ထဲက လူ့အခွင့်အရေး ခေါင်းစဉ်ကို ရှေ့တန်းတင်ထားတယ် ဆိုတာတွေ့ရမှာပါ။ )

အဲဒီပါတီက ဒုဥက္ကဌလား၊ အတွင်းရေးမှူးလား မမှတ်မိတော့ဘူး ဦးမောင်မောင်တင်ဆိုတဲ့ ကုလားရှေ့နေရယ်။ ဦးကျော်မင်း(ခ) မာမက်ရှောင်ရှု ဆိုတဲက ကျောင်းဆရာဟောင်း၊ ဘူးသီးတောင်က ရွေးချယ်ခံ ကိုယ်စားလှယ်က CRPP ဖွဲ့ပြီး နောက်တစ်ရက်မှာ ဒေါ်စုကိုလာတွေ့ပြီး သူတို့လည်း CRPP မှာ ပါချင်တယ်လို့ တင်ပြတယ်။ ပြီးတော့ သူတို့ဟာ ရိုဟင်ဂျာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ် ဆိုပြီးပြောတယ်။ တကယ်တော့ အဲဒီပါတီက ရိုဟင်ဂျာ ပါတီအနေနဲ့ ဖွဲ့ခဲ့တာ မဟုတ်ဘူး၊ ဘူသီးတောင်၊ မောင်တောက ကုလားသူဌေးတွေငွေနဲ့ ရန်ကုန်ကုလားတွေက ဥက္ကဌ၊ အတွင်းရေးမှူး လုပ်ပြီးဖွဲ့ထားတာ။ အရွေးခံတော့ မောင်တောဘက်မှာ သွားအရွေးခံတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ နှစ်ဆယ်ကျော် ကင်းကွာနေတဲ့ ဒေါ်စုက ရိုဟင်ဂျာတွေ ဘာတွေ သိတ်သိတာ မဟုတ်ဘဲ နအဖကို တိုက်မယ့်သူဆိုရင် အကုန်ကြိုဆို နေတာဖြစ်တော့ သူသဘောတူတယ်လို့ ပြောလိုက်ပြီးနောက် တစ်ကြိမ် CRPP အစည်းအဝေးကို လာတက်ဖို့ မှာလိုက် တယ်။ အဲဒါကို စီအီးစီလည်း မသိဘူး။ CRPP မှာပါတဲ့ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ဦးလွင်၊ ဦးစိုးမြင့် တို့လည်း မသိလိုက်ဘူး။

အောက်တိုဘာလဆန်းမှာ လုပ်တဲ့ CRPP အစည်းအဝေး ကျတော့ ကုလားတွေ လာတက်တယ်။ အဲဒီအခါကျမှ ဒေါ်စုက ကျမဖိတ်ထားတာဆိုပြီး ဦးကျော်မင်းကို စကားပြောခွင့်ပေးတယ်။ ဦးကျော်မင်းက မဆလရော၊ နအဖကပါ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုခဲ့ကြောင်း၊ ဖိနှိပ်မှု တွေလုပ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သန်းချီပြေးရကြောင်း၊ အခုရွေးကောက်ပွဲမှာ အရွေးခံရပေမယ့်လည်း ရိုဟင်ဂျာတွေက နိုင်ငံရေး အတွေ့အကြုံမရှိလို့ ဘာမှ မလုပ်တတ်ကြောင်း၊ ဒါ့ကြောင့် ဒီချုပ် ဦးဆောင်မှုကို နာခံမှာဖြစ်ကြောင်း၊ ဒီချုပ်အနေနဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို လက်ခံခြင်းအားဖြင် နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ သိအောင်ပြရာ ရောက်ကြောင်း စသည် စသည်ဖြင့် နတ်သံ နှောပြီးပြောပါတော့တယ်။ သူပြောပြီးတော့ ဒေါ်စုက အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ဆိုတာကို ရိုဟင်ဂျာ တိုင်းရင်းသား ပါတီအဖြစ် အသိအမှတ်ပြုပြီး CRPP ထဲမှာ လက်ခံဖို့ ဦးကျော်မင်း ကို ကော်မတီဝင် အဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်တော်မူပါတယ်။ အတွင်းရေးမှူး လုပ်နေတဲ့ ရခိုင် ပါတီက ဦးအေးသာအောင်နဲ့ ဦးအောင်ရွှေတို့က မရဲတရဲနဲ့ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီကို လက်ခံတာတော့ ပြဿနာမရှိပါဘူး။ သို့သော် ရိုဟင်ဂျာ တိုင်းရင်းသား ပါတီအဖြစ် သတ်မှတ်တာကတော့ ပြန်စဉ်းစားဖို့ လိုမယ်ဆိုပြီး ပြောရှာပါသေးတယ်။ ဒါပေမယ့် ဒေါ်စုပဲဗျာ။ အဲဒီလို ပြောတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ ဗီတိုနဲ့ ပယ်ချလိုက်တာပေါ့။ ပိတောက်မြေပို့စ်မှာ ပါတဲ့ မြန်မာပြည်မှာမွေးရင် မြန်မာတိုင်းရင်းသားပေါ့ ဆိုတဲ့ စကားဟာ အဲဒီအစည်းအဝေးမှာ ဒေါ်စု ပြောခဲ့တဲ့ စကားပါပဲ။ အဲဒီလိုနဲ့ CRPP ကော်မတီမှာ ဦးကျော်မင်းကို အဖွဲ့ဝင်အဖြစ် ထပ်တိုးဖွဲ့စည်းပေးခဲ့ရတယ်။

ပိတောက်မြေက သူ့ပို့စ်ထဲမှာ ဒီချုပ်ကရိုဟင်ဂျာ ကိစ္စမှာ နှာစေးနေတယ်လို့ မချင့်မရဲ ပြောထားတယ်။ နှာစေးရမှာပေါ့ဗျာ။ ဒေါ်စုကောင်းမှုကြောင့် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီဟာ ရိုဟင်ဂျာ တိုင်းရင်းသား ကိုယ်စားပြု ပါတီအဖြစ် ဒီချုပ်ရဲ့ မဟာမိတ်ပါတီဖြစ်ပြီး CRPP အဖွဲ့ဝင် ဖြစ်နေတာကိုး။ ကဲ ပုံပြင်လေးကတော့ ဒါပါဘဲ။ အာဏာရူးပြီး ကုလားကို တပည့်မွေးခဲ့တာ ဦးနု တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိစေချင်လို့ မျှဝေလိုက်တာပါ။


အရေးကြီးပြီ သွေးနီးကြပါစို့ (၁)



မြန်မာနိုင်ငံတလွှား မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ၊ ပြည်သူပြည်သားအပေါင်းတို့နှင့်တကွ၊ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိကြကုန်သော သွေးချင်း ညီနောင်အပေါင်းတို့ ခင်ဗျား။

နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိရသမျှ အကုသလ၀ိဘက်နဲ့ အကျိုးပေးနေပါလားလို့ပင် ဆိုရလောက်အောင် ကျနော်တို့ နိုင်ငံအရေး၊ ဘာသာအရေး၊ တိုင်းရင်းသား ပြည်သူပြည်သားတွေအရေး ရင်လေးစရာချည်းပါလား လို့ပဲ နှလုံးသွင်းလိုက်ရပါတော့တယ်။ မပြောမပြီးမို့ ကျနော့်အနေနဲ့ မြင်မိသမျှ၊ တွေ့မိသမျှ၊ ကြံမိသမျှ ဖောက်သည်ချလိုက်ပါရစေ။

ယခုတင်ပြမည့် အကြောင်းအရာများသည် ကျနော်၏ ကိုယ်ပိုင်ခံစားချက် ထင်မြင်ယူဆချက်များသာဖြစ်ပြီး မိမိတို့နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သြော် မြန်မာပြည်အတွက် ရင်လေးနေတာပါလား လို့သာ မေတ္တာရှေ့ထား နှလုံးသွင်းပေးကြဖို့ ကြိုတင်တောင်းပါအပ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံအတွင်းမှာ အစိုးရကတဖုံ၊ အတိုက်အခံက တသွယ်၊ ရဟန်းရှင်လူ၊ ပြည်သူပြည်သား၊ ၀န်ထမ်း၊ ကျောင်းသားလူငယ်များအဆုံး၊ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများပါမကျန် ကဏ္ဍအသီးသီးမှာ ပြဿနာပေါင်းစုံ ဒုက္ခမျိုးစုံနဲ့ ချာချာလည်နေကြတာကို သတိထားမိကြမှာပါ။ ဒါ့အပြင် ပြည်ပရောက် အတိုက်အခံများနဲ့ မြန်မာပြည်သားတွေရဲ့ အရေးကလည်း ရင်မအေးဖွယ်ပါ။

ကဏ္ဍအသီးသီးကနေ ခေါင်းဆောင်အသီးသီး၊ ပုဂ္ဂိုလ်အသီးသီးက မိမိတို့အမြင်အရ လုပ်ကြကိုင်ကြ၊ ဆွေးနွေးငြင်းခုံကြ၊ အလုပ်လုပ်ကြနဲ့ ရှိနေကြတာမို့ ကျနော့်အနေနဲ့ ၀င်ရောက်မဆွေးနွေးလိုပါ။ တိုင်းပြည်တွက် ဆိုရင် ရိုးသားကြပါလို့ပဲ အရင်းခံစိတ်ထားနဲ့ အကြံပေးပါရစေ။ ကျနော်တင်ပြလိုတာကတော့ အခြေခံအားဖြင့် အများသတိမထားမိတဲ့ အကယ်၍ သတိထားမိခဲ့ရင်လည်း မဆွေးနွေးဖြစ်တဲ့ အကြောင်းအရာလေးတွေကို မြန်မာပြည်အရေးတင်ပြရင်း အများသူငါ ၀ိုင်းဝန်းဆင်ခြင်သုံးသပ်ပြီး အမိပြည်အတွက် အလုပ်လုပ်နိုင်ကြဖို့ပါ။

ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေကို လက်ရှိအုပ်ချုပ်နေတဲ့ နအဖအစိုးရတက်လာပြီးနောက် ထုတ်ပြန်ကြေညာခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ပဲ စဉ်းစားကြည့်ရအောင်ပါ။ တကယ်တော့ ဒီအချက် (၃) ချက်ဟာ မြန်မာပြည်လွတ်လပ်ရေးရပြီဆိုကတည်းက တိုင်းပြည်မှာ အဓိကကိုင်စွဲခဲ့တဲ့မူတွေပါ။ ဒီအချက်ကို ယခု အန်အယ်လ်ဒီဥက္ကဋ္ဌ အန်ကယ်ဦးအောင်ရွှေနဲ့တကွ မျိုးချစ်ရဲဘော်ဟောင်းများအပါအ၀င် သခင်သိန်းဖေနဲ့ ၀ါရင့်နိုင်ငံရေးသမားများအားလုံး သိရှိလက်ခံကြပါတယ်။ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒီအချက် (၃) ချက်ဟာ ဘယ်အစိုးရ တက်လာလာ မလွဲမသွေ လက်ကိုင်ပြုရမယ့် အချက်တွေပါ။

ဒီအချက်တွေကို အုပ်ချုပ်သူအစိုးရဖြစ်နေတဲ့ နအဖတဖြစ်လဲ ယခင် န၀တအနေနဲ့ ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နေပါသလဲ၊ ဆောင်ရွက်ပြီးပါပြီလဲ။ မေးခွန်းထုတ် ဆန်းစစ်ကြည့်ရအောင်ပါ။

ကျနော်တို့နိုင်ငံဟာ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း (၁၃၅) မျိုး စုဝေးလျက် ဥမကွဲ သိုက်မပျက် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြတာ အံ့သြစရာပါ။ တကယ်တော့ အချင်းချင်း လေးစားယုံကြည်မှု၊ တန်ဖိုးထားမှု၊ ရိုင်းပင်းကူညီမှု၊ သစ္စာစောင့်သိမှု၊ အရေးကြီးရင် သွေးနီးမှု စတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေကောင်းတွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့လို့သာ ဒီနေ့ ဒီအချိန်ထိတိုင်အောင် မြန်မာနိုင်ငံရယ်လို့ ၀င့်ဝင့်ကြွားကြွား ရပ်တည်နိုင်ခဲ့ကြပြီး ကျနော်တို့အနေနဲ့ ဂုဏ်ယူရမှာပါ။

တဖက်မှာလည်း များပြားလှတဲ့ သမိုင်းနောက်ခံတွေ ရှိတဲ့အတွက် အငြင်းပွားစရာတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးစားခဲ့မှုဖြစ်ရပ်တွေဟာ သင်ခန်းစာယူစရာတွေ တပုံတပင်ပါ။ ကျနော့်အနေနဲ့ ပညာရှင်မဟုတ်သလို ခေါင်းဆောင်လည်းမဟုတ်၊ ရွေးချယ်ခံကိုယ်စားလှယ်လည်း မဟုတ်တဲ့အတွက် အကျယ် မဆွေးနွေးလိုပါ။

ဒီတော့ ပထမ (၂) ချက်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ အချက်ကနေစပြီး စဉ်းစားကြည့်ရအောင်ပါ။ ဒီကနေ့ နိုင်ငံတော်ရဲ့အာဏာကို တပ်မတော်က ရယူထားပါတယ်။ ရှင်းရှင်းပြောရရင်တော့ လက်နက်ကိုင်အုပ်ချုပ်နေတယ်လို့ ဆိုရမှာပါ။ န၀တလက်ထက်မှာ ၁၉၈၉ ခုနှစ် သြဂုတ်မှာ ကိုးကန့်၊ ၀ တို့နဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ပါတယ်။ ၀ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာ မှာ ကကလှမ်းကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံဆွေးနွေးပွဲစတင်ပြီးနောက် ထိုစဉ်က အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဟိုဟန်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ ၀ဘက်က တောင်းဆိုချက်တွေအရ တိုင်းရင်းအရေး၊ ပြည်နယ်အရေးတွေ ပါဝင်နေတဲ့အတွက် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ပြန်လည်ပြောဆိုရာမှာ နိုင်ငံရေးဆုံးဖြတ်ချက်များ ပါဝင်နေတဲ့အတွက် သူ့အနေနဲ့ရော၊ သူ့အစိုးရအနေနဲ့ရော မဆုံးဖြတ်နိုင်ကြောင်း၊ န၀တအဖွဲ့သည်လည်း အာဏာကို ခေတ္တခဏ ထိန်းသိမ်းထားရခြင်းသာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ၁၉၉၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအရ တက်ရောက်လာမည့် အစိုးရအဖွဲ့ကို မိမိကိုယ်တိုင် ယခု ၀ အဖွဲ့မှ တင်ပြတောင်းဆိုချက်များကို ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ကတိစကား ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နှစ်ဖက်စလုံးမှ ဗွီဒီယိုမှတ်တမ်းတင်ခဲ့ကြပြီး ၀ အဖွဲ့အနေဖြင့် (၄) နှစ် စောင့်ဆိုင်းမည် ဖြစ်ကြောင်းနှင့် တောင်းဆိုချက်များ မရရှိပါက လမ်းခွဲရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ကျနော်အဓိက ထောက်ပြပြောဆိုလိုတာက န၀တအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်များကို သူတို့အနေနဲ့ ဆုံးဖြတ်ခွင့်မရှိကြောင်းနဲ့ ဒီအချက်ကို ဗိုလ်ချုပ်ခင်ညွန့်လို ထိပ်တန်းပုဂ္ဂိုလ်တယောက်က နားလည်သိရှိထား ကြောင်း တင်ပြလိုတာပါ။ တဖက်က ကြည့်ရင်လည်း ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ သမိုင်းတရားခံဖြစ်ရမယ့် အရေးကနေ ပါးပါးနပ်နပ် ရှောင်ရှားသွားတာလို့လည်း မြင်မိပါတယ်။

ဒါပေမယ့် အခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှာ အထူးဒေသ (၂) ၀ ငြိမ်းချမ်းရေးအဖွဲ့ကနေ မြန်မာနိုင်ငံတော် ၀ ပြည်နယ်အစိုးရ အထူးအုပ်ချုပ်ရေးဒေသဆိုတဲ့ ကြေညာချက် ထုတ်ပြန်တာ ကြားသိလိုက် ရပါတယ်။ နအဖအနေနဲ့ တုံ့ပြန်မှုတစုံတရာ မတွေ့ရသလို တဖက်ကလည်း ကြိုတင်သဘောတူ၊ ခွင့်ပြုချက် များ ပေးခဲ့လေသလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်ခဲ့ရပါသလဲ။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးများရဲ့အရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စဆိုတာ အငြင်းပွားဖွယ်မရှိပါ။ ဒါပေမယ့် လက်ရှိအစိုးရမှာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မရှိသလို ဒီနေ့ သူတို့အခေါ် တိုင်းရင်းသားခေါင်းဆောင်များလို့ နအဖက သတ်မှတ်ပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းခေါင်းဆောင်များမှာလည်း လုပ်ပိုင်ဆုံးဖြတ်ခွင့် မရှိလို့ဘဲ ကျနော့်အနေနဲ့ နားလည်မိပါတယ်။

ဘာလို့လဲဆိုတော့ နအဖရော၊ ငြိမ်းချမ်းရေးအဖွဲ့များရော လက်နက်ကိုင်ပြီး တက်လာကြလို့ပါ။ ဆက်လက်ပြီး လည်း လက်နက်ကိုင်ဆောင်ဆဲပါ။ ဒီအချက်ဟာ မှားယွင်းနေတဲ့ အခြေခံအချက်လို့ပဲ ထင်မြင်မိပါတယ်။ ဒီနေရာမှာ ဥပမာတခုတင်ပြရရင် ၁၉၈၉ ခုနှစ် အစောဆုံး ကိုးကန့်အဖွဲ့ ငြိမ်းချမ်းရေး ရယူလာတဲ့အချိန်က ကိုးကန့်ခေါင်းဆောင်ဟာ ဖုန်ကြာရှင်း ပါ။ စစ်တိုင်းမှူးက ရန်မိုးလျှံ ပါ။ နောက်ပိုင်းမှာ ကိုးကန့်ဒေသအတွင်း ကုန်ကြမ်းအထိဆုံး ဒေသခံလူထုရဲ့ သဘောထားက ရန်မိုးလျှံကိုသာ ထောက်ခံခဲ့ကြပြီး ဖုန်ကြာရှင်းကို လူကြိုက်နည်းခဲ့ပါတယ်။ အဲဒီအချိန်က ရန်မိုးလျှံ ကိုယ်တိုင်က သူတို့အနေနဲ့လည်း ကိုးကန့်ဒေသအတွင်းမှာ မဲပုံးထောင်ပြီး ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ယှဉ်ပြိုင်အရွေးခံလိုတဲ့အကြောင်း ကျနော့်ကို ပြောပြခဲ့ဖူးပါ တယ်။ ဒါပေမယ့်လည်း နအဖက ဖုန်ကြာရှင်းကိုသာ ပံ့ပိုးပေးခဲ့ပြီး တားဆီးကန့်သတ်ခဲ့ပါတယ်။ ဒီအချက်ဟာ ဘာကိုပြနေသလဲဆိုတော့ နအဖက လက်ခံအတည်ပြုထားတဲ့ အထူးဒေသ (၁) ခေါင်းဆောင်သည် ဒေသ အတွင်း လူထုအများစုက လက်ခံနိုင်ခြင်း မရှိဘူးဆိုတာကိုပါပဲ၊ အင်မတန်မှ သတိထားဖွယ်ပါ။

ဒါပေမယ့်လည်း နှစ်တွေ အနည်းငယ်ပြောင်းလဲလာပြီးတဲ့နောက် အထူးဒေသများ၏ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်မှုများအား တိုင်းရင်းသားခေါင်းဆောင်များဆိုတဲ့ အသုံးအနှုန်းနဲ့ တဖြည်းဖြည်းချင်း မြန်မာစစ်အစိုးရရဲ့ မီဒီယာများမှတဆင့် ပြောင်းလဲခေါ်ဝေါ်ပုံဖော်သွားတာကို တွေ့ရမှာပါ။ တကယ်တော့ နအဖနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့အခြေအနေကို “အသွင်တူတော့လည်း အိမ်သူ” ဖြစ်သွားတယ်လို့ပဲ နားလည်လိုက်ရပါတော့တယ်။

ဒီနေ့အခြေအနေမှာ နအဖအနေနဲ့ ဒီအဖွဲ့အစည်းတွေအပေါ်မှာ ပြတ်ပြတ်သားသား သြဇာသက်ရောက်မှု မရှိသလို တိုက်ထုတ်ဖို့ရန်လည်း လူထုမထောက်ခံတဲ့အတွက် အင်အားမရှိဖြစ်နေရပါတယ်။ ယခုအတိုင်း ဆက်သွားဖို့ဆိုတာလည်း ဖြစ်လာမယ့် အကျိုးဆက်တွေ ဆက်စပ်သာ တွေးကြည့်ကြပါတော့ခင်ဗျား။ လက်ရှိ ၀အဖွဲ့အတွင်း အခြေအနေကို လေ့လာကြည့်ရင်း ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသူတဦးဖြစ်တဲ့ ဝေရှောက်ခန်း ဟာ တရုတ်နိုင်ငံသားတဦးပါ။ ဒီလိုအခြေအနေမှာ အခုလို ၀အဖွဲ့ရဲ့ တဖက်သတ် အမည်ပေးကြေညာချက်တွေ ထွက်ပေါ်လာခြင်းဟာ ကျနော်တို့ နိုင်ငံအရေး၊ တိုင်းရင်းသားအရေးအတွက် စဉ်းစားသုံးသပ်စရာတွေ ဆက်တိုက် ဖြစ်ပေါ်လာပါတော့တယ်။ ဒီအချက်ကို ကျနော့်အနေနဲ့ နောက်ပိုင်း ဆက်လက်တင်ပြမယ့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့အပိုင်းမှာ ဆက်လက်ဆွေးနွေးတင်ပြပါ့မယ်။ တကယ်တော့ ဒီလိုပါပဲ။ အခြားအခြားသော ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေအကြားမှာလည်း အငြင်းပွားနေကြတာတွေ အများအပြားပါ။

နောက်တချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်သမ္မတနိုင်ငံရယ်လို့ ကြေညာခဲ့တာ သတိထားမိပါတယ်။ အလားတူ အဖြစ်အပျက်များလည်း ၁၉၆၀ ခုနှစ်အကျော်မှာ ဖြစ်ပျက်ခဲ့ဖူး ပါသေးတယ်။ ဒီလိုကိစ္စများသည် တိုင်းရင်းသားများအနေနဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်ပွဲဝင်တယ်လို့ ယူဆစရာရှိပေမယ့်လည်း တဖက်မှာ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးပေးမှုတွေ အများအပြား ပါဝင်နေပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးထက် တခြားတိုင်းပြည်၊ တခြားလူမျိုးကို ပိုချစ်သူရယ်လို့ မရှိပါဘူး။

ဗုဒ္ဓဟောကြားချက်အရ ပြောရရင် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါလို့တောင် ဆုံးမထားပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ သဘာဝတရားတခုပါ။ ကျနော်တို့ နားလည်ထားရမှာက တကယ်တော့ အကူအညီပေးလာသူတွေမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိပါတယ်။ ကိုယ်ပိုင် Route Map တွေ ရှိနေကြပါတယ်။ ကိုယ့်အတွက်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။ အနောက်နိုင်ငံများရော၊ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရော သူတို့အကျိုးအတွက် သူတို့ ဆောင်ရွက်နေကြတာပါ။

ယခုနှစ်ပိုင်းတွေအတွင်းမှာလည်း သတိထားစရာ နောက်တချက် ပေါ်လာတာကတော့ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသား တိုင်းရင်းသူ (၂) ဦးကို တနိုင်ငံစီကနေ တဦးစီကို နိုင်ငံရေးစင်မြင့်ပေါ်ကို တွန်းတင်ပွဲထုတ်နေတာ တွေ့ရတဲ့အတွက် သွေးရိုးသားရိုးမှ ဟုတ်ပါလေစလို့လည်း တွေးနေမိပါတယ်။ ကျနော့်အတွေးက သူတို့နှစ်ဦးရဲ နောက်ခံ Back Ground၊ ရပ်တည်နေတဲ့ အဖွဲ့အစည်း၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီး စိုးရိမ်မိတာပါ။ မြန်မာပြည်ရဲ့ အရှေ့ဘက်ခြမ်းတကြောအတွက်တော့ ရင်လေးနေမိပါတယ်။

တဖက်မှာလည်း နအဖအနေနဲ့က ရေရှည်အတွက် စဉ်းစားတာထက် လတ်တလောအခြေအနေများအပေါ် ထွက်ပေါက်ရှာပြီး ဖြေရှင်းသွားရင်း ဆေးမြီးတိုနဲ့ကုနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်နေတဲ့အတွက် စိတ်လေးနေရတာပါ။ တကယ်တော့ သူကိုယ်တိုင်လည်း လူထုနဲ့ တဖြည်းဖြည်းကင်းကွာနေပြီး ယုတ်စွအဆုံး တပ်မတော်သားများကိုပင် မနည်း ပြန်လည်စည်းရုံးနေရတဲ့ အခြေအနေရောက်လို့ မျက်ဖြူဆိုက်နေရပါပြီ။

ဒါကြောင့် ဒီလိုတွေသာ ဆက်သွားနေကြရင်တော့ ကျနော်တို့နိုင်ငံအတွင်းမှာ တိုင်းရင်းသားတွေအချင်းချင်း ၀ါးအစည်းပြေသလို ဖြစ်သွားနိုင်ပြီး အနာဂတ်မှာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ဗိုလ်ကျမှုတွေ ယခုထက် ပိုခံကြရ မှာပါ။ လက်ရှိမှာ ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးမှာ တိုင်းရင်းသားတွေအချင်းချင်းအကြား၊ အဖွဲ့အစည်းပေါင်းစုံ ကွဲပြားပေါ်ပေါက်လာပြီး တဦးနဲ့တဦး ဝေးသထက် ဝေးလာကြတယ်လို့ပဲ ခံစားနေမိပါတယ်၊ ရင်းမအေးဖွယ် တွေပါ။

ဒီတော့ ဒါတွေရဲ့အဖြေကတော့ တိုင်းရင်းသားတွေရဲ့အရေးကို ကိုယ်တွယ်ဖြေရှင်းရာမှာ နအဖအနေနဲ့ရော၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများရော ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ဘဲ ရိုးသားစွာ နားလည်မိပါတယ်။ တကယ်တော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်များနဲ့ ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော်တရပ်အတွင်းမှာသာ ညှိနှိုင်းဆွေးနွေး အဖြေရှာ ဆုံးဖြတ်ကြရမှာပါ။ ဒါမှလည်း သဘာဝအကျဆုံးဖြစ်သလို အများလည်း လက်ခံနိုင်ပါမယ်။ ရေရှည်မှာလည်း တည်တံ့ခိုင်မြဲနိုင်ပါလိမ့်မယ်။

ဒီတော့ တိုင်းရင်းသား ပြည်သူတရပ်လုံးက မိမိတို့ရဲ့ ရင်သွေးတွေအပါအ၀င် အနာဂတ် နောင်လာနောက်သားတွေ အရေးအတွက် စိတ်ရှည်သည်းညည်းခံပြီး ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်ရေးအတွက်ကိုသာ ဦးစားပေးအနေနဲ့ ကိုင်စွဲရပ်တည်းရင်း အဘက်ဘက်က နှစ်ဆတိုးလို့ ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါဟာ ဒို့လုပ်တာမဟုတ်ဘူး နအဖကြောင့်ပဲလို့သာ ထိုင်ပြေနေရင်တော့ သံဃာစင်ပါမှောက်သွားနိုင်ပါတယ်။ ဘယ်လိုတားဆီးကြမလဲ၊ ဘယ်လို စည်းလုံးညီညွတ်ရေး တည်ဆောက်ကြမလဲ စဉ်းစားစေချင်တာပါ။ သူ့အပြစ်၊ ကိုယ့်အပြစ် ပုံချမနေကြဘဲ တိုင်းပြည်မျက်နှာတခုတည်းသာကြည့်ပြီး အမြန်ဆုံး လက်တွဲဆောင်ရွက်ကြဖို့ပဲ လိုပါတယ်။ ကျနော့်အနေနဲ့က တိုင်းပြည်ကို တကယ်ချစ်ရင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေကိုချစ်ရင် မိမိအာဏာတည်မြဲရေးကိုပဲ ဆောင်ရွက်နေတဲ့ အာဏာရရှိရေးကိုပဲ ကြိုးစားနေတဲ့ ဘယ်လိုပုဂ္ဂိုလ်တွေရဲ့ လမ်းစဉ်၊ လမ်းကြောင်းကိုမဆို မြင်အောင်ကြည့် သိအောင်လုပ်ပြီး ရအောင် ၀ိုင်းဝန်းတာဆီးကြရမှာပါ။ ဒါမှ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရာ ရောက်ပါလိမ့်မယ်။

လောကမှာ ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်နဲ့ ဘုရားရှင်အသိဆုံးပါ။ လူသာဓုခေါ် နတ်သာဓုခေါ်ဆိုနိုင်အောင်၊ မိမိနာမည်လည်း သမိုင်းကမ္မည်းတင်ကျန်ခဲ့ရလေအောင် ကောင်းတဲ့သမိုင်းကို ရေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ တကယ်တော့ ပြည်ထောင်စုကြီး မပြိုကွဲဖို့အရေးသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ရှိဖို့က အထူးအရေးကြီးနေပါတယ်။ အချိန်က အရေးကြီးနေပြီမို့ ဆေးပညာသဘောနဲ့ ပြောရရင်တော့ အသက်ကယ်ဆေးထိုးရမယ့်အချိန်ရောက်နေပါပြီ၊ နှောင့်နှေးနေလို့ မဖြစ်တော့ပါဘူး၊ ဒါကြောင့် ညီညီညွတ်ညွတ်နဲ့ အမြန်ဆုံးဆောင်ရွက်ကြပါစို့။

Sunday, February 8, 2009

၂၀၀၉မှာ ဘာလုပ်ကြမလဲ

တဖြည်းဖြည်းနီးကပ်နေသော ၂၀၁၀-ရွေးကောက်ပွဲကြီးဟာ ရောင်နီသန်းလာနေပါပြီ။ ဒီလိုပဲ လိုက်ပိုက်ပြီးကြည့်နေရင် အချိန်တန်မှ မဖြစ်မနေလုပ်ရတာမို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒမဲတွေ မပေးချင်လည်းပေးကြမှာလား။ ဘာလုပ်ကြတော့မလဲ။ ဘာတွေလုပ်ဖို့ အချိန်တန် နေပြီလဲ။ ဘယ်သူတွေက ဦးဆောင်ပြီးလုပ်ကြမလဲ။ ဘာအတွက်လုပ်မလဲ။ ဘယ်တော့လုပ် ကြမလဲ။ ဒီလိုလဲ ပေါင်းများစွာကတော့ စိန်ခေါ်နေပါပြီ။ လုပ်စရာတွေကတော့ အများကြီးရှိနေ ပါပြီ။ လက်ပိုက်ကြည့်မှာဆိုရင်တော့ ဒီမေးခွန်းတွေဟာတော့ ခင်ဗျားနဲ့ဘာမှဆိုင်မှာ မဟုတ်ပါ ဘူးဆိုတာပါပဲ။

ဒီအချိန်မှာတော့ ပြည်တွင်းရှိနေတဲ့ ကျုပ်တို့လိုလူတွေကလည်း ပြောစရာတွေအများ ကြီးရှိနေပါပြီ။ ဒီအတွက် ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့စည်းကိုမှ ညှာတာထောက်ထားပြီး ပြောနေ စရာ မလိုတော့ဘူးလို့ ထင်မြင်ပါတယ်။ ဒါကြောင့် မထိန်ဝှက်တော့ဘဲ ပြောစရာရှိတာတွေကို ပြောဆိုဖို့ ဒီဆောင်းပါးကို အရင်ဆောင်းပါးများနဲ့ မတူဘဲဖြစ်နေတာကို ရှေးဦးစွာ ပြောထားချင် ပါတယ်။ ဒီအချိန်မှာ ညီညွတ်မှုကို ဖြစ်စေပြီး သွေးစီးနေရမယ့် အချိန်ရောက်နေပြီဆိုတာကို ပြောစရာမလိုအောင် သိနေဖို့လိုနေပါပြီ။ ဆိုလိုတာက နအဖ အကြိုက်ဖြစ်စေမယ့် အချင်းချင်း ရန်ဖြစ်နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာပါဘဲ။
ရှင်ပြိုင်အစိုးရဖွဲ့ပြီး ဘာလုပ်မှာလဲ။ ဒီအချိန်မှာ ခေါင်းမာနေဖို့ မလိုဘူး။ အမှန်တိုင်း ပြောရရင်တော့ ပြည်တွင်းအနေနဲ့ကတော့ ပြည်ပကို ဘာကိုမှ၊ ဘယ်သူ့ကို အားကိုးလိုစိတ် မရှိ ကြတော့ဘူး။ ကုလကိုလည်း မယုံကြည်၊ အမေရိကန်ကိုလည်း မမျှော်လင့်ဘူး။ နောက်ဆုံး ကုန်ကုန်ပြောရမယ်ဆိုရင် ပြည်ပရောက်နေတဲ့ အတိုက်အခံတွေ အပါအ၀င် ပြည်တွင်းမှာ ရှိနေတဲ့ အတိုက်အခံတွေကိုတောင် ယုံကြည်စိတ် ကင်းပျောက်နေပြီ။ ဒါ အမှန်တရားကိုပြော ခြင်းဖြစ်ပါတယ်။ ကဲ ဒီတော့ စဉ်းစားကြည့်ကြရအောင် ပြည်သူလူထု ယုံကြည်အောင် ခင်ဗျား တို့အနေနဲ့ ဘာတွေလုပ်ပေးနေလို့လဲ။ ဒါကို အဖြေထွက်အောင် စဉ်းစားပါ။ အသံလှိုင်းကနေ တို့တတ်နိုင်သလောက် အော်နေတာပဲဆိုတာလောက်နဲ့ကတော့ ပြည်သူလူထုက ဘယ်သူကို မှ ဘယ်အဖွဲ့ကိုမှယုံကြည်မှု မရှိတော့ဘူးဆိုတာပါပဲ။
ပီနိုချက်ကို အတိုက်အခံတွေ လွယ်လွယ်ကူကူနဲ့ ဖြုတ်ချနိုင်ခဲ့တာ မဟုတ်ဘူးဆိုတာ သိမှာပါ။ အချိန်မရှိဘူးတော့။ တစ်နှစ်ဆိုတာ ဖင်လှည့်ခေါင်းလှဲ့နဲ့ ကုန်သွားမှာပဲ။ ဒါကို ဘာမှမ လုပ်နိုင်လိုက်ရင်တော့ စစ်ဖိနပ်အောက်က ပြည်သူလူထုတွေ မှောက်ပြီးရင်းမှောက်နေရဦးမှာ ပေါ့။ အသံကောင်း ဟစ်နေရုံနဲ့ကတော့ အလုပ်မဖြစ်တော့ဘူး။ တကယ်ခံနေရတာ၊ တကယ် လုပ်နေရတာက ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့ ရဟန်းသံဃာတော်တွေပဲ။ ဖိနှိပ်ခံလိုက်၊ ချုပ်နှောင် ခံလိုက်၊ ရိုက်နှက်ခံလိုက်၊ နောက်ဆုံး အသက်တွေပါ စတေးခံလိုက်ရတာတွေဟာ ပြည်သူလူ ထုပါပဲ။ ရှင်းရှင်းပြောရရင် စက်တင်ဘာလိုပွဲမျိုးမှာကြည့်ပေါ့ ပြည်တွင်းမှာရှိတဲ့ အတိုက်အခံဆို တာတွေကလည်း ဟိုကအော်၊ ဒီကပြောမှ မကောင်းသေးပါဘူးဆိုတဲ့ အနေနဲ့ နောက်ဆုံးရက် တွေမှ ၀င်ရောက်လာတယ်။ အကုန်လုံးကိုတော့ မဆိုလိုပါဘူး။ အများကို ခြုံငုံသုံးသပ်ပြီးပြော ပြတာပါ။ အချို့ကတော့ ရှိသေးတယ်။ ဟိုဆရာကြီးစံတွေ၊ နှုံးထားတွေနဲ့ အသံကောင်းဟစ်ပြီး ၂၀၁၀-မှာ ၀င်ကိုဝင်ရမယ်တဲ့။ သူတို့မြင်တာက ဘာလဲ။ သူတို့အနေ အထား စိတ်ဓာတ် စရိုက်တွေကို ထည့်စဉ်းစားဖို့လိုတယ်။ အချို့ကလည်းရှိသေးတယ်။ အပြောင်းအလဲဆိုတာက အထက်ကနေ ဒုတ်ခနဲပြောင်းလဲလို့ မရဘူးတဲ့။ အောက်ခြေကနေ အမြစ်ကပါဆွဲနုတ်နိုင်မှ ပြောင်းလဲမှုဖြစ်မှာတဲ့။ မှားတယ်တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် အလုပ်ဆိုတာ တစ်သမတ်ထဲ သီအိုရီအတိုင်း သွားလို့မရတာတွေ အများကြီးရှိပါတယ်။ နောက်တစ်ခုကတော့ ရေတို၊ရေရှည် စီမံကိန်းဆိုတာတွေ ရှိနေပါတယ်။ မှန်တယ် အောက်ခြေ မှာခိုင်မာတဲ့ အသိပညာ၊စိတ်ဓာတ်၊ စရိုက်ဆိုတာတွေ ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဖြည်းဖြည်းနဲ့ ပြုပြင် ပြောင်းလဲမှရမှာပါ။ ဒါတွေဟာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီ အစစ်အမှန်ကြီးရနေ၊ ရောက်နေတဲ့ အချိန်မှာတောင် လုပ်ပေးဖို့ ပြီးဆုံးမှာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ဒါတွေဟာ ရေရှည်စီမံကိန်းပါ။ အခု ခင်ဗျားတို့ ကျုပ်တို့ကို စိန်ခေါ်နေတာကတော့ ၂၀၁၀-ပဲ။ ဒါဟာရေတိုစီမံကိန်းပဲ။ ဒါကိုအေးအေးပဲလက် ပိုက်ကြည့်နေရင်တော့ ခင်ဗျားတို့အတိုက်အခံ တွေရော၊ ပြည်သူလူထုတွေပါမကျန် ငရဲအိုးထဲ ဆင်းရတာကမှ တော်ဦးမယ်။ အဓိကကတော့ အတိုက်အခံတွေအတွက်ကတော့ စဉ်းစားဖို့ တောင် တော်တော်ခက်နေလိမ့်မယ်။ ဒါဟာ အားလုံးစိတ်ထားတူညီစွာနဲ့ တက်တက်ကြွကြွ လုပ်ကိုလုပ်ရမယ့် အချိန်ရောက်နေပါပြီ။
ဒီတော့ ဘာလုပ်ကြမလဲ။ ဘယ်သူတွေက ဦးဆောင်မလဲ။ မေးစရာတွေကတော့ စီတန်းနေပါလိမ့်မယ်။ ဘာလုပ်ကြမလဲဆိုရင်တော့ ပြည်ပကလူတွေက ဘာတွေအရင်လုပ်ပေး နိုင်မလဲ။ အသံလှိုင်းတွေကနေပဲ ကျုပ်တို့ကအော်ဟစ်နေရုံပဲဆိုရင်တော့ ခင်ဗျားတို့အားလုံးကို ကိုယ့်လက်ယက်တွင်းပဲ ရေထွက်အောင်၊ ကိုယ့် ၀ပ်ကျင်းလေးပဲ ခိုင်မြဲအောင်လုပ်နေသူများဆို တာ ပြည်သူလူထုက နအဖနဲ့အပြိုင် သမိုင်းတွေ တင်တော့မယ်။ ခင်ဗျားတို့အနေနဲ့ လုပ်နိုင် တာတွေလုပ်ဖို့ အများကြီးရှိပါတယ်။ ပြည်တွင်းကို ပြန်လာဖို့ခေါ်တာလည်း မဟုတ်ပါဘူး။ ကုလတို့ဆိုတာတွေ နိုင်ငံတကာခုံရုံးဆိုတာတွေကို ပြည်ပရောက်နေတဲ့ ရွှေမြန်မာတွေအား လုံးလိုလိုတာ လက်မှတ်တစ်ချက်လောက် ညီညွတ်ရင်တောင် ပြည်သူလူထုက ယုံကြည်မှုဖြစ် စေမယ်ဆိုတာရယ်၊ အသိမှတ်ပြုမယ်ဆိုတာရယ် မမေ့ကြပါနဲ့။ မှန်ပါတယ် ကုလတို့ဆိုတာ ဘာမှ ဟုတ္တိပတ္တိရယ်တော့ လုပ်ပေးတာဆိုတာ မရှိပါဘူး။ ဒါပေမယ့် ညီညွတ်မှုအင်းအားဆို တာ တော်တော်ကြောက်စရာကောင်းပါတယ်။ ခင်ဗျားတို့ကတော့ ဆိုလိမ့်မယ် ကလေးက လား အလုပ်တွေလို့။ အဲဒီကလေး ကလေးကလားအလုပ်လောက်ကိုပဲ လုပ်ပေးနိုင်ရင် ခင်ဗျား တို့ထံ မျော်လင့်ထားတဲ့ ပြည်သူလူထုရဲ့ ရောင်ခြည်အလင်းတန်းလေး ပွင့်လာပြီဆိုတာပါပဲ။ ဒီ အချိန်ကြမှ တစ်အုပ်စုနဲ့တစ်အုပ်စု ပြိုကွဲနေတာတွေဟာ တော်တော်လေး အကျည်းတန်စေပါ တယ်။ ကြားနေရတာကတော့ ရှင်ပြိုင်အစိုးရတွေ၊ဘာတွေ ဆိုတာတွေကအစ၊ နောက် အသံ လှိုင်းတွေအဆုံး တော်တော်ကိုမကောင်းတဲ့ သတင်းတွေဖြစ်နေပါတယ်။ ပြောရရင်လည်း အောင်မင်းလွန်ရာကျနေဦးမယ်ဆိုတာမျိုး ။ ခက်တာက တော်တော်တန်တန်ကိစ္စလောက်ကို တော့ ပြောမနေချင်ပါဘူး။ ဘာမှအရည်မရ အဖတ်မရ၊ ကျွဲပါးစောင်းတီး ပုံစံမျိုးတွေကလည်း ရှိသေးတယ် မဟုတ်လား။ ဒါပေမယ့် ရေးရေးလေးတွေး၊ အဖြေရှာကြည့်ရင်တော့ မကြာခင် ရောက်လာတော့မယ့် ဒီမိုကရေစီအတုယောင်ကြီးနဲ့ နှစ်ပါးဆက်သွားဦးမယ့် ရှေးခရီးစဉ်ကြီးမှာ ပြည်သူလူထုတွေကတော့ နှိပ်စက်မှုအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရင်ဆိုင်ကြရဦးမယ်ဆိုတာပါပဲ။ လာကြည့်ရင်သိမှာပါ။ တစ်ချို့နေရာတွေဆို မယုံကြည်နိုင်လောက်အောင် ပြည်သူလူထုတွေ ငတ်မွတ်မှု၊ ဆင်းရဲမှုဒဏ်တွေ အန်ကြိတ်ခံစားနေရကြရပြီ။ ခင်ဗျားတို့ကတော့ ဆိုကောင်းဆို နေလိမ့်မယ်။ ဒါတွေဟာ နိုင်ငံတကာတိုင်းမှာ အနည်းနဲ့အများရှိနေတာပဲဆိုတာတွေ။ တကယ် တော့ ပြည်သူလူထုဟာ တော်တော်လေးကို သနားစရာကောင်းနေပါတယ်။ ခြိမ်းချောက်မှုအ မျိုးမျိုးနဲ့ ဘာမှခေါင်းမထောင်နိုင်အောင် လူမဆန်တဲ့ အပြုအမှုတွေနဲ့ ချိန်းချောက်ရင်း ညှင်းပန်း နှိပ်စက်မှုတွေ ခံစားနေကြရတယ်။ ဒါကို ဘာဂျွိုက်ညာဂျွိုက်၊ ဘာစံဘာပေတံနဲ့ တိုင်းတာနေကြ ဦးမှာလဲ စောစောကပြောခဲ့သလို သီအိုရီတိုင်းဟာ မမှန်ကန်ဘူး။ သီအိုရီနောက် လိုက်နေကြ ဦးမယ်ဆိုရင်တော့ ခင်ဗျားတို့အနေနဲ့ အနေသာကြီးဆိုသော်ငြား ပြည်တွင်းက လူတွေကို လည်း နည်းနည်းလေးတော့ ငဲ့ကြပါဦးဆိုတာကို ပြောချင်တာပါ။
ပြည်တွင်းမှာရှိတဲ့ အတိုင်အခံတွေအနေနဲ့လည်း ဒီအတိုင်းပဲ ခါတိုင်းလို လက်ပိုက် ကြည့်နေကြမယ်ဆိုရင်တော့ အဖွဲ့စည်းဆိုတာကြီးကို နာမည်မခံပါနဲ့တော့။ ပြည်သူလူထုက ယုံကြည်လို့ ခင်ဗျားတို့ကို လူထုရဲ့ခေါင်းဆောင်တွေအဖြစ် တင်မြှောက်ထားကြတာဖြစ်ပါတယ် ကျုပ်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာမှမပြောဘူး ဆိုတာလောက်နဲ့တော့ ပြော ပြီး အချိန်ကုန်နေလို့မရတော့ဘူး။ ဟိုက သိကြတဲ့အတိုင်း နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရ တယ်။ ဒါကို သူ့အလာဆိုတာ မျှော်လင့်နေဖို့ အချိန်မဟုတ်တော့ဘူး။ သူ့ကို ပြန်လွှတ်ဖို့ဆိုတာ ဒီ ခွေးလောက်မှ အသိဉာဏ်ရှိတဲ့ကောင်တွေ မဟုတ်သလို၊ သူ့ကို လွှတ်ပေးဖို့ဆိုတဲ့ အတွေး လောက်တောင် စိတ်ကူးတည်းထားပြီး သဘောထားကြီးတဲ့ လူစားမျိုးတွေမဟုတ်ဘူး။ ဒီတော့ လုပ်စရာ ရှိတာတွေလုပ်ကြဖို့လိုပြီ။ လူညီရင် ဤကိုတောင် ကျွဲဖတ်လို့ရသေးတယ် ဆိုတဲ့အဆို အမိန့်လို လူညီဖို့လိုပါတယ်။ လူညီဖို့ဆိုတာ ပြည်သူလူထုက ဒိုင်းကနဲထလုပ်လို့မရဘူး။ ဒါကို ခင်ဗျားတို့ ခေါင်းဆောင်တွေကနေ လုပ်ပေးမှရမယ်။ နောက် ကိုယ်တိုင်လည်း စံအဖြစ်ရှေ့ ထွက်သင့်ရင် ထွက်ကြရတော့မယ်။ တစ်ယောက်တစ်ယောက်ကနေ တစ်ယောက်ပြီးတစ် ယောက် မပျက်လုပ်နေတဲ့ အခြေအနေမျိုးကို စတင်တည်ဆောက်မလား။ အချိန်ကတော့ မရှိ တော့ဘူး။ သို့မဟုတ်ရင်တော့ အများအနေနဲ့ တစ်စုတစ်ဝေးတည်း တစ်ပြိုင်နက်ပါလာဖို့ စည်း ရုံးမှာလား။ ဒါကတော့ မလွယ်ကူလှဘူးလို့ ဆိုလိုပါတယ်။ ကျုပ်တို့ကတော့ လမ်းပေါ်ထွက်နေ တာတွေကိုပဲ လိုချင်တယ်။ လှိုင်းပေါ်ထွက်နေတာကို မလိုချင်တော့ဘူး။
လက်နက်ကိုင် တော်လှန်ဖို့ကိုပြောနေတာ မဟုတ်ဘူး။ ဒီဝါဒကိုတော့ မကြိုက်ဘူး။ အမှန်တိုင်းပြောတာပဲ။ ဒါနဲ့ထုမှရမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ကိုယ့်မှာဘာတွေ ဘယ်သူတွေ၊ ဘာတွေ ဘယ်လောက်ရှိနေလို့လဲ။ မဖြစ်နိုင်တာတွေကိုတော့ မလုပ်ကြပါနဲ့။ အဓိကကတော့ အထက်ကပြောခဲ့သလို ပြည်တွင်းပြည်ပကနေ တစ်ပြိုင်နက်ဆိုသလို ညီညီညွတ်ညွတ်လုပ်ဖို့ အရမ်းအရေးကြီးနေပြီ။ ဒီအချိန်မှာ အချင်းချင်းရန်ဖြစ်နေတာတွေ၊ ၀ါဒကွဲတာတွေ ဘေးဖယ် ထားဖို့လိုတယ်။ စံနှုံးတွေနဲ့ တိုင်းတာနေတဲ့လူတွေအနေနဲ့လည်း ဘာစံညာစံဆိုတာ အလုပ်မ ဖြစ်ပါဘူး။ အားလုံးတာ တက်တက်ညီညီ နောက်မဆုတ်တမ်း လမ်းပေါ်ထွက်နေဖို့ပါ။ ဘာတွေ ညာတွေနဲ့မှ ပစ်ခတ်ဖို့ မလိုပါဘူး။ အားလုံးညီညွတ်မယ်ဆိုရင် ကားမစီးဘဲနဲ့ ခြေလျင်သွားဖို့က နေစပြီး ဘာမဆိုလုပ်လို့ ရတယ်ဆိုတာတွေ ပြောချင်ပါတယ်။ သမိုင်းပေးတာဝန်ကို လေးလေး နက်နက် ထမ်းဆောင်သူကို ပြည်သူလူထုကရော နောက်မျိုးဆက်သစ်လူငယ်တွေကပါ မှတ် တမ်းတင်ရင်း အသိမှတ်ပြုပါလိမ့်မယ်။ သေရင်ပြီးပြီဆိုတဲ့ စိတ်ထားနဲ့ ကိုယ့်ဝမ်းအတွက်နဲ့ တော့ ဘာမှအမည်ခံမနေပါနဲ့။ လှိုင်းပေါ်လောက်ကနေကတော့ အခွင့်ရတဲ့လူတိုင်း ပြောနိုင်ပါ တယ်။ ပြောတတ်ပါတယ်ဆိုတာကို ထပ်လောင်းပြောလိုက်ပါတယ်။
အားလုံးကို လေးစားလျက်
ရာဇာစိုး၊ရန်ကုန်။
http://lanka-msma.blogspot.com/ ကူးယူ

ရွှေတိဂုံဘုရားမှ အလှူခံပုံးများ





ရွှေတိဂုံဘုရားမှ အလှူခံပုံးများ
(ကိုယ်တွေ့ကြုံရေးသားသူ - မမ)

ကျမလည်း ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတလလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။ အဲဒါမနက်ပိုင်း။ ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေရယ်၊ ကျမတို့ညီအမ လေးယောက်နဲ့ ဒေါ်ကြီးရယ် ထမင်းတွေဟင်းတွေ၊ လက်ဖက်သုပ်၊ ရေနွေး၊ ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ် တက် ချမ်းသာကြီးတန်ဆောင်းမှာ ပုတီးစိပ် စကားတွေပြောပြီး ခေါင်းလောင်းထိုး လူနှင်တော့မှ မဆင်းချင် ဆင်းချင်နဲ့ ကျမတို့ ဆင်းလာခဲ့ကြတယ်။

ကျမတို့ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့တော့ မထင်စေချင်ဘူး။ အ ကြောင်းအရာတခုစလိုက်ရင် တယောက်တပေါက် မပြီးနိုင်မစီးနိုင် ပြောတာတွေ၊ ရင်ထဲမှာစုထားတဲ့ အ ကြောင်းအရာတွေ အကုန်ပြော ကြုံရင်ကြုံသလို နောက်တုန်း။ ကျမကတော့ အကုန်စပ်စု၊ တွေ့သမျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေအကြောင်း ကျမသိလာခဲ့ ရတယ်။ ချမ်းသာကြီးတန်ဆောင်း မှာ ပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတယောက်က သော့ခတ်ထားတဲ့ အလှူခံ ပုံးတွေကို လာလာထမ်းယူသွားတယ်။ ပြီးရင်တပုံးပြီးတပုံး မမောနိုင်မပမ်းနိုင် သူထမ်းနေတာ ဘုရားမှာရှိသမျှ ပုံးအကုန် တနေရာမှာ သူသွားသွားစုတာ တနေ့လည်းမဟုတ် နှစ်နေ့လည်းမဟုတ် စဉ်းစားကြည့်ပါဦးရှင့်။

ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်း တာ တခါမှမတွေ့ဖူးခဲ့ဘူး။ အခု ဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ၀န်ထမ်းပဲကျန်တာ။ သော့ခတ်ထားတဲ့ အလှူခံပုံးကို ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား။ ပုတုတုနဲ့ အဲ ဒီပုံးလာထမ်းတဲ့ ကောင်လေးကို မမလေ သိတယ်နော်။

ဟဲ့ နင့်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့ … ဗျာ အမတဲ့၊ အဲဒီပုံးတွေထမ်းပြီး ဘယ်ယူသွား တာတုန်းဆိုတော့ … သိမ်းတာလေတဲ့။ ဟဲ့ … နင်အားနေလား … နင့်ဘယ်သူသိမ်းခိုင်းတာလဲ၊ အဲဒါဘုရားပိုင် ပစ္စည်း နင်မသိမ်းလည်း ခိုးမယ့်သူမရှိဘူးဆိုတော့ … မဟုတ်ဘူးအမ ကျနော်တို့က ၀န်ထမ်း၊ ဒါ … ကျနော်တို့ သူဋ္ဌေးပိုင်တာတဲ့။

ကျမခေါင်းနဘမ်းကြီးသွားသလို အမတွေလည်း အနားတိုးလာတယ်။ ရှင်းရှင်းပြောစမ်း နားမလည်ဘူး။ ဂေါပ က သွားတိုင်မှာနော်။ ဘုရားပိုင်ငွေတွေ ပြည်သူတွေရဲ့ အလှူငွေတွေကို ဘယ်ကသူဋ္ဌေးက ပိုင်တယ်လို့ နင် ပြောတာတုန်းဆိုတော့ … ကျနော်တို့သူဋ္ဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တနှစ်ကို သိန်းငါးထောင်နဲ့ ကန် ထရိုက်ယူထားသတဲ့။

ရှင် … ကျမတကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို အမတို့အားလုံးလည်း ပါးစပ်အဟောင်းသားနဲ့ ...။ နင့်သူဌေး က ဗုဒ္ဓဘာသာလားဆိုတော့ … မဟုတ်ဘူး၊ ဘာသာခြားတဲ့။ မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး၊ မမ နင်မေးရက်တယ်တဲ့။ မလတ်ရယ် … ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြားလက်ထဲ ရောက် ကုန်တာမဟုတ်လားဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွားရေး ချွတ်ခြုံကျနေတဲ့ လူ တစုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွှေတိဂုံဘုရား ကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲမှာ ပေါင်ထားတာပေါ့တဲ့။

ငါတို့က ဘုရားကိုရည်စူးပြီးလှူတယ်။ လက်စသတ်တော့ ဘာသာခြားက ရနေတာကိုးတဲ့။ အဲဒီနေ့ကစလို့ ဘု ရားကို ရေလှူ၊ ပန်းကပ်၊ ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲ ကျမတို့ အလှူငွေမ ထည့်တော့ဘူးရှင်။ ကဲ ... ရှင်တို့ရော လှူကြဦးမလား ... ရှင့်။

မှတ်ချက် ။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်းခိုင်လုံစွာရှင်းပြပေးပါရှင်။ ကျမ မဟုတ် ဘူးဆိုတာကို လက်ခံချင်လို့ပါ ...။ ရင်းနှီးတဲ့ ဂေါပကလူကြီးတယောက်ကိုလည်း ကျမမေးကြည့်တော့ မှန်ပါ တယ်တဲ့ရှင် ...။

(ကိုယ်တွေ့ကြုံရေးသားသူ - မမ

Friday, January 16, 2009

သွားပေအုံးတော့ ဒီတကွေ့

အကြောင်းကြောင်းကို ထောက်ထားပြီး ဘယ်သူမှ မပြောမဆိုခဲ့တဲ့ အင်အားစုတွေအကြောင်းကို ရေးမယ်ကြံတိုင်း ချီတုံချတုံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြောချိန်တန်ပြီလို့ ယူဆမိတာကြောင့် ဒီဆောင်းပါးကို ကျနော်အရဲစွန့်ရေးလိုက်ပါတယ်။

တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာလာတော့ အထက်တန်းကျောင်းသားဘဝ၊ နိုင်ငံရေးသဘောတရားတွေ၊ ဘာတွေ ဘာတခုမှ နားမလည်သေးတုန်းက ဖတ်ခဲ့ဖူးတဲ့ ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ် (၂ဝ) ဆိုတဲ့ စာအုပ်မှာရေးထားတဲ့ ကောက်နုတ်ချက်ကို ခဏခဏ သတိရမိပါတယ်။ တိုင်းပြည်အတွက် အနှစ် (၂ဝ) လုပ်ခဲ့ပြီးတဲ့နောက် မိမိကိုယ်ကို ပြန် ကြည့်တဲ့အခါ ကြိုးတိုက်ထဲမှာ တွေ့ပါတယ်တဲ့။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာအုပ်ကို ရေးသားတဲ့ ဗိုလ်မှူးချစ်ကောင်းကို စာနာမိပါတယ်။ လေးလည်းလေးစားမိပါတယ်။ သူ့အတွက်လည်း ရင်နာမိပါတယ်။ ဒီခံစားမှုတွေဟာ ကျနော် တော်လှန်ရေးသမားတယောက် ဖြစ်လာရေးအတွက် ဖြည့်ဆည်းပေးခဲ့တဲ့ အချက်အလက်တွေထဲမှာ တခုအပါအဝင်ဖြစ်ခဲ့ တယ်ထင်ပါရဲ့။ အုပ်စိုးသူလူတန်းစားတွေကို ကျနော်မုန်းတီးလို့ မဆုံးခဲ့ပါဘူး။

ခုတော့ တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာပြီးတဲ့အခါ မိမိကိုယ်ကို မိမိပြန်ပြန်ကြည့်မိ (မကြာ၊ မကြာ ပြန်ကြည့်မိတာကို ပြောခြင်းဖြစ်ပါတယ်။ အထူးသဖြင့် တရေးနိုးလို့ ငါ ဘယ်ရောက်နေပါလိမ့်လို့ ဇဝေဇဝါဖြစ်မိတဲ့အခါ မျိုးမှာပါ) တော့ နယ်စပ်တနေရာမှာ တကိုယ်တည်းဖြစ်နေတာကို တွေ့ရပါတယ်။ အရာရာကို စွန့်လွှတ်စတေးထားခဲ့ရလို့၊ မိမိဆီမှာမြဲနေတာ အသက်တချောင်းပဲ ရှိနေပါတယ်။ အုပ်စိုးသူလူတန်းစားကို မုန်းတီးတဲ့အမုန်းကတော့ သေရာပါမယ်ထင်ပါရဲ့။ ဒါပေမယ့် အမုန်းတခုပါတိုးလာခဲ့ပါတယ်။ တော်လှန်ရေးသမားအမည်ခံသူတွေရဲ့ သီလကြောင် အကျင့်ပျက်မှု၊ (တနည်း) ကိုယ်ကျိုးရှာစိတ်ဓာတ်ပါပဲ။ စစ်အစိုးရရဲ့ထင်သလိုရမ်းကားနေတာ၊ ပြည်သူကို စော်ကားနေတာ၊ တိုင်းပြည်ကို ရောင်းစားနေတာတွေကို ကြားရတိုင်း လက်နက် တွေ ကိုင်ထားပါရက်နဲ့ နှစ်ဆယ်စုပေါင်းများစွာ ပြည်သူ့ဆီက အခွန်ကောက် (ခုတော့ အုပ်စိုးသူအဆက်ဆက်က ပြောတဲ့အသုံးအနှုန်းအတိုင်း ‘ဆက်ကြေး’ ကောက်တယ်ဆိုတဲ့ စကားကိုပဲ သုံးရတော့မလိုဖြစ်နေပါတယ်။)၊ မြေပေါ်မြေအောက်သယံဇာတတွေကို ရောင်းစားခဲ့ပြီး၊ ပြည်သူ့မျက်နှာမထောက် စစ်အစိုးရရှေ့မှောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ဒူးထောက်နေကြသူတွေဟာလည်း စစ်အစိုးရရဲ့ ကြံရာပါတွေဖြစ်ကုန်ကြပြီလို့ မြင်မိပါတယ်။ သူတို့ပြောပြောနေတဲ့ တော်လှန်ရေးဆိုတာ လက်နက်ကိုင် အကြမ်းဖက်နေတာ လောက်ပဲရှိတာကို တွေ့ရပါတယ်။ ဒီလောက်ကတော့ လက်နက်ကိုင်ပြီး ဗိုလ်ကျ စားသောက်ချင်တဲ့ လူတွေလည်း လုပ်နိုင်ပါတယ်။

လူမှုတော်လှန်ရေးဖြစ်စဉ်တွေမှာ တွေ့ရတဲ့အချက် (၂) ချက်ရှိပါတယ်။ တော်လှန်ရေးရည်မှန်းချက်ပေါက်မြောက်ဖို့အတွက် အကြမ်းဖက်နည်းကို သုံးရခြင်းနဲ့၊ တည်ဆဲလူမှုဆက်ဆံရေးစနစ်၊ တည်ဆဲ လူတန်းစားအုပ်စိုးမှုအနေအထားကို အခြေအမြစ်ကနေ ဖယ်ရှားပစ်ပြီး၊ တော်လှန်ရေးရဲ့ တွန်းအားဖြစ်တဲ့ အများပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှု စနစ်သစ်ကို ဆောင်ကျဉ်းပေးဖို့ပါပဲ။

ဒီလိုမှ လူနေမှုစနစ်သစ်ကို အာမမခံနိုင်ဘူးဆိုရင် ပြည်သူကလည်း လိုက်ပါလာမှာမဟုတ်ဘဲ ‘တော်လှန်ရေး’ ဆိုတဲ့ အင်အားစုတွေဟာ ရန်သူကို ချေမှုန်း အနိုင်ယူနိုင်လောက်တဲ့အင်အား တွေ ဖြစ်မလာဘဲ လုံးပါး ပါးသွားတာပါပဲ။ ခု လက်နက်ကိုင် အင်အားစုတွေမှာ ဖြစ်နေတဲ့ အတိုင်းပါပဲ။ ဒို့ပြည်သူတွေက ဒို့ကို ထောက်ခံနေသားပဲလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ့်အဖွဲ့အစည်း ဘာဖြစ်လို့ ဘယ်အခြေအနေ၊ ဘယ် သောင်ဘယ်ကမ်းကို ဆိုက်နေတယ်ဆိုတာကို မသိတာတွေအများကြီးပါ (အဖွဲ့အစည်းအနေ နဲ့ ခြုံပြောခြင်းဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ သိမြင်တတ်သူတွေရှိပါတယ်။ သိတဲ့အတိုင်းပါပဲ၊ အဖွဲ့အစည်းတွင်းမှာ ဒီမိုကရေစီမရှိ၊ ကော်မတီစနစ်ဆိုတာကလည်း ကော်မတီဆိုတာတွေကို ဖွဲ့ထားရုံလောက်သာရှိတော့၊ သိနားလည်တဲ့ပုဂ္ဂိုလ်တွေမှာ ဘာမှ မစွမ်းသာပါဘူး) ဒီလိုအဖွဲ့အစည်းမျိုးတွေဟာ ပြည်သူက ကိုယ့်ကို ထောက်ခံနေသလား၊ လက်နက်ကို ကြောက်ပြီး ခိုင်းတာလုပ်၊ တောင်းတာပေးနေရတာလားဆိုတာကို ရဲရဲ ကြည့်သူတွေ မဟုတ်ပါဘူး။ အင်မတန် ရက်စက်ယုတ်မာလှတဲ့ သန်းရွှေစစ်အုပ်စု အောက်မှာ နေနေရတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် ဆိုးရွားရက်စက်ပုံတွေကို မီဒီယာမှာ ပြောင်ပြောင်တင်းတင်း ပြောရဲနေကြပေမယ့် တောတွင်းလက်နက်ကိုင် အင်အားစုတွေရဲ့ အုပ်ချုပ်ခံပြည်သူတွေဟာ ဒီလိုမပြောရဲပါဘူး။ တဖက်က လက်တုံ့ပြန်မှုက မြန်လည်းမြန် ကိစ္စတုံးလောက်တဲ့ အထိလည်းဖြစ်တတ်လို့ပါ။ မကြာသေးခင်ကဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက အလယ်အလတ်တန်း အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်က သူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ မကျေနပ်တာတွေကို ကျနော့်ဆီမှာ လာပြီး ညည်းပါတယ်။ “ပြောစရာရှိတာကို အစည်း အဝေးမှာ ပြောပါလား” လို့ သူ့ကိုပြောတော့ “ဒီလိုပြောရင် ကျနော့်ကို ရက်ရက်စက်စက် လုပ်မှာပေါ့” တဲ့။ အရပ်သား ပြည်သူတွေအနေနဲ့ ပြောရဲဆိုရဲရှိဖို့တော့ ဝေးရောပဲ။

ဒီအဖွဲ့အစည်းတွေဟာ သူတို့အခြေစိုက်ရာနယ်မြေ ပြည်သူတွေအတွက် မရေရာတဲ့ ပန်းတိုင်တွေ ညွှန်ပြထားတာတွေတော့ရှိပါတယ်။ (စာရေးသူအနေနဲ့ အဲဒီပန်းတိုင် တွေရဲ့အမည်တွေကို အတိအကျ မဖော်ပြဘဲ ထားတာကောင်းမယ်လို့ ထင်ပါတယ်)။ အဲဒီပန်းတိုင်ကို ရောက်ရင် ပြည်သူတွေက ဘယ်လိုအခွင့်အရေးမျိုးတွေ ရရှိခံစားရမယ်၊ ဘယ်လို ဖော်ဆောင်ပေးမယ်ဆိုတာကို တိတိကျကျရေရေရာရာ ရှင်းလင်းပြတာ၊ ပြဋ္ဌာန်း ထားတာတွေ မရှိပါဘူး။ ခုလက်တွေ့မှာတောင် ဒါတွေကို လက်တွေ့ (အဖွဲ့အစည်းထဲမှာရော၊ အုပ်ချုပ်ရေးနယ်မြထဲမှာပါ) လုပ်နိုင်တာမဟုတ်တော့၊ ရေးပြထားလည်း အပိုပါပဲ။ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သလို ဖြစ်သွားမယ် မဟုတ်ပါလား။ ဗမာပြည် စစ်အာဏာ ရှင်များရဲ့ ဖခင်ကြီး ဗိုလ်နေဝင်းတောင် ကတိတည်တာမတည်တာ အပထား၊ “ပြည်သူလူထု အပေါင်းအား အစားဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒုက္ခ၊ အူမမတောင့်နိုင်၍ သီလမစောင့် နိုင်သော ဒုက္ခတည်းဟူသော လူမှုဒုက္ခ အပေါင်းမှ လွတ်မြောက်စေ” ရမယ်။ “သာယာဝပြောသော ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက်မည်” လို့ ကတိပေးရဲခဲ့ပါတယ်။ (၄) နှစ် (၅) နှစ်သာ အာဏာယူထားခွင့်ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲဝင် ပါတီတွေတောင် ကတိကဝတ်တွေ အတိအကျပေးပါတယ်။ ဥပမာ အခွန်ရှော့ပေါ့မယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးမယ် စသည်ဖြင့်။

ဒီနေရာမှာ၊ ၁၉-ရာစုအလယ်လောက်က တရုတ်ပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ တိုင်ပင်းသူပုန် (Taing Ping Rebellion-1855-1873) နဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ အဲဒီကာလတုန်းက တော်လှန်ရေး သဘောတရားတွေတောင် တရုတ်ပြည်ကို ရောက်မလာသေးပါဘူး။ ၁၉၁၁-ခုနှစ် သမ္မတနိုင်ငံ တည်ထောင်ရေး တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ဆွန်ယက်ဆင်လက်ထက်ကျမှသာ (ဒါတောင် ၁၉၁၇-ခုနှစ် ရုရှပြည် မဟာအောက်တိုဘာ တော်လှန်ရေးနောက်ပိုင်းမှာ မပြီးဆုံး သေးတဲ့ တော်လှန်ရေးအတွက် နည်းလမ်းရှာရင်း) တော်လှန်ရေးသဘောတရားတွေကို တင်သွင်းခဲ့တာပါ။ ဒီ သူပုန်လှုပ်ရှားမှုမှာတောင် ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်သိမ်းရေး၊ မြေယာမြေချမ်းရေးတွေကို ဆောင်ရွက်တဲ့အပြင် လူတန်းစားတွေနဲ့ ယောက်ျား၊ မိန်းမ တန်းတူညီမျှခွင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အရင် ဘယ်ခေတ်တုန်းကနဲ့မှ မတူဘဲ၊ အ မျိုးသမီးတွေကို စာမေးပွဲဝင်ဖြေခွင့်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ယိုယွင်းသွားခဲ့တယ်ဆိုပေမယ့် ဒီသူပုန်လှုပ်ရှားမှုဟာ ဒီပေါ်လစီတွေကို အကောင်အထည်ဖော်ခဲ့တာတော့ အမှန်ပါပဲ။ ကျနော်တို့ရဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းအများစုဟာ အဲဒီသူပုန်လှုပ်ရှားမှု လောက်မှ အဆင့်ရှိပါရဲ့လား။

“လူမျိုးရေး၊ လူမျိုးရေး” လို့ ပြောကြပါတယ်။ အဲဒီလူမျိုးတွေထဲမှာ လူတန်းစားတွေ ရှိနေတာကို မမြင်မတွေ့နိုင်တာ မဟုတ်ပါ။ (“ဒို့က ဒို့လူမျိုးဆိုတာပဲ သိတယ်။ လူတန်းစားတွေ ဘာတွေ နားမလည်ဘူး” လို့ ပြောမယ်ဆိုရင် အဲဒီခေါင်းဆောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅ဝ) လောက်က တိုင်ပင်သူပုန်ခေါင်းဆောင် ဟောင်ဇူကွမ်း (Hong Xiuquan) လောက်တောင်မှ အမြင်မရှိဘူးလို့ ပြောရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်က အပေါ်စီးလူတန်းစားနေရာမှာ နေနေတာကို မမြင်ရအောင် ကိုယ့်ပြည်သူတွေရဲ့ မျက်လုံးထဲ ‘လူမျိုးရေး’ သဲပက်ထားတာလား။ ဒါပေမယ့် လူထုက အဲဒီ ခေါင်းဆောင်တွေ ချမ်းသာနေတာကို မေးငေါ့ တာဟာ လူတန်းစားအမြင်ပါပဲ။) ကျနော်တော်လှန်ရေးထဲ ရောက်စတုန်းက လူမျိုးစုအဖွဲ့ အစည်းထဲက အလတ်တန်း အထက်ဆင့် ခေါင်းဆောင်တယောက်က “လူလူချင်း ဆက်ဆံနေ တယ် ဆိုပေမယ့် တကယ်တော့ လူတန်းစားချင်း ဆက်ဆံနေရတာပါ” လို့ ပြောဖူးပါတယ်။ ဒါက သူ့တဦးချင်းရဲ့အမြင်ပဲ ဖြစ်ပါတယ်။ သူ့အဖွဲ့အစည်းမှာတော့ ဒီအမြင်မျိုးကို တညီတညွတ်တည်း လက်ခံထားကြတာ မဟုတ်ပါဘူး။ ‘လူမျိုးရေး’ ကိုပဲ အလွယ်ပြောနေ ကြပါတယ်။ သူတို့ ပြည်သူတွေအပေါ် သူတို့ဆက်ဆံနေပုံကို ထောက်ပြီးပြောရရင် “ဗမာတွေ အုပ်ချုပ်တာကို ဒို့လက်မခံဘူး” ဆိုတာပဲဖြစ်ပါတယ်။ ဒီထက် ပိုပြီး ပြောရရင် “ဗမာတွေမဖိနှိပ်စေရဘူး၊ ဒို့ပဲဖိနှိပ်မယ်” ဆိုတာပါပဲ။ တကယ်တော့ လူမျိုးစုပြည်သူတွေဟာ ဘယ်သူ့ဖိနှိပ်မှုကိုမှ ခံလိုကြမယ်မဟုတ်ပါဘူး။ ဗြိတိသျှနယ်ချဲ့၊ ဂျပန်ဖက်ဆစ်နယ်ချဲ့တွေရဲ့ ဖိနှိပ်မှုကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ဗမာပြည် ပြည်သူတွေဟာ ဗမာအမျိုးသား အုပ်စိုးသူတွေရဲ့ ဖိနှိပ်မှုကိုလည်း ခေါင်းငုံ့မခံခဲ့ကြတာ ဒီနေ့ မျက်မြင်ကိုယ်တွေ့ပါပဲ။

ဒို့လူမျိုးအတွက် ဒို့လုပ်နေကြတာပဲဆိုတဲ့ အမြင်လောက်ပဲရှိတော့၊ တဖက်က တော်လှန်ရေးလို့ ပြောပြီး တဖက်မှာတော့ ကိုယ်ကျိုးလုပ်ကြပါတယ်။ ဒီလိုကိုယ်ကျိုးလုပ်တာဟာ တရားတယ် လို့ မြင်နေပုံရပါတယ် (“တော်လှန်ရေးအတွက် ငါ ဒီလောက်နှစ်ပေါင်းများစွာ လုပ်ခဲ့တာပဲ၊ ဒီလောက်တော့ ငါခံစားခွင့်ရှိတာပေါ့” ဆိုတဲ့ ကိုယ်တရားကိုယ် ထူထောင်၊ ကိုယ့်ကိုယ်ကိုယ် ဆုချတတ်တဲ့ လူစားမျိုးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အတော်များများတွေ့ရ ပါတယ်။) တောမှာလည်းတော၊ အာဏာအလျောက် ရထားတဲ့အာဏာကို အသုံးချပြီး စီးပွားရေးလုပ်ပါတယ်။ အောင်မြင်ကြပါတယ်။ မအောင်မြင်ဘဲ ဘယ်ရှိပါ့မလဲ။ အရှင်သခင်တယောက်လို အာဏာရှိပြီး၊ အလွယ်ရတဲ့ ငွေကြေးကလည်းရှိပြန်တော့၊ နှုတ်က အသံမထွက်တာတောင် အကျေနပ်ကြီးကျေနပ်နေပြီပေါ့။ စစ်အစိုးရရဲ့ ဖိနှိပ်သတ်ဖြတ်မှု၊ လုယက်မှုစော်ကားမှုတွေကို အလူးအလဲခံစားနေရတဲ့ပြည်သူတွေအဖို့ ဒီစစ်အစိုးရကို ခါးသည်းနာကြည်းပါတယ်။ စစ်အစိုးရအပေါ်မှီခိုပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ အဖွဲ့အစည်းတွေ (အောက်ခြေငယ်သားတွေကို မဆိုလိုပါ) ကတော့ သူတို့ပါးစပ်က ဘာပြောပြော လက်ရှိ အခြေအနေကို ကြိတ်ပြီး ကျေနပ်နေကြပါတယ်။ လက်ရှိအခြေအနေလို့ ဆိုရာမှာ အတိအကျ ပြောရရင်၊ အခု ၂ဝဝ၉-ခုနှစ် ဆန်းပိုင်းအခြအနေပဲဆိုပါတော့။ ကိုယ့်အိမ်၊ ကိုယ့်စီးပွားရေး လုပ်ငန်းတွေကို မြို့ရွာတွေမှာ အခြေစိုက်ထားတဲ့ (တချိန်က တောတွင်း) လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်ဆိုသူတွေဟာ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ သာယာနေတဲ့ ဘဝအ ခြေအနေတွေ အရာယွင်းသွားမှာ သို့မဟုတ် ဆုံးရှုံးသွားမှာစိုးလို့ လက်ရှိအခြေ အနေပြောင်းသွားမှာကို မျက်ကလဲဆန်ပြာ စိုးရိမ်နေကြတာ မျက်မြင်ထင်ရှားပါပဲ။ ဒီတော့၊ သူတို့တလျှောက်လုံး ပြောလာခဲ့တဲ့ အမျိုးသားရေးဆိုတာကို ဘေးချိတ်ပြီး စစ်အစိုးရ ပြုသမျှနုကြတော့မှာပါ။ ဒီနေရာမှာ စစ်အစိုးရရဲ့ အာဏာစက်နဲ့ဝေးရာ သို့မဟုတ် အိမ်နီးနားချင်းတိုင်းပြည်တွေထဲမှာ အခြေချထားသူတွေအနေနဲ့ စစ်အစိုးရကို ဆက်လက် အန်တု (ဒီစကားလုံးပဲ သုံးချင်ပါတယ်။ တော်လှန်ဆိုတဲ့စကားနဲ့မထိုက်တန်ပါဘူး) မယ်ဆိုရင် ဆက်လက် အန်တုလာစရာရှိပါတယ်။ ဒါပေမယ့် ပြည်သူအတွက် မရေရာတဲ့ ကတိတွေ ပေးပြီး၊ ကိုယ်ကျိုးရှာနေသရွေ့တော့၊ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပလဲနံပသင့်ပြီး ဖိအားပေးလို့ဖြစ်စေ၊ အခြားသော အကျပ်အတည်းများကြောင့်ဖြစ်စေ၊ ခံနိုင်ရည်မရှိတော့ရင်၊ (နဂိုမူလက ရှိနေတဲ့ ကိုယ်ကျိုးကြည့်စိတ်ဓာတ်ကြောင့်) ကိုယ်လွတ်ရုန်းသွား ကြစရာရှိပါတယ်။

အရင်းစစ်က အမြစ်မြေက ဆိုသလို ဒီအဖွဲ့အစည်းတွေဟာ (ဒီနေရာမှာလည်း ဒီအဖွဲ့အစည်းတွေထဲက လွှမ်းမိုးနေတဲ့ အင်အားစုကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နားလည်တဲ့ ပုဂ္ဂိုလ်တွေကို သိမ်းကျုံးပြောမိရာ ရောက်မှာစိုးလို့ပါ) မတရားသဖြင့် အုပ်စိုးတဲ့ အစိုးရအဆက်ဆက်ကို တွန်းလှန်ဖြိုချပြီး၊ ငြိမ်းချမ်းသာယာတဲ့ အမျိုးသားနိုင်ငံတော်တရပ် (စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့လည်း ပြောနိုင်ပါတယ်) တည်ဆောက်လိုတဲ့ဆန္ဒ အမှန်တကယ်မရှိဘဲ၊ အစိုးရအာဏာစက် အလှမ်းမမီရာ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံလေးတွေရဲ့ အစိုးရ တွေ (တချို့အဖွဲ့အစည်းတွေဆိုရင် အစိုးရဆိုတဲ့ အမည်ကို မြိန်ရေရှက်ရေသုံးပါတယ်။ နောက်ပိုင်းမှာ အခြေမလှတော့မှ မသုံးတော့တာကို တွေ့ရပါတယ်)၊ သို့မဟုတ် တဘက်နိုင်ငံရဲ့ နယ်စားလေးတွေ၊ သို့မဟုတ် ဟိုးရှေးရှေး ဘုရင့်နိုင်ငံတော် (Kingdom) ခေတ်က ဘုရင်လေးတွေလို ‘စိုးစံ’ နေလိုကြတာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီလိုပြောရပါသလဲ။။
နိုင်ငံတကာ အသိအမှတ်ပြုအာဏာကို လက်ကိုင်ထားတယ်ဆိုတဲ့ လက်ဦးမှုလည်းရှိ၊ တတိုင်းပြည်လုံးရဲ့ အခြေခံအဆောက်အအုံ အပါအဝင် အရင်းအမြစ်တွေကို ချုပ်ကိုင်ထားပြီး နှိုင်းယှဉ်ချက်အရ ပိုမိုအားကြီးစွာ လူမျိုးရေးဝါဒမှိုင်း တိုက်နိုင်တဲ့ အစိုးရကို တွန်းလှန်ဖြိုဖျက်ဖို့ ဆိုရင် တောတွင်းလက်နက်ကိုင်အင်အားစုတွေသာမက စစ်အစိုးရကို ဆန့်ကျင်တဲ့ အခြားအင်အားစုမှန်သမျှနဲ့ သွေးစည်းညီညွတ်မှုတရပ် တည်ဆောက်ရမယ်ဆိုတာ လူတိုင်းနားလည်တဲ့အချက်ပါ။ တပ်ပေါင်းစုတွေ တည်ဆောက်ခဲ့သားပဲလို့ ပြောချင်ပြောကြ ပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တပ်ပေါင်းစု တည်ဆောက်လိုတဲ့စေတနာရှိ၊ မရှိဆိုတာကို အဲဒီတပ်ပေါင်းစုတွေဟာ ဘယ်လောက်အထိ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့သလဲ၊ အဲဒီလို ထိထိရောက်ရောက် စွမ်းဆောင်နိုင်အောင် ဘယ်လောက် အစဉ်တစိုက် ကြိုးပမ်းနေသလဲ၊ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲ ဆိုတာနဲ့ပဲ တိုင်းတာရပါလိမ့်မယ်။ လက်တွေ့မှာ တပ်ပေါင်းစုအကျိုးထက် တဖွဲ့ချင်းအကျိုး (ဒီထက်ပိုပြီးပြောရရင် တဖွဲ့ချင်းအထဲမှာ တဦးချင်းအကျိုး) ကိုသာ ကြည့်ခဲ့ကြလို့ တပ်ပေါင်းစုတွေ ဘယ် အခြေအနေရာက်နေသလဲဆိုတာ မျက်မြင်ထင်ရှားပါပဲ။ ဒီအချက်ကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့အစည်းအများစုဟာ စစ်အစိုးရကို တွန်းလှန်ဖြိုချရေးအတွက်မဟုတ်ဘဲ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ မင်းမူနေရရုံနဲ့ ကျေနပ်နေခဲ့ကြတယ်ဆိုတာ သိသာပါတယ်။

ဒါပေမယ့် အဲဒီအဖွဲ့အစည်းအသီးသီးက သူတို့ကိုယ်စားပြုထားသယောင်ယောင်ပြောနေတဲ့ သို့မဟုတ် သူတို့ကိုယ်စားပြုထားတယ်လို့ အထင်ရောက်နေတဲ့ ဒေသခံပြည်သူအသီးသီးက တော့၊ စစ်အစိုးရဖိနှိပ်မှုကို တွန်းလှန်ဖြိုဖျက်ရေးအတွက် တတိုင်းပြည်လုံး သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ရမယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ထားကြပါ တယ်။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေလို သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်နေကြတာမဟုတ်ပါဘူး။ ဒီအချက်ကိုကြည့်ရင် ဒီအဖွဲ့အစည်းတွေရဲ့ (ခေါင်းဆောင်တွေရဲ့) အကျိုးစီးပွားနဲ့ သူတို့ကိုယ်စားပြုပါတယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားဟာ တခြားစီပဲလို့ ဆိုနိုင်ပါတယ်။ ဒီတော့ သူတို့ဟာ သက်ဆိုင်ရာလူမျိုးစုပြည် သူတွေကို ကိုယ်စားပြုသူတွေမဟုတ်ပါဘူး။ လူမျိုးအမည်ခံထားရုံနဲ့ ဒီလူမျိုးကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာအစိုးရလို့ အမည်တပ်ပြီး ကုလသမဂ္ဂမှာ ပါဝင်နေရုံနဲ့ မြန်မာပြည်တပြည်လုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုသူတွေလို့ မဆိုနိုင်သလိုပေါ့။

သာဓကဆောင်ပြပါမယ်။
ဗိုလ်နေဝင်းရဲ့ မဆလ စစ်အစိုးရက ‘ဆိုရှယ်လစ်’ ဆိုင်းဘုတ်တပ်ပြီး ရှိရှိအမျှ စီးပွားရေး လုပ်ငန်းတွေကို ‘ပြည်သူပိုင်’ သိမ်းခဲ့တဲ့ ၁၉၆၄ ခုနှစ်ကစပြီး ၁၉၈၈ ခုနှစ်အထိ ကာလအတွင်း မှာ မှောင်ခိုဈေးကွက်ကြီး ထွန်းကားခဲ့ပြီး၊ နယ်စပ်ဒေသရဲ့ သွင်းကုန်ပို့ကုန် အခွန်အကောက် တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက နေ့စဉ်သိန်းသန်းနဲ့ချီပြီး ရပါတယ်။ ဒါ့အပြင် စစ်အစိုးရရဲ့ တပ်တွေကလည်း နယ်စပ်အထိ မထိုးဖောက်နိုင်သေးတော့ သစ်ထုတ်လုပ်ရေး လုပ်ငန်း၊ ဓာတ်သတ္တုနဲ့ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွေဆီကလည်း မနည်းလှတဲ့ အခွန်အကောက်တွေ ရခဲ့ပါတယ်။ (ခွန်ဆာအဖွဲ့လို အဖွဲ့အစည်းမျိုးကျတော့၊ ဘိန်းကုန်ကူးလို့ ဒီ့ထက်တောင် ဝင်ငွေကောင်းသေးတယ်လို့ သိရပါတယ်) ဒီ လက်နက်ကိုင် အဖွဲ့အစည်းအများစုမှာကလည်း ခေါင်းဆောင်တွေကိုယ်ကျိုးရှာတာ၊ ဥစ္စာဓန ပိုင်ဆိုင်တာကို တရားတယ်လို့ပဲ နားလည်ထားကြလို့ (အင်အားကြီးတယ်ဆိုတဲ့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်ကြီးက “ဒီကောင်က ကိုယ်ကျိုးမလုပ်ဘူး။ ငါကတော့ ကိုယ်ကျိုးမလုပ်ဘဲ မနေနိုင်ဘူး” လို့ လူပုံအလယ်မှာ ပြောပါတယ်တဲ့) တချို့အဖွဲ့အ စည်းတွေရဲ့ ခေါင်းဆောင်တွေ ချမ်းသာသွားခဲ့ကြတာကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ကြဖူးသူတွေ မှန်သမျှ သိကြပါတယ်။

သူတို့တတွေက စစ်အစိုးရရဲ့ ရန်က ဝေးရာမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်နေကြတော့ စစ်အစိုးရရဲ့တပ်တွေ ကိုယ့်နယ်မြေထဲ ဝင်လာတဲ့အခါ တိုက်ရုံကလွဲလို့ တတိုင်းပြည်လုံး သွေးစည်းညီညွတ်ပြီး၊ တိုက်ပွဲဝင်ဖို့ စိတ်မဝင်စားခဲ့ကြပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်လိုတဲ့ ဒေသခံပြည်သူအသီးသီးကတော့၊ (အဲဒီ လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ခေါင်းဆောင်မှုမပါဘဲ) တတိုင်းပြည်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ တွေမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ လူမျိုးရေးစကား၊ သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်မနေကြပါဘူး။ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့၊ တတိုင်းပြည်လုံးမှာရှိတဲ့ ဒေသအသီးသီးပြည်သူတွေ တခဲနက်နဲ့ တက်တက် ကြွကြွပါဝင်ခဲ့ကြတဲ့ (၈) လေးလုံး အရေးတော်ပုံ ဒီမိုကရေစီရရှိရေးတိုက်ပွဲ၊ ၂ဝဝ၇ ခုနှစ် သံဃာလှုပ်ရှားမှုအကြို ကျောင်းသား လှုပ်ရှားမှု၊ သံဃာလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရှားမှုတွေမှာ ဒေသအသီးသီး ပြည်သူတွေ ပါဝင်ခဲ့တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုတွေနဲ့ ပါဝင်ခဲ့တာ မဟုတ်ပါဘူး။ သံဃလှုပ်ရှားမှုအကြို ကျောင်းသားလူငယ်လှုပ်ရှားမှုကာလမှာ ရှမ်းလူငယ်အဖွဲ့ ခေါင်းဆောင်က ဘီဘီစီနဲ့တွေဆုံမေးမြန်းခန်းမှာ သူတို့လည်း ပူးပေါင်းပါဝင်မယ်။ မိမိတို့အမျိုးသား အပစ်အခတ်ရပ်စဲရေးအဖွဲ့ရဲ့ သဘောထားကို ဂရုစိုက်မနေနိုင်ပါဘူးလို့ ပြောခဲ့တာကိုကြည့်ရင် သိသာပါတယ်။ ဒါ့အပြင် လူမျိုးစုပြည်သူများရဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ စီအာပီပီထဲမှာ ပူးပေါင်းပါဝင်ပြီး စစ်အစိုးရကို ဆန့်ကျင်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေးခရီးစဉ်တလျှောက်လုံးမှာ လူမျိုးစုပြည်သူအသီးသီးက သောင်းသောင်းဖြဖြကြိုဆိုကြတာတွေဟာ အထင်အရှားပါပဲ။

စစ်အစိုးရကို တိုက်ဖျက်ရေး တတိုင်းပြည်လုံးသွေးစည်းရေးကိစ္စမှာ စုစည်းလို့ မရလောက်အောင် ရှောင်ဖယ်ဖယ် လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ (အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ) ဟာ စစ်အစိုးရက သံဃာ့လှုပ်ရှားမှုကို နှိပ်ကွပ်လို့ ကောင်းတုန်းအချိန်မှာလုပ်တဲ့ သံဃာ့လှုပ်ရှားမှု တန်ပြန်ရေး ‘အခြေခံဥပဒေကြိုဆိုထောက်ခံပွဲ’ မှာ တညီတညွတ်တည်း တက်ရောက်ပြီး စစ်အစိုးရအတွက် (ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အင်အားပြပေးခဲ့ကြပါတယ်။ တချို့ထိပ် သီးခေါင်းဆောင်တွေဆိုရင် မျက်နှာပြောင်ပြောင်နဲ့ စင်မြင့်ပေါ်တက်၊ မိန့်ခွန်းပြောပေးတဲ့အထိ စစ်အစိုးရအလိုကျ လူထုဆန့်ကျင်ရေး လုပ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ့လှုပ်ရှားမှုဟာ သူတို့ပြောတဲ့ ‘မဟာဗမာ’ သံဃာတွေ သက်သက်ရဲ့ လှုပ်ရှားမှုမဟုတ်ဘဲ၊ ဘုန်းတော်ကြီးကျောင်းများရှိရာ ဒေသအားလုံးက ရဟန်း သံဃာတော် မှန်သမျှ (ရခိုင်၊ မွန်၊ ရှမ်း၊ ကရင် အစရှိတဲ့ လူမျိုးပေါင်းစုံ ရဟန်းသံဃာတော်များ) ပါဝင်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခဲ့ကြပြီး၊ ပြည်သူလူထုအကျိုးကို ကိုယ့်အကျိုးရဲ့ အစွန်းထွက်လောက်ပဲ သဘောထားတဲ့ တောတွင်းအဖွဲ့အစည်းတွေဟာ ခုတော့ ပြည်သူလူထုရဲ့ စိတ်ရောကိုယ်ပါလိုက်ပါမှု မရှိတော့တဲ့အဆုံးမှာ စစ်အစိုးရရဲ့ ရှေ့မှောက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဒူးထောက်နေကြရပါပြီ။ ရှေ့အလားအလာကိုကြည့်ရင် စစ်အစိုးရရဲ့ သူခိုးသေဖော်ညိရာမှာ စစ်အာဏာရှင်ဇာတ်ဝင်တွေ ဖြစ်ကုန်ကြဖို့ပဲ ရှိပါတော့တယ်။ (လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်တုန်းက အပစ်အခတ်ရပ်စဲရေးအဖွဲ့ထဲက အလတ်တန်းအဆင့် ခေါင်းဆောင်တယောက်ကို ကျနော်က “စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို သူတို့ ဇာတ်ထဲသွင်းဖို့ ကြိုးစားနေပုံရတယ်” လို့ပြောတော့ အဲဒီပုဂ္ဂိုလ်က “ဝင်တောင်ဝင်နေပြီ” လို့ ပြန်ပြောခဲ့ပါတယ်။)

အထက်ပါအချက်တွေကို ခြုံပြီးပြောရရင် တော်လှန်ရေးဆိုတာကိုလုပ်ပြီး ကိုယ်ကျိုးဖက် တယ်ဆိုရင် ကျဆုံးမယ့်လမ်းကို သွားနေတာဖြစ်တယ်။ မိမိတို့ အပြောကြီးပြောခဲ့တဲ့ ရန်သူ့လက်အောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ရှိုဝင်၊ ဒူး ထောက်ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ ဘာကိုလိုတယ်ဆိုတာကို စစ်အစိုးရက ကောင်းကောင်းကြီး နား လည်တယ်ထင်ပါရဲ့။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို လက်နက်ကိုင်တိုက်ပွဲ ကာလတုန်းကလို မဟုတ်ဘဲ မြို့ရွာတွေမှာ စီးပွားရေးလုပ်ခွင့်တွေသာမက ဘိန်းကုန်ကူးခွင့်ပါပေးပါတယ်။ အပစ်အခတ်ရပ်စဲရေးမလုပ်တဲ့ အဖွဲ့တွေကိုတော့ စီးပွားရေးလုပ်ခွင့် လုပ်ငန်းလိုက်စင်၊ အခွန်- ဒါကိုတော့ ဆက်ကြေးလို့ ကျနော်ရဲရဲပြောဝံ့ပါတယ်။ ကောက်ခွင့်တွေ ပေးပြီး ခွဲထုတ်စည်းရုံးပါတယ်။ ဒီလိုနဲ့ စစ်အစိုးရက တောထဲက အတိုက်အခံအင်အားစုတွေကို အညှာကိုင်ပြီး ချိုးနှိမ်ပစ်ပါတယ်။ မြို့ပေါ်က အင်အားစုတွေကိုတော့ လက်နက်အားကိုးနဲ့ ထင်သလိုရမ်းကားဖိနှိပ်နိုင်ပြီပေါ့။ ဒါ ကြောင့်လည်း ဒီလက်နက်ကိုင်အင်အားစုတွေဟာ စစ်အစိုးရရဲ့ ကြံရာပါတွေလို့ အထက်မှာ ကျနော်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ ကျဆုံးသွားတာတော့ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်က ကျဆုံးရမှာပါ။ ဘယ်သူတွေ သစ္စာဖောက်သွားပါစေ၊ ပြည်သူလူထု ကတော့ ဆက်လက်တိုက်ခိုက်သွားမှာ မုချပါပဲ။ ၁၉၂ဝ ပြည့်နှစ် ဝန်းကျင်က ဝံသာနု လှုပ်ရှားမှုကိုသာ အမှတ်ရစရာဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား ပြည်သူ တွေရဲ့ အခွင့်အရေးတွေကို ကျောခိုင်းပြီး ဝံသာနုခေါင်းဆောင်အများစုက ဗြိတိသျှတွေပေးတဲ့ ငါးထောင်စားအမတ် ရာထူးနောက်ကို ငန်းငန်းတက် လိုက်သွားခဲ့ကြပေမယ့် ဝံသာနုတွေ တောင်းဆိုခဲ့တဲ့ ဟုမ္မရူး (ကိုယ်ပိုင်အုပ်ချုပ်ရေး) ထက်တောင် အဆင့်မြင့်တဲ့ အမျိုးသား လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်လာခဲ့တယ်မဟုတ်ပါလား။

ဒီနေရာမှာ ကျနော်ကြားဖူးတဲ့ ဖြစ်ရပ်တခုကို တင်ပြလိုပါတယ်။ လူလတ်ပိုင်းအရွယ် ပညာတတ်တယောက်ဟာ (၈) လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး တောခိုလာခဲ့ပါတယ်။ သားမယားတွေကို ပစ်ထားခဲ့ရသူပါ။ နဂိုက တော်လှန်ရေးသမားဖြစ်ဖို့ တည်ဆောက်ထား ခဲ့တာ မဟုတ်တော့ တောတွင်းအဖွဲ့အစည်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေရဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ညစ်ပြီး လက်နက်ချသွားခဲ့ပါတယ်။ သူ့ကို စစ်ကြောမေးမြန်းတဲ့ ရန်သူ့ထောက်လှမ်းရေးက သူ့ကို အပေါ်စီးနဲ့ “ခုတော့ ခင်ဗျားတို့ ဘာတတ်နိုင်တော့လဲ” လို့ မေးပါတယ်တဲ့။ ဒီတော့ သူက “အင်းလေ ဒီတပွဲတော့ ကျနော်တို့ ရှုံးသွားပြီပေါ့ဗျာ” လို့ ပြန်ပြောပါတယ်တဲ့။ ပြည်တွင်းကလာတဲ့ သူနဲ့သိသူတယောက်က ပြောပြတာပါ။

သူပြောတာမှန်ပါတယ်။ ရိုးရိုးသားသားနဲ့ ရဲရဲဝန်ခံရမယ်ဆိုရင် ဒီတပွဲ ဒီတကွေ့မှာ ကျနော်တို့ စစ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရှိနေသရွေ့ ကျနော်တို့တော်လှန်ရေးက နိဂုံးချုပ်သွားမှာမဟုတ်ပါဘူး။

အမေရိကန်လို အင်အားကြီးနိုင်ငံကြီးရဲ့ ဝင်ရေက်ကယ်တင်ပေးမှုကို မျှော်နေလို့လည်း မရပါဘူး။ အမေရိကန်က အီရတ်အရေးနဲ့တောင် မထွေးနိုင်မအန်နိုင်ဖြစ်နေတာကို အားလုံးအသိပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြားဝင်ပေးမှုကို အားထားရအောင်လည်း ကုလသမဂ္ဂက (သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းပြောသလို) သွားမရှိတဲ့ ကျားကြီးပါ။

လက်နက်ကိုင်တော်လှန်ရေးကလွဲလို့ စစ်အစိုးရကို ရှင်းပစ်စရာ တခြားနည်းလမ်းမရှိပါဘူး။ ဒါပေမယ့် တိုင်ပင်း သူပုန်လို သူပုန်မျိုးလောက်တောင်မှ အဆင့်မရှိဘဲနဲ့ ဆက်စခန်းသွားနေ ရင် တိုင်းပြည်နဲ့ ပြည်သူတွေ ဒုက္ခရောက်ရုံပဲရှိမှာပါ။ စစ်မှန်တဲ့ တော်လှန်ရေးတရပ်ကို အတွေး အခေါ်သစ်၊ နည်းလမ်းသစ်တွေနဲ့ ကိုယ်ကျိုးမဖက်ဘဲ ဆက်လက်ဆင်နွှဲ သွားဖို့လိုတာအမှန်ပါ။

(ခေတ်ပြိုင်)

Friday, December 19, 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။

Monday, December 15, 2008

ကျောင်းသားနဲ့ နိုင်ငံရေး

မောင်စွမ်းရည် (၁၅-၁၂-၀၈) ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရဆိုတဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးတယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။

“စစ်သား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” ဆိုတာတော့ စဉ်းစားခွင့်ကို ပေးမှာမဟုတ်ဘူး။ “လုပ်သင့်တယ်” ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ။ “မလုပ်သင့်ဘူး” ဆိုရင်လည်း သူတို့ စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ ဒုက္ခ။ သူတို့က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်း ဟုတ်သလိုပဲ။ သူတို့က နိုင်ငံရေးမလုပ်ဘူး၊ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့ ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ “နိုင်ငံရေးလုပ်စား” ကြတာပါ။ .


တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေး တိုက်ပွဲလည်း ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောက မဂ္ဂဇင်း အယ်ဒီတာ၊ ဘာသာပြန်ဆရာ လုပ်နေရာက ထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲမဟုတ်လား။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေါင်းဆောင် “လူကြီးလူကောင်း” တွေ ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေ အသက်ပေးမြှင့်တင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲမဟုတ်ပါလား။

ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ ခုနှစ်ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းပေါ်ဖျားမှာ၊ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။

ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့ စစ်အာဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်)၊ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်) တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြဖို့ကို သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် “တပ်မတော်အစ ကျောင်းသားသမဂ္ဂ” လို့ ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ ကန့်ကွက်ငြင်းဆို ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။

လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။ ဒါလည်း ကျောင်းသားတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ “မှိုင်းရာပြည့်” တို့၊ “ဦးသန့်အရေးအခင်း”တို့၊ “ရှစ်လေးလုံး အရေးတော်ပုံ” တို့ဟာ ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့အကြောင်းရင်းက စစ်အစိုးရရဲ့ အာဏာရှင် လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက မခံမရပ်နိုင်ဖြစ်နေတဲ့ ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လတ်တလောကိစ္စတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ရတာကို ဗကပယူဂျီတွေကြောင့်လို့ တရားခံရှာရင် ဗကပပဲ ဂုဏ်တက်မှာပါ။ ဒီနေ့လည်း “မျိုးဆက်သစ်” လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ ထွက်လာခဲ့ကြတာပါ။

အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း ဆောင်းပါးရှင်ကို ကျောင်သားတယောက်က “လုပ်ရင် ဘာဖြစ်မလဲ” ဆိုတော့ “လုပ်စမ်းကြည့်ပေါ့၊ မင့်ဘ၀အညွန့်ကျိုးမှာပဲ” တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရ ပြောရရင် ထောင်ကျ၊ နှိပ်စက်ခံ၊ အသတ်ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေ “အညွန့်ကျိုးတယ်” ဆိုတော့ ထမေးတဲ့ ကျောင်းသားက ကျနော့်ကို ဒီကိစ္စ ပြန်ပြောတယ်။ ဆောင်းပါးရှင် ကျောင်းဆရာ သူပြောတာ စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် “ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ခဲ့ရင် ငါတို့မှာ ကျိုးစရာ အညွန့်တောင် ရှိမှာမဟုတ်ဘူး” လို့ ပြောလိုက်ရပါတယ်။

ပီနန်ဆရာတော်ကြီးက “အိမ်” ထဲမှာ နေသူတိုင်းဟာ “အိမ်” မိုးယိုတာ၊ ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလိုပဲ “နိုင်ငံ” ထဲမှာ နေကြတဲ့ နိုင်ငံသားတိုင်းဟာလည်း “နိုင်ငံ” နင်းကျိုးနင်းကျွံဖြစ်နေတာတွေ အတွက် တာဝန်ရှိကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့ ရဟန်းသံဃာတွေမှာလည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့ ထပ်တူပဲ အမေလူထု ဒေါ်အမာက ကျောင်းသားနဲ့ နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။

“အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲမဟုတ်လား။ သူတနေ့ လူကြီးဖြစ်လာအုံးမှာပဲ။ အဲဒီတော့ နိုင်ငံရေးမလုပ်ရင် “အ”တယ်။ ပြည်သူလူထုနဲ့အတူရောပြီး တက်ကြွရမှာပဲ၊ လှုပ်ရှားရမှာပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွှေ့ဒီရွှေ့ တခါတည်း ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က သိပ်ကြောက်နေတာ။ အဲဒါပဲ အမေမြင်တာ” တဲ့။ (လူထုဒေါ်အမာ)

ဒါကြောင့် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အညွန့်တလူလူထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကို မဖြစ်ပါဘူး။ ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲဆိုရင် စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။ ကျောင်းသားရော၊ သံဃာရော၊ သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။
(ခေတ်ပြိုင်)

စစ်အစိုးရရဲ့ရန်သူ နည်းပညာ

ဒီကနေ့တော့ မမခင်တယောက် အိမ်ရှင်မပီပီ အိမ်နားက ဈေးကလေးကို ဈေးဝယ်ထွက်ခဲ့ပါတယ်။ ဈေးထဲရောက်တော့ မမခင်ကို မြင်တာနဲ့ မမခင်ဝယ်နေကျ ဈေးသည်တွေက မေးတော့တာပဲ။ အသားသည်က မေး၊ ငါးသည်က မေး၊ ဟင်းသီးဟင်းရွက်သည်က မေးနဲ့။ သူတို့မေးတဲ့ မေးခွန်းက ကိုဇာဂနာတယောက် ထောင် ဘယ်လောက်ချခံလိုက်ရသလဲတဲ့။

SPDC's Enemy Technologyမေးကြမှာပေါ့ရှင်၊ ကိုဇာဂနာဆိုတာ ပြည်သူချစ်တဲ့ လူရွှင်တော်ကြီး မဟုတ်ပါလား။ မမခင်က ထောင်ဒဏ်တွေ အများကြီးပဲ၊ အခု (၅၉) နှစ်ဆိုလား ချထားတာတောင် အမှုက မကုန်သေးဘူးတဲ့လို့ပဲ ဖြေလိုက်ပါတယ်။ အဲတော့ သူတို့က ကိုဇာဂနာက ဘာတွေလုပ်လို့ ဒီလောက်များတဲ့ ထောင်ဒဏ်တွေ ကျရတာလဲတဲ့။ မမခင် ဘယ်လိုဖြေရမလဲ။


တကြောင်းက နာဂစ်ဖြစ်တုန်းက လူတွေ ဒုက္ခရောက်နေတာကို ကူညီလို့၊ နောက်တကြောင်းက ဟိုလေ ကွန်ပြူတာနဲ့ စာပို့လို့ရ၊ ဖုန်းဆက်လို့ရတဲ့ အင်တာနက်သုံးလို့တဲ့ရှင်လို့ ပြန်ဖြေရတာပေါ့။ အများနားလည် အောင်လို့ပါ။

အဲတော့ ဝက်သားသည် အဒေါ်ကြီးက ပြောပါတယ်၊ ကွန်ပြူတာနဲ့ စာပို့စာယူ ဖုန်းဆက်တာတော့ အဒေါ်လဲ လုပ်ချင်တယ်။ မလေးရှားကိုရောက်နေတဲ့ သားကြီးဆီကိုတဲ့။ အဲဒီစကားကိုကြားတော့ အနားက အရာရှိပုံနဲ့ ဈေးဝယ်နေတဲ့ အမျိုးသားတယောက်က မလုပ်နဲ့ မလုပ်နဲ့အဒေါ်၊ အီလက်ထရောနစ် ပုဒ်မဗျ။ ပုဒ်မက ထောင်ဒဏ်ကြီးလေးတယ်တဲ့။

ဒီလိုရှင့် ဒီလို ...၊ ကိုဇာဂနာကို ချမှတ်လိုက်တဲ့ အီလက်ထရောနစ် ပုဒ်မတွေအကြောင်း ဆွေးနွေးနေကြတာ။

တကယ်တော့ ဒီဥပဒေဟာ နည်းပညာကိုရန်ရှာတဲ့ ဥပဒေရှင့်။ ဒီဥပဒေက အခုလို နည်းပညာတွေ ပိုမိုတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ နအဖစစ်အစိုးရအဖို့ ပြည်သူကို ရန်ရှာစရာ လမ်းပေါက်ကြီးတခုပေါ့။ ဒီဥပဒေပုဒ်မနဲ့ ကိုဇာဂနာကိုသာမက ကိုနေဘုန်းလတ်တို့လို ဘလောဒ့်ဂါတွေကိုလည်း ထောင်ချခဲ့တာပဲ။ အကြောင်းမရှိအကြောင်းရှာ အင်နာနက်ဟာ သူတို့ရန်သူ ဖြစ်နေပြီလေ။

အင်တာနက်ပေါ်လာတော့ နားမျက်စိပိတ်နေတဲ့ ပြည်သူတွေ နားမျက်စိတွေ ပွင့်လာတယ်။ စစ်အစိုးရက မဖတ်စေချင်တဲ့ စာတွေ ဖတ်ရတယ်။ ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်တွေကို သိရတယ်။ ကမ္ဘာတဝှမ်းလုံးက ဘယ်သူနဲ့ပဲ ဆက်သွယ်ချင် ဆက်သွယ်ချင် လွယ်လင့်တကူ ဆက်သွယ်လို့ရတယ်လေ။ ဝန်ဆောင်မှုစရိတ်က နည်းနည်းလေးနဲ့ ရေးချင်တာရေးရ ပြောချင်တာပြောရဆိုတော့ လူတွေကြားမှာ အင်တာနက်သုံးစွဲမှု ပြန့်ပွားလာတာ အဆန်းလားရှင်။

လူပဲရှင် .... ပိုပြီးတော့ ကောင်းတာ လွယ်ကူတာကို နှစ်သက်တာ သဘာဝလေ။

မမခင်တို့နိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရကတော့ ဒါတွေကို သိပ်ကြောက်တယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာကို သိပ်ကြောက်တယ်။ လူတွေ နည်းပညာသစ်တွေနဲ့ ရင်းနှီးပြီး သူတို့ထားရာကို မနေ၊ စေရာကိုမသွားဖြစ်မှာကို သိပ်ကြောက်တယ်လေ။ ဒါကြောင့် ကိုဇာဂနာတို့လို ကိုနေဘုန်းလတ်တို့လို လူတွေကို နမူနာပြ ထောင်ချနေတာပေါ့။

နောက်ဆိုရင် အင်တာနက် သုံးစွဲတာမဟုတ်ဘူး၊ ကွန်ပြူတာကီးဘုတ်ကိုင်ရင် ထောင် (၁၀) နှစ်၊ အင်တာနက်ဆိုင်နားက ဖြတ်သွားတဲ့ လေကို ရှူမိရင် ထောင် (၅) နှစ်၊ မီး ခဏခဏပျက်နေတဲ့ မြန်မာပြည်မှာ အင်တာနက်ဆိုင်မှာ မီးလာပြီလားလို့ သွားမေးမိရင် ထောင် (၅) နှစ်တွေ ဘာတွေများ ဂမူးရှူးထိုး အရူးဟိုဟာပန်းများ လျှောက်လုပ်နေဦးမလားမသိပါဘူးရှင်။

စဉ်းစားကြည့်တော့။ နအဖစစ်ဗိုလ်ချုပ်ကြီးတွေရဲ့အဖြစ်က မမခင်တို့ အိမ်မှာမွေးထားတဲ့ ခွေးကလေး အောင်နက်ရဲ့ အဖြစ်နဲ့ တူလွန်းလို့ပါ။ အောင်နက် ဘာဖြစ်လဲသိလား။ တနေ့တော့ မမခင်တို့အိမ် ဖိနပ်ချွတ်မှာ အောင်နက်က ထိုင်နေတာရှင့်။ သူထိုင်နေတုန်း လေတိုးလို့ သူ့ဘေးနားက မမခင်စိုက်ထားတဲ့ ပန်းအိုးထဲက နှင်းဆီပန်းတွေက လှုပ်ပါလေရော။ အဲဒါကို အောင်နက်က သူ့ကိုရန်လုပ်တယ်ထင်ပြီး ထဟောင်တာရှင့်။ လေက တိုး၊ ပန်းက လှုပ်၊ အောင်နက်ကလဲ တဝုတ်ဝုတ်ပေါ့ရှင်..။ မောနေအောင် ဟောင်တော့တာပဲ။

ပန်းက ဘာမှမလုပ်ဘဲ လေတိုးလို့ ထဟောင်တဲ့ အောင်နက်လိုပဲ နအဖစစ်ဗိုလ်ချုပ်တွေလဲ အကြောင်းမရှိအကြောင်းရှာ လူတကာကို ရန်လုပ်နေတော့တာပါပဲ။ ရီတော့လည်း ရီစရာပါပဲ။ ဒီကနေ့ မြန်မာပြည် တနံတလျားက နိုင်ငံရေးသမားတွေရှိတဲ့ အကျဉ်းထောင်တွေထဲကို လှည့်ပတ်ဟောင်၊ အဲလေ ယောင်လို့။ လှည့်ပတ်ရန်ထောင်ခံနေရတဲ့ အဖြစ်ပါ။

တကယ်တော့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေဟာ အရင်းကို မစစ်လို့ပါရှင်။ အရင်းစစ်ရင် အမြစ်မြေကတဲ့။ အင်တာနက်သုံးစွဲသူ ကိုဇာဂနာတို့ ကိုနေဘုန်းလတ်တို့က ပညာတတ်တွေဆိုတော့ တိုးတက်လာတဲ့ နည်းပညာကို အသုံးချတတ်လို့ အသုံးချရုံပါပဲ။ အမြစ်ကတော့ တိုးတက်အောင်လုပ်နေကြတဲ့ အနောက်နိုင်ငံကြီးတွေက မိုက်ခရိုဆော့ဖ်တို့၊ ရာဟူးလ်တို့၊ ဂူဂဲလ်တို့လို ကုမ္ပဏီကြီးတွေပေါ့။

ကုမ္ပဏီကြီးတွေက နည်းပညာကို ကောင်းသထက်ကောင်းအောင်၊ မြန်သထက်မြန်အောင်၊ သွက်သထက်သွက်အောင် လုပ်ခဲ့ကြလို့ ကမ္ဘာတဝှမ်းလုံးက လူတွေအားလုံး အင်တာနက်ရေစီးကြောင်းထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ မျောပါခဲ့ကြတာ မဟုတ်ပါလား။ နအဖစစ်အစိုးရဟာ အရင်းကိုပဲ အရေးယူတယ်။ အမှန်တော့ အမြစ်ကိုရှင်းရမှာရှင့်။ အမြစ်ကို ရှင်းရမှာ။

မမခင်ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြောချင်တယ်။ သုံးစွဲသူတွေကို မဖမ်းပါနဲ့၊ အင်တာနက်ကို သုံးစွဲနိုင်အောင် အားထုတ်ခဲ့ကြတဲ့ ကုမ္ပဏီကြီးတွေကိုသာ ဖမ်းပါလို့လေ။

အဲလိုများဆို ဘယ်လောက်ကြည့်ကောင်းလိုက်မလဲရှင်...။ ကမ္ဘာတဝှမ်းက ကုမ္ပဏီကြီးတွေကို စစ်တပ်တို့ ရဲတို့ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ကို သုံးပြီးတော့ ဖမ်း၊ လက်ပြန်ကြိုးတွေနဲ့ တုတ်၊ ခြေထောက်တွေကို သံခြေကျင်းတွေနဲ့ ခတ်ပြီး ကိုဇာဂနာတို့ကို ခွေးတိုက်ထဲပို့သလို ပို့ပေါ့ရှင်။ ဒီလိုဆိုရင် တကမ္ဘာလုံးက လူတွေ မျက်လုံးမျက်ဆံတွေ ပြူးသွားလိမ့်မယ်။ နအဖစစ်အစိုးရဟာ နည်းပညာတိုးတက်မှုကို ဘယ်လို တားဆီးဆန့်ကျင် ကြောက်လန့်နေတယ်ဆိုတာ သိသွားကြလိမ့်မယ်။

ပြောမဲ့သာ ပြောတာပါ။ ကမ္ဘာကြီးရဲ့ နည်းပညာပြောင်းလဲတိုးတက်မှုကို ဘယ်သူကများ ဟန့်တားနိုင်မှာလဲ။ တားဆီးလို့ ရကောင်းတဲ့အရာမှ မဟုတ်တာ။ နောက်ဆိုရင် လက်ပ်တာ့လေးတလုံးရှိတာနဲ့ ကြိုးမဲ့ အင်တာနက်စနစ်တွေနဲ့ မြို့ပြတွေသာမက ကျေးလက်တွေအထိ သတင်းမှန်သမျှ ဖုံးမရ ဖိမရသလို ဆက်သွယ်ရေးစနစ်ဟာ ကြောက်စရာကောင်းလောက်အောင် ခြေဆန့်တော့မှာမို့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေ အခက်တွေ့လာတော့မှာပါ။ ပြည်သူတွေကို ဖမ်းချင်သလိုဖမ်းမရ၊ သတ်ချင်သလိုသတ်မရ၊ နယ်စပ်ဒေသတွေမှာ မုဒိမ်းမှုလို အမှုမျိုးတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့မရ၊ လုပ်ရင်လဲ လုပ်တာနဲ့ပေါ်၊ ဖုံးမရဖိမရ တကမ္ဘာလုံးက ချက်ချင်းသိကြမှာ။

မမခင်တို့ကတော့ နည်းပညာသစ်တွေ တိုးတက်လေလေ ဝမ်းမြောက်လေပါပဲ။ နည်းပညာသစ်တွေက နအဖဗိုလ်ချုပ်ကြီးတွေရဲ့ ဟိုဘက်နှားခေါင်းနဲ့ ဒီဘက်နှာခေါင်းကို ပိတ်ဆို့ထားလိုက်ရင် ကိုယ်တော်တွေ ဘာခံနိုင်ရိုးလဲ။ တခါတည်း အသက်ရှူကြပ်ပြီး သေသွားမယ်။ အဲဒီအခါ သူတို့ရဲ့ လက်ချောင်းတွေ သေနတ်မောင်းဆွဲဖို့ အချိန်မရဖြစ်သွားမှာ အသေအချာပါပဲရှင်...။
ရိုးမ ၃