ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် နအဖ၏ အဓမ္မရွှေ့ပြောင်းခြင်းခံခဲ့ရသော ရွှေပြည်အေးမြို့သစ်ရောက် ကျေးရွာ (၁၃) ရွာမှ ရွာသားများအနေဖြင့် ၎င်းတို့ လုပ်ကိုင်နေကျ အလုပ်အကိုင်များမရှိခြင်းကြောင့် ချဲရောင်း ခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရကြောင်း ဒေသခံများက ပြောသည်။
“သူတို့က ရှမ်းတွေများတာလေ။ လက်ဖက်စိုက်မယ်။ စပါးစိုက်မယ်။ တောလိုက်မယ်။ ဒါသူတို့အလုပ်တွေ။ ရွှေပြည်အေးမြို့သစ်မှာ စပါးလုပ်ဖို့ ပေးထားတဲ့နေရာက ချောင်းရိုးကြီးကို ပိတ်လုပ်နေရတော့ မိုးများခဲ့ရင် စပါးပင်တွေလဲတယ်။ မျိုးပွင့်အောင်၊ အသီးတင်ရမယ့်အချိန်ကျ ရေကမရ။ အဲလိုဖြစ်နေတဲ့အပြင် လုပ်ထားတဲ့ လက်ဖက်ခင်းလေးတွေကျတော့လည်း ဟိုတလောလေးကတင် မီးလောင်သွားပြန်ရော။ အခုတော့ အားလုံးလိုလို ဘေးနားရွာလေးတွေ၊ ကျနော်တို့ရွာလေးတွေဆီလာပြီး ချဲရောင်းနေကြရတယ်” ဟု ဟုမ္ပလင်းဒေသခံတဦးက ပြောသည်။
အဆိုပါအပြောင်းရွှေ့ခံ ရွာသားတဦးက ၎င်းတို့ဒေသတွင် အာဏာပိုင်များကို ချဲတအုပ်အတွက် ငွေငါးထောင်ပေးပါက လွတ်လပ်စွာ ရောင်းချ၍ရကြောင်း၊ ကျောင်းသူ ကျောင်းသားများလည်း ချဲရောင်းခြင်းဖြင့်သာ ကျောင်းစရိတ်ရှာဖွေနေကြရကြောင်း ပြောသည်။
၎င်းက “သစ်ကုမ္ပဏီတွေ ၀င်နေတုန်းကတော့ တော်သေးတယ် ပြောရမှာပေါ့။ သစ်လုပ်ငန်းတွေမှာ ၀င်လုပ်ကြတယ်လေ။ အခုက အလုပ်မဖြစ်လို့ဆိုလား သူတို့မလာတော့ အလုပ်မရှိတော့ ဘူး။ ပါးလွှာ (သစ်ပါးလွှာစက်) မှာ ၀င်လုပ်တော့လည်း (၆) လပြည့်မှ လစာထုတ်ပေးနိုင်မယ်။ တလတခါမရှင်းနိုင်ဘူးတဲ့။ အဲဒါမျိုး ငါတို့မလုပ်နိုင်ဘူးလေ” ဟု ဆက်လက်ပြောဆိုသည်။
အဆိုပါရွှေပြည်အေးမြို့သစ်ကို ၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် စတင်တည်နေခြင်းဖြစ်ပြီး ယခုအခါ အိမ်ခြေ (၇၀၀) ခန့်၊ တမိုင်ခွဲပတ်လည်ရှိ ရွာတရွာအသွင် ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။ အစိုးရက ပေ (၈၀x၈၀)၊ (၈၀x၆၀)၊ (၈၀x၄၀) မြေကွက်များကို အခမဲ့ပေးခဲ့သော်လည်း နေရာကောင်းရရှိရေးအတွက် ဒေသခံအာဏာပိုင်များအား ငွေပေးခဲ့ကြရကြောင်း ရွာသားများက ဆိုသည်။ ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချပေးရာတွင်လည်း ဒေသပေါက်ဈေးထက် ပိုမိုရောင်းချခြင်းခံခဲ့ကြရပြီး ပြင်ပမှဝယ်ယူခွင့်မပြုခဲ့ပေ။
“ရွာ (၁၃) ရွာကို ရွှေ့ခဲ့ပေမယ့် အကုန်လုံးမပါလာဘူးလေ။ တချို့ကလည်း ကိုယ့်ဆွေမျိုးသားချင်းတွေရှိတဲ့ ရွာတွေဆီ ပြောင်းကုန်ကြတာတွေလည်းရှိတယ်။ ဒီမှာက သူတို့အတွက် အဆင်မပြေနိုင်ဘူးလေ။ ကျောထောက်နောက်ခံလုပ်ငန်းမရှိတဲ့အပြင် ရေကလည်း အခက်အခဲရှိတာကိုး” ဟု ဟုမ္မလင်းဒေသခံက ပြောသည်။
ရွှေပြည်အေးမြို့သစ်သည် ချင်းတွင်းမြစ်ကမ်းအထက် ပေ (၅၀) ကျော်တွင် တည်ထားခြင်းဖြစ်ရာ ရေရရှိမှု အခက်အခဲရှိနေသည်။ ရေတွင်းတူးဖော်ရာတွင်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း၊ ရေရရှိရေးအတွက် တနာရီခွဲခန့် လမ်းလျှောက်ရသော ချင်းတွင်းမြစ်ကိုသာ အားထားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
(ခေတ်ပြိုင်)
No comments:
Post a Comment