သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Thursday, February 19, 2009

ခါးပိုက်နှိုက်များနဲ့  ဝေပုံစား နအဖရဲများ။


ဒီဓါတ်ပုံပါသူကတော့ ခါးပိုက်နှိုက်တစ်ဦး ဖြစ်ပါတယ်။ ရန်ကုန်မြို့  ဘတ်စကားအမှတ် (၃၅) ကားစီးနေစဉ် ခရီးသည်များကို ခါးပိုက်နှိုက်ဖို့  ကြိုးစားကြံစည်ခဲ့ကြတဲ့ ခါးပိုက်နှိုက်အုပ်စုထဲက တစ်ယောက် ဖြစ်ပါတယ်။

တာဝန်သိတဲ့ ပြည်သူတစ်ဦးကနေ သူ့ ရဲ့ မျက်စိရှေ့ မှောက်မှာ သူကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ ခါးပိုက်နှိုက်မြင်ကွင်းကို ပြောပြလာတာဖြစ်ပြီး၊ ခါးပါးနှိုက်အုပ်စုထဲက တစ်ယောက်ကို ဓါတ်ပုံခိုးရိုက်ခဲ့တာ ဖြစ်ပါတယ်။ အများပြည်သူတွေ ခါးပိုက်နှိုက်တွေ ရန်ကနေ ရှောင်ရှားနိုင်အောင် သက်သေဓါတ်ပုံနဲ့ တစ်ကွ တင်ပြလာတာ ဖြစ်ပါတယ်။

ဒီဘတ်စ်ကား စီးနေတုန်းမှာ - ပထမဦးစွာ ခါးပိုက်နှိုက်တစ်ဦးက ဦးထုပ်ဆောင်းထားပြီး၊ ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့ ဘက်မှာထားပြီး ကျောပိုးအိတ်ကို အကာအကွယ်ပြုကာ အဖိုးအိုတစ်ဦးရဲ့ အိတ်ဇစ်ကို လက်လျှိုပြီး ဖွင့်ဖို့  ကြိုးစားခဲ့ပါတယ်။ နောက် ခါးပိုက်နှိုက်တစ်ဦးကတော့ လူငယ်တစ်ဦးဘေးနားကို ကပ်ပြီး ဘေးအိတ်ရဲ့ ဇစ်ကို ဖွင့်ပါတယ်။ ကံကောင်းလှစွာဘဲ အဖိုးအိုက သတိပြုမိသွားလို့  ရှေ့ ဘက်ကို ရှောင်ထွက်သွားပြီး၊ လူငယ်ကတော့ ထိုင်ခုံရလို့  ၀င်ထိုင်လိုက်တာနဲ့ လွတ်သွားပြီး ခါးပိုက်နှိုက်ခံရမယ့် အခြေအနေကနေ ကပ်သီလေး လွတ်သွားပါတယ်။

ဓါတ်ပုံပါ ခါးပိုက်နှိုက်နဲ့  အခြားခါးပိုက်နှိုက်တွေဟာ ကားပေါ်မှာ အချင်းချင်း မျက်စိအချက်ပြတာတွေလုပ်ပြီး အခြားသူတစ်ဦးကို ခါးပိုက်ထပ်နှိုက်ဖို့  ကြိုးစားရှာနေပေမယ့်၊ ကားက လမ်း (၃၀) နားရောက်လာပြီး နောက်ဆုံးကားပေါ်မှာ လူရှင်းလာတာကြောင့် မအောင်မြင်တော့ဘဲ (၁၅) လမ်း ရောက်တဲ့အခါမှာ ဘတ်စကားပေါ်ကနေ ခါးပိုက်နှိုက်တွေ ဆင်းသွားကြပါတယ်။

ရန်ကုန်မြို့ မှာ ခါးပိုက်နှိုက်တွေ အုပ်စုလိုက် သောင်းကျန်းနေကြတာ ပိုဆိုးလာပါတယ်။ ခရီးသွား ပြည်သူတွေအနေနဲ့  မိမိတို့ ပိုင်ဆိုင်မှုများ ခါးပိုက်နှိုက်မခံရဖို့  သတိပြုကြဖို့ လိုပါတယ်။

ဒီလို ခါးပိုက်နှိုက်တွေ ပိုဆိုးရွားလာတာဟာ နအဖရဲ့  လက်အောက်ခံ သက်ဆိုင်ရာ နယ်မြေရဲတွေနဲ့  ခါးပိုက်နှိုက်အုပ်စုတွေ ခွဲစားဝေစားလုပ်နေကြတာမို့  ခါးပိုက်နှိုက်တွေအနေနဲ့  ပိုမိုအတင့်ရဲလာကြတာ ဖြစ်ပါတယ်။

အကယ်လို့ များ ခါးပိုက်နှိုက်ခံရသူက ဘယ်နယ်မြေဒေသမှာ ခါးပိုက်နှိုက်ခံရတာလည်းဆိုတာကို သိလို့  သက်ဆိုင်ရာနယ်မြေဒေသက ရဲတာဝန်ခံများကို သွားရောက်တိုင်ကြားခဲ့ရင် အဆိုပါ နယ်မြေခံရဲတာဝန်ခံက သက်ဆိုင်ရာနယ်မြေထဲမှာ ရှိတဲ့ ခါးပိုက်နှိုက်အုပ်စုခေါင်းဆောင်တွေနဲ့  သွားညှိပါတယ်။ ခါးပိုက်နှိုက်ထားတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီး စကားပြောကြပါတယ်။ ခါးပိုက်နှိုက်တွေက အဆိုပါ ရဲတာဝန်ခံကို ဝေစုလေးများ ပေးလိုက်ပါတယ်။

ဒီနေရာမှာ ခါးပိုက်နှိုက်ခံခဲ့ရတဲ့ ပြည်သူကများ တာဝန်ခံရဲကို တန်ဖိုးကြီးတဲ့ ကိုယ်ရဲ့ ပစ္စည်းလေးများ ပြန်ရချင်လို့  သွားတိုင်ပြီး အဆိုပါ ရဲတာဝန်ခံကို ငွေကြေးလေးများ မ, စခဲ့လို့ ၊ ကိုယ်ပေးလိုက်တဲ့ငွေက ခါးပိုက်နှိုက်တွေကနေ ဝေစုပေးတဲ့ ပမာဏထက် များနေခဲ့ရင်တော့ အဆိုပါ တာဝန်ခံရဲက ခါးပိုက်နှိုက်တွေထံက ကိုယ်ရဲ့ ပစ္စည်းကို ပြန်ယူလာပေးပါလိမ့်မယ်။ ဒီတော့ နအဖလက်အောက်ခံ ရဲတွေကတော့ ခါးပိုက်နှိုက်တွေနဲ့  ညှိထားတယ်၊ ခါးပိုက်နှိုက်ဘက်ကလည်း ဝေစုရတယ်၊ ပြည်သူတွေထံကလည်း လာဘ်စားတယ်။

ပြည်သူကို ကူညီပါရစေ ဆိုပြီး အသံကောင်းသာ ဟစ်နေတဲ့ နအဖလက်အောက်ခံ ရဲတွေက မှုခင်းဒုစရိုက်တွေကို ကာကွယ်နှိမ်နင်းဖို့  နေနေသာ၊ ဒုစရိုက်ကျူးလွန်သူများနဲ့ ပါ ပေါင်းပြီး လက်ဝါးချင်းရိုက်ကာ ပြည်သူတွေကို ပြန်ဒုက္ခပေးနေသူများ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ကားတွေထဲမှာ ပါနေကျ မြင်ကွင်းလို ပွဲပြီးသွားတော့မှသာ အူယားဖာယားနဲ့  နောက်မှ ရောက်လာတတ်တဲ့ ရဲတွေ၊ ရဲစခန်းစားပွဲမှာ အကျအနထိုင်ပြီး ဘယ်လို ဒုစရိုက်တွေကို နှိမ်နင်းကြောင်း ဘယ်လို ကူညီကြောင်း ပြောပြနေတတ်တဲ့ ရုပ်ရှင်ပါ မြင်ကွင်းများကမှ အပြင်လက်တွေ့ ဘ၀မှာ ဖြစ်ပျက်နေကြတဲ့ နအဖရဲတွေထက် သာသေးလို့ သာ ပြောရမလို ဖြစ်နေပါတယ်။

ခါးပိုက်နှိုက်များ ပိုမိုသောင်းကျန်း အတင့်ရဲကာ အုပ်စုလိုက် ခါးပါးနှိုက်ရဲနေကြတာရဲ့  အဓိက အကြောင်းရင်းကတော့ သက်ဆိုင်ရာနယ်မြေတွေမှာ ဝေစုခွဲစားယူနေတဲ့ နအဖရဲတွေကြောင့်သာ ဖြစ်ပါတယ်။

ခါးပိုက်နှိုက်များနဲ့  အလိုတူအလိုပါ ဝေပုံစား နအဖရဲများ ရန်မှ ကင်းဝေးကြပါစေ။

(ခါးပိုက်နှိုက်မှုအား မျက်မြင်ကြုံတွေ့ ပြီး ဓါတ်ပုံနှင့်တစ်ကွ သက်သေပြကာ အသိပေးဖေါ်ပြလာသော တာဝန်သိ ပြည်သူတစ်ဦးအား အထူး ကျေးဇူးတင်ရှိပါသည်)။
http://niknayman-niknayman.blogspot.com/

No comments: