ပလောင်ဒေသတွင် ဘိန်းစိုက်ဧက များလာပြီး ဒေသတွင်းလူငယ်များ မှုးယစ်ဆေးဝါးသုံးစွဲမှု ပိုမို များပြားလာသည့်အတွက်ကြောင့် ရာဇဝတ်မှုများ နေ့စဉ် ဖြစ်ပေါ်နေလျှက်ရှိသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မှုယစ်ဆေးဝါးပြဿနာများကြောင့် ခိုးမှုများ နေ့စဉ် အနည်းနှင့်အများ ဖြစ်ပေါ်နေပြီး တပတ်တခါ ဓားပြမှုများ ဖြစ်ပေါ်နေသည့်အပြင် ယခုနှစ်အတွင်း လူသတ်မှုများ အရင်ကထက် များပြားလာသည်ဟု ပလောင်လူငယ်တဦးဖြစ်သူ မိုင်းဘုန်းကျော်က ပြောသည်။
“အဓိက ခိုးမှုတွေ ဖြစ်လာတယ်၊ ကျနော်တို့ဆို ပစ္စည်းတွေပျောက်တယ်၊ ခိုးမှုနောက်ကွယ်မှာ ဓါးမြမှုတွေ ဖြစ်နေတယ်၊ လူနည်းနည်းပြတ်တဲ့ နေရာတွေဆို ဆိုင်ကယ်နဲ့ တယောက်တည်းသွားလို့ မရတော့ဘူး၊ ပြောရမယ်ဆိုရင် မိသားစုအတွင်းမှာကို မငြိမ်မသက်တွေ ဖြစ်နေတယ်။ ဒီဟာတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်၊ ဒီတိုင်းပဲ ဆက်လွှတ်ထားမယ်ဆိုရင် ကျနော်တို့ လူငယ်တွေက မှုးယစ်ဆေးဝါး သံသရာထဲမှာပဲ လည်နေပြီး သူတို့ရဲ့အနာဂါတ်က တကယ်ကို စိုးရိမ်စရာအခြေအနေကို ရောက်နေပြီ”ဟု ပြောသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်မားလာသည့်အပြင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း ယခင်နှစ်များထက် အဆမတန် များပြားလာပြီး မြို့နယ်တမြို့နယ်အတွင်း ဘိန်းစိုက်ဧက ထောင်ဂဏန်းအထက် ရှိနေသည်။ ယခုနှစ်အတွင်း အာဏာပိုင်များဘက်က ဘိန်းစိုက်ပျိုးမှုကို အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် စစ်တပ်အာဏာပိုင်များကိုယ်တိုင် လာဘ်ပေးလာဘ်ယူ ပြုလုပ်ကာ ဘိန်းခင်းများကို ဖျက်ဆီးခြင်းမရှိကြောင်း သိရသည်။
“စိုက်ပျိုးတဲ့သူတွေကိုယ်တိုင် ပြောတာက ခါတိုင်းဆို လာဖမ်းနေပြီ၊ အခု မဖျက်ဘူး၊ တချို့နေရာမှာ ငါးသိန်း ဆယ်သိန်း ပေးလိုက်ရင်ရတယ်၊ မန်တုံတပ်ရင်းမှူးဆိုရင် သူတို့ အကုန်သိနေတာပဲ၊ ခါတိုင်းဆို တပ်ရင်းမှူးကို ငွေပေးလို့မရဘူး၊ အခုဆိုရင် ငွေပေးရင်ရတယ်၊ ရောင်းဝယ်သူရော စိုက်ပျိုးတဲ့သူပါ သူတို့နဲ့ ပတ်သက်နေတယ်”ဟု သူက ဆက်ပြောသည်။
ပလောင်ဒေသတွင်းရှိ လ္ဘက်စိုက်တောင်သူများမှာ ယခုနှစ်အတွင်း လ္ဘက်ဈေးကျဆင်းပြီး စီးပွားရေးကြပ်တည်းလာသည့်အတွက် ဒေသတွင်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေခြင်းဖြစ်သည်။ စစ်အစိုးရအနေဖြင့်လည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် အဆိုပါ ဘိန်းစိုက်တောင်သူများကို မဖမ်းဆီးဘဲ စည်းရုံးသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သံသယဖြစ်နေကြသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့၏ ၂၀၀၈ ခုနှစ်၊ ဇွန်လထုတ် အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ၂၉ ရာခိုင်နှုန်း မြင့်တက်လာကာ ဘိန်းထုတ်လုပ်မှု ပိုမိုမြင့်တက်လာကြောင်း ရေးသားထုတ်ပြန်ခဲ့သည်။
ရိုးမ ၃
No comments:
Post a Comment