သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Saturday, February 21, 2009

မစုစုနွေးကို ထောင်ဒဏ် လျှော့ချ

ချင်းမိုင်(မဇ္ဈိမ)။ ။ လူ့အခွင့်အရေး လှုပ်ရှားသူ စုစုနွေး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၅ ဦးထက် မနည်းကို အာဏာပိုင်များက လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်အတွင်း ထောင်ဒဏ်များ လျှော့ချခဲ့သည်။

အန်အယ်ဒီ အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်း ထန်းမနိုင်ကျေးရွာသူ မစုစုနွေးအား ၄ နှစ်ခွဲ၊ အမှုတွဲတူ ကိုဘိုဘိုဝင်းလှိုင်အား ၂ နှစ်ဖြင့် ယခုလ ၁၉ ရက်နေ့တွင် တိုင်းတရားရုံးက လျှော့ပေးခဲ့သည်။

"စုစုနွေးက အခု ၈ နှစ် ကျန်တယ်။ သူနဲ့ အမှုတွဲ ဘိုဘိုဝင်းလှိုင်ကိုတော့ ၂ နှစ် လျှော့ချလိုက်တော့ အခု ၆ နှစ် ကျန်သေးတယ်" ဟု မစုစုနွေး၏ ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခဲ့သည့် သူတို့နှစ်ဦးကို စတင်ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု အပါအ၀င် အခြားပုဒ်မများဖြင့် စွဲချက်တင်ကာ ပြစ်ဒဏ်များ ချခဲ့ခြင်းဖြစ်သည်။

အလားတူ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ ကျခံနေရသူ ဘလော့ဂါ နေဘုန်းလတ်အား ရန်ကုန်တိုင်း တရားရုံးက ယခုလ ၂၀ ရက်နေ့တွင် ၈ နှစ်ခွဲ လျှော့ပေးခဲ့သည်။

သူ့ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ အီလက်ထရောနစ် အက်ဥပဒေ၊ ဗီဒီယိုအက်တို့ဖြင့် ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးထောင်ချခံရသည့် ကိုစည်သူမောင် အပါအ၀င် ၇ ဦးအနက် ၆ ဦးအား ယခုလ ၁၆ ရက်နေ့က ၂ နှစ်ခွဲစီ ပြစ်ဒဏ် လျှော့ပေါ့မှုများ ပြုလုပ်ခဲ့သည်။

ကိုဇင်လင်းအောင်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ကိုမျိုးသန့် (ဂျွန်နော်တန်) (လှိုင်မြို့နယ်)၊ အန်အယ်ဒီ အဖွဲ့ဝင် ကိုရဲမင်းဦးနှင့် ကိုသိန်းဆွေ (ဖျာပုံ) တို့အား ၆ နှစ်ခွဲမှ ၄ နှစ်သာ ကျခံရတော့မည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစည်သူမောင်နှင့် အန်အယ်ဒီ အဖွဲ့ဝင် ကိုရဲမြန်ဟန်တို့ကို ယခင်က ၁၇ နှစ်ခွဲနှင့် ၁၆ နှစ်ခွဲစီ ကျခံခဲ့ရသည်။

အားလုံးကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု ၅၀၅ (ခ) ပုဒ်မအပြင် အခြား ပုဒ်မများဖြင့် ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။

သူတို့၏ ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က "စည်သူမောင် ပါ ၇ ဦးထဲမှာ ကိုကြည်ဖြူက အယူခံ မတက်ဘူး။ ကျမကို ပါဝါပေးတာ သူ မပါဘူး။ ၆ ယောက်အတွက်တော့ တက်ခဲ့တယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ကျမတို့ကတော့ ဥပဒေနဲ့ ငြိစွန်းမှု မရှိလို့ ချပေးတယ်လို့ ပြောရမယ်။ ဒါပေမဲ့ အခု ၅ဝ၅ (ခ) ကိုတော့ ဘယ်တယောက်ကိုမှ လုံးဝ မချသေးဘူး" ဟု ပြောသည်။

အလားတူပင် ထိုင်းအခြေစိုက် အတိုက်အခံ အဖွဲ့အစည်းတခုနှင့် ဆက်သွယ်သည်ဟု ဆိုကာ ထောင်ဒဏ် ၂၆ နှစ်စီ ကျခံနေရသည့် မန္တလေးမြို့မှ နိုင်ငံရေး အကျဉ်းသား မကေသီအောင်နှင့် ကိုဝေမျိုးထူးကို တိုင်းတရားရုံးက ယခုလ ၁၇ ရက်နေ့တွင် ၁၆ နှစ်စီ လျှော့ပေးခဲ့သည်။

ထို့အပြင် နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ ကူညီနေရင်း ဖမ်းဆီးထောင်ချခံခဲ့ရသည့် ကိုဇာဂနာနှင့် အမှုတွဲများတွင် အီလက်ထရောနစ် ပုဒ်မများဖြင့် ထောင်ကျခံထားရသူ ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်၊ ကတုံး (ခေါ်) ကိုတင်မောင်အေးတို့ကိုလည်း ယခုလ ၁၃ ရက်နေ့က ထောင်ဒဏ်များ လျှော့ချပေးခဲ့သည်။

ယခုအခါ ကိုဇာဂနာသည် မြစ်ကြီးနားထောင်၊ ကိုဇော်သက်ထွေးမှာ တောင်ကြီး၊ ကိုသန့်ဇင်အောင် ဘားအံနှင့် ကတုံး (ခေါ်) ကိုတင်မောင်အေးမှာ မြင်းခြံထောင်တွင် ရှိနေသည်။

မြန်မာစစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို စနေနေ့ (ယနေ့) တွင် လွှတ်ပေးမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ယမန်နေ့ ညနေပိုင်းတွင် ကြေညာခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိပါဘူးဟု ငြင်းဆန်ထားခဲ့သည့် စစ်အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း ရှိ၊ မရှိကို ထုံးစံအတိုင်း ထည့်သွင်းကြေညာခြင်း မရှိခဲ့ပါ။


No comments: