သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Tuesday, February 17, 2009

ကြက်ငှက်ရောဂါသတင်း ဂျာနယ်တိုင်းဖော်ပြခွင့်မရ

ပြည်တွင်းဂျာနယ်များ ကြက်ငှက်ဆိုင်ရာ ရောဂါဖြစ်ပွားမှုအခြေအနေ ရေးသားဖော်ပြရာတွင် စာပေစိစစ်ရေး မူဝါဒကွဲလွဲမှုများ ရှိနေပြီး ဂျာနယ်အချို့အား ဖော်ပြခွင့်မပေးခဲ့ကြောင်း သတင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

“ဆဲဗင်းဒေးဂျာနယ်၊ ၀ခ်ခလီးအလဲဗင်းဂျာနယ်တွေမှာပဲ ဖော်ပြသွားတာတွေ့ရတယ်။ ကျန်တာတွေမှာ မပါပါဘူး။ ကျနော်တို့လည်း ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြဖို့တင်ပေမယ့် စိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။ ဘယ်လိုကြောင့် မူဝါဒကွဲရသလဲတော့မသိပါဘူး။ ဒါပေမဲ့ စိစစ်ရေးမှာ တချို့သတင်း ဂျာနယ်တွေက ငွေပေးပြီး သတင်းဖော်ပြခွင့် တောင်းနိုင်တာကိုတော့ စာပေနယ်က လူတိုင်း သိပါတယ်” ဟု သတင်းအယ်ဒီတာက ဆိုသည်။

စစ်အစိုးရပိုင် သတင်းစာများက ဖေဖော်ဝါရီ (၁၄) ရက်တွင် ယင်းသတင်းထုတ်ပြန်ချက်၌ ကြက်လည်လိမ်ရောဂါနှင့် အခြားရောဂါများ ရောနှောဖြစ်ပွားနေကြောင်းသာဖော်ပြခဲ့သည်။ နေပြည်တော်တွင် ၂၀၀၈ ဒီဇင်ဘာ ဒုတိယပတ်အတွင်း၊ ၂၀၀၉ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလများအတွင်း ပြည်နှင့် မန္တလေးတိုင်း ဒေသအချို့တွင် ကြက်လည်လိမ်ရောဂါနှင့် အခြားကြက်ရောဂါများ ရောနှောဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တွင်လည်း ဘဲဝမ်းကျရောဂါဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

သတင်းအယ်ဒီတာက “ သူတို့ထုတ်ပြန်တာကလည်း ဝေေ၀၀ါးဝါးပဲ။ ကြက်လည်လိမ်ရောဂါ နှင့် အခြားကြက်ရောဂါများ ရောနှောဖြစ်ပွား ဆိုတာကိုကြည့်လေ။ တကယ်ဆို သတင်းထုတ်ပြန် ပေးချိန်ကလည်း နောက်ကျပါတယ်။ အပြင်မီဒီယာတွေက ပြောမှပဲ မထုတ်မဖြစ်ထုတ်ရပုံရတယ်။ နောက်ကြက်လည်လိမ်ရောဂါဟာ ပြင်းထန်လို့ စားသုံးသူဈေးကွက် မရောက်ရေး ဆောင်ရွက်ထားတယ်လို့ သတင်းစာမှာ ဖော်ပြထားတယ်။ စားသုံးမိရင် လူကိုပါကူးနိုင်ခြင်း ရှိမရှိဆိုတာကို သေချာရေးမထားဘူး။ ဒီမှာက သံတမန်ဆန်တဲ့ စကားလုံးတွေနဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေရင် ဘယ်သူမှသိတာမဟုတ်ဘူး။ သတင်းပေးရင် ရိုးရိုးရှင်းရှင်းပေးမှ လူထုကနားလည်မှာပေါ့” ဟု ဆိုသည်။

ယင်းကဲ့သို့ ကြက်ငှက်ဆိုင်ရာရောဂါများ ပြန်လည်ဖြစ်ပွားနေမှု အခြေအနေနှင့်ပတ်သက်၍ ခေတ်ပြိုင်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တနေကုန်အစည်းအဝေးကျင်းပနေပါသည်ဟု ပြန်ကြားကာ ဖုန်းချသွားသည်။

အဆိုပါသတင်းပေါ်ထွက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း အခြားပြည်နယ်တိုင်းများမှ ကြက်တင်သွင်းမှုကိုလည်း ရပ်ဆိုင်းထားချိန်တွင် ကြက်သားဈေးမြင့်တက်လာရာ လက်လီဈေးကွက်၌ ကြက်သား တပိဿာကျပ် (၄,၀၀၀) နှုန်းရှိနေရာမှ ကျပ် (၆,၀၀၀) အထိ မြင့်တက်သွားကြောင်း သိရသည်။ ယခင်က ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုသတင်း ပေါ်ထွက် လာပါက ကြက်သားဈေးကျတတ်သော်လည်း ယခုအခါ ကြက်သားဈေးမြောက်နေခြင်းကြောင့် အံ့သြရကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“အရင်က သတင်းထွက်လာရင် ကြက်သားဈေးကျသွားတာ။ အခုပြောင်းပြန်ပဲ။ နယ်က ကြက်တွေ ရန်ကုန်ကို ၀င်ခွင့်မပြုတော့တာက တကြောင်း၊ ကြက်လည်လိမ်ရောဂါပါလို့ ပြောထားတဲ့အတွက် လူတွေစားရဲနေတာက တကြောင်းလို့ထင်တယ်။ ဒါပေမဲ့ ကြက်လည်လိမ်ရောဂါဆိုရင် ဘာလို့ စားသုံးသူဈေးကွက်မရောက်အောင် ထိန်းထားပါတယ် ပြောလဲ၊ တမျိုးကြီးပဲ။ ဒါမှမဟုတ် ကြက်လည်လိမ် ရောဂါကလည်း လူကိုကူးစက် တတ်သလား။ ဘာမှမရှင်းဖူးဖြစ်နေတယ်” ဟု သတင်းထောက်က ပြောသည်။

OIE ခေါ် ကမ္ဘာ့တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့ချုပ်သို့ မြန်မာစစ်အစိုးရ၏ နောက်ဆုံး အစီရင်ခံချက် မှာ ၂၀၀၈ ခု ဧပြီလက ဖြစ်ပြီး ပဲခူး အုတ်စုရပ်ကွက်တွင် ကြက်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့သည့်အတွက် ကြက်ကောင်ရေ (၃၃,၄၅၉) ဖျက်ဆီးခဲ့သည်။ ထိုအစီရင်ခံစာ မှာပင် ရှမ်းပြည်နယ် ကျိုင်းတုံအရှေ့ပိုင်း ကပ်ပကျေးရွာ၌ ကြက်ကောင်ရေ (၅၃၃) ကောင် ဖျက်ဆီးခဲ့ပြီး မိုင်းဖြတ်မြို့ ယမ်ခမ်ရွာ၌ ကြက်ကောင်ရေ (၁,၀၄၃) ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
ခေတ်ပြိုင်

No comments: