သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Thursday, February 19, 2009

ကျိုက်ထီးရိုးအထမ်းသမားများ တွက်ခြေမကိုက်

ကျိုက်ထီးရိုးတောင်ပေါ်သို့ ရသေ့တောင်မှ အထမ်းများဖြင့် လိုက်ကာ ခရီးသည်များ ပို့ပေးနေသည့် အထမ်းသမားများ ယခုလအတွင်း လုံးဝတွက်ခြေမကိုက်ဟု သိရသည်။

ရသေ့တောင်မှ ကျိုက်ထီးရိုးရင်ပြင်ပေါ်သို့ ပြည်တွင်းဧည့်သည်များက ခြေလျင်လမ်းလျှောက် တက် ဆင်းပြုလုပ်ကြသည်က များကြောင်း သိရသည်။

“အသွားအပြန်ဆိုရင် (၂) သောင်းကျပ် ပေးရတာလေ ဘယ်လိုလုပ် တက်နိုင်မှာလဲ၊ ခြေလျင်ပဲ တက်တော့တာပေါ့၊ အရင်နှစ်တွေက ဆိုရင်တော့ အထမ်းနဲ့တက်ခဲ့သေးတယ်၊ အခုကဈေး (၅,၀၀၀) ကျပ်လောက် ပိုလာတဲ့အတွက်လည်း အထမ်းနဲ့မတက်တော့တာပါ” ဟု ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်ကို သွားရောက်ခဲ့သူ တဦးကပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် လွန်ခဲ့သော (၂) နှစ်ခန့်ကစ၍ အထမ်းသမားဘ၀ဖြင့် အသက်မွေး သည့် အသက် (၂၀) ၀န်းကျင်ရှိ လူငယ်တဦးက သူ၏တနေ့တာ အထမ်းဖြင့် ၀င်ငွေရှာနိုင်မှုမှာ ယခင်က တနေ့လျှင် (၅,၀၀၀) ကျပ်ရှိသော်လည်း ယခုအခါ ဈေးဦးပင် မပေါက်သည့် နေ့များရှိကြောင်း ဆိုသည်။

“လူတယောက်ကို အတက်တခေါက်စာ ဆိုရင်တော့ (၁၂,၀၀၀) ကျပ်ယူတယ်၊ အသွားအပြန်ဆိုရင် (၂၀,၀၀၀) ကျပ်ပါ၊ ထမ်းတဲ့လူက လေးယောက်ဆိုတော့ တယောက်ကို (၅,၀၀၀) ကျပ်ရတယ်၊ အဲဒီရတဲ့ အထဲက လူတဦးစီက (၅,၀၀၀) ကျပ်စီ စုစုပေါင်း (၂,၀၀၀) ကျပ်ကို ဘုရားက ဂေါပကအဖွဲ့ကို ပေးရတယ်၊ တနေ့မှာ တခေါက်ပဲ ထမ်းခွင့်ရှိပါတယ်၊ သူ့အလှည့်နဲ့ သူထမ်းရတာပါ” ဟု ၎င်းကရှင်းပြသည်။

ပြည်ပဘုရားဖူးများ လာရောက်မှု လျော့ကျသွားသည့်အတွက် အထမ်းသမားများ အများစု တွက်ခြေမကိုက်သဖြင့် တကိုယ်စာခြင်းဖြင့် ပစ္စည်းသယ်ပြီး၊ ကလေးများကို သယ်ယူပို့ဆောင်ပေးခြင်းများကို ထွက်၍ လုပ်ကြရကြောင်း အထမ်းသမားများက ပြောသည်။

“ဧည့်သည်တွေ မလာတဲ့အတွက် အထမ်းရတဲ့နေ့ရှိရင် အိမ်စရိတ်မရဘူး၊ အိမ်အတွက်က နေ့တိုင်းလိုနေတာဆိုတော့ အဆင်ပြေမယ့် အလုပ်မျိုးကို လုပ်ရတာပေါ့၊ ခြင်းနဲ့ပစ္စည်းသယ်တာ၊ ကလေးတွေကို ပို့တာမျိုး အောက်ဆိုက်ရှာရတာပေါ့ဗျာ” ဟု ကျိုက်ထိုမြို့နယ် ကျိုက်ကသာရွာမှ အထမ်းသမားတဦးက ဆိုသည်။

ယခုရာသီမှာ ပြည်တွင်းဘုရားဖူးများလည်း ပြည်ပဘုရားဖူးများ လျော့ကျသည့်အတိုင်း လျော့ကျကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် နီးနေသည့်အတွက် ဖြစ်ကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့က ပြောသည်။

ခရီးသွားလျော့ကျသွားသည့် ရာခိုင်နှုန်းမှာ (၆၀) ရာခိုင်နှုန်း ခန့်ရှိမည်ဟု ဂေါပကအဖွဲ့ဝင် တဦးကပြောသည်။

“ယိုးဒယားတွေလာမှ ထမ်းရတာဗျ၊ သူတို့က ထမ်းစင်စီးပြီး တက်ရတာကို ကြိုက်တယ်၊ သူတို့က ပေးတဲ့မုန့်ဖိုးကိုလည်း ကျနော်တို့က အားကိုးလို့ရတယ်” ဟု အသက် (၄၀) ခန့် အထမ်းသမားတဦးက ပြောသည်။

ကျိုက်ထီးရိုးရင်ပြင်နှင့် ရသေ့တောင် သို့ အထမ်းများဖြင့် ပို့နေသော အထမ်းအရေအတွက်မှာ (၁၂၆) ထမ်းရှိပြီး ထမ်းသည့် လူဦးရေ (၄၀၀) ခန့် ရှိကြောင်း သိရသည်။


No comments: