သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Monday, December 8, 2008

ဘားမား ဒိုင်ယာယီ (အပိုင်း -၁)

ကျော်သိင်္ခ
ဒီဇင်ဘာ ၇ ရက်

ဗမာပြည်ဟာ ၁၉၆၂ ခုနှစ်က စပြီး ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပိုက်ပြီးချိန်ကစလို့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ အစစအရာရာနိမ့်ကျလာလိုက်တာဟာ၊ အခု ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ နအဖ စစ်အာဏာရှင်တွေလက်ထက်မှာဆို ဗမာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ တစ်ခါအပါအ၀င်ဖြစ်လာတယ်။ အခုဆိုရင် တိုင်းပြည်လည်း ကုန်းကောက်စရာမရှိ လောက်အောင်ကို မွဲနေပြီ။ ပညာရေး၊ကျန်းမာရေးလူမှုရေးတွေမှာလည်း ဘာမှ လုပ်မပေးနိုင်ဘူး။

ဒီနေရာမှာ ကျနော် အဓိက တင်ပြချင်တဲ့အကြောင်းအရာလေးက ပညာရေးအခြေအနေပါဘဲ။ ကျနော် ကိုယ်တိုင်လည်း အဆင့်မှီတဲ့ ပညာရေးစနစ်ကို မမီခဲ့ပါဘူး။ သို့သော်လည်း ပညာရေးစနစ်က တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ဆိုးဝါးလာတာကြောင့် ကျနော်တို့ လက်ထက်က သင်ရိုးတွေနဲ့ ယခု သင်ရိုးတွေဟာ အနှစ်သာရအားဖြင့်ရော၊ ဗဟုသုတပိုင်းမှာပါ အတော်လေးကိုကွာဟလာပါပြီ။ ဒီမှာ ကျနော်ပြောချင်တာက ဟိုတုန်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ရိုးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပညာရေးအမြင်၊ အမျိုးသားနေ့၊ အာဇာနည်နေ့ စတဲ့ အကြောင်းတွေကို ဆရာ၊ ဆရာမတွေက အဓိက ထားပြီးသင်ကြားခဲ့တဲ့အပြင် စာမေးပွဲမှာ နှစ်စဉ် အထက်ပါ အကြောင်းအရာတွေထဲက တစ်ခုခုမှ မပါဘဲ စာမေးပွဲပြီးသွားရိုးထုံးစံမရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့ ငယ်ငယ်တုန်းက ဆိုရင် လူကြီးတွေက အာဇာနည်နေ့ဟာ ဘယ်နေ့လဲဟေ့လို့ မေးလိုက်ရင်၊ ဇူလိုင် ၁၉ ရက်နေ့ဆိုတာမျိုး၊ အမျိုးသားနေ့က ဘယ်နေ့လဲလို့မေးလိုက်ရင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဆိုတာမျိုးကို ဒေါက်ခနဲဖြေနိုင်ခဲ့တယ်။ ဒီလို နေ့ထူးနေ့မြတ်တွေက ကလေးတွေရော၊ လူကြီးတွေရဲ့ ရင်ထဲမှာ စွဲနေမှ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်ဆိုတာ ဖြစ်လာမှာပါ။ ဒါက ကျနော်တို့ ခြေခံပညာအဆင့်မှာ ကွယ်ပျောက်ကုန်တဲ့ ဗမာ့သမိုင်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကိုပြောတာပါ။

တစ်ခါ ကမ္ဘာ့သမိုင်းကို ကြည့်ပြန်ရင်လည်း ဟိုတုန်းက ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးတို့၊ ပလေတိုတို့၊ အရစ္စတိုတယ် တို့ရဲ့ အကြောင်းတွေကို သင်ကြရတယ်။ စာသင်ခန်းထဲက သင်တာတစ်ခုထဲနဲ့ အားမရတဲ့အခါ အပြင်မှာ ရှာပြီးဝယ်ဖတ်ဖြစ်တယ်။ အဲဒီမှာဘဲ ဆိုကရေးတီး ရဲ့ လွတ်လပ်စွာပြောဆိုတတ်တဲ့စိတ်ဓာတ်၊ အမှန်တရားကို ထုတ်ဖော်ပြောဆိုရဲတဲ့သတ္တိတွေကို အံ့မခန်း လေ့လာခွင့်ရခဲ့တယ်။ သူအမြဲပြောခဲ့တဲ့စကားဖြစ်တဲ့ “ငါမသိတာ တစ်ခုဘဲရှိတယ်၊ အဲဒါဘာလဲဆိုတော့ ငါဟာ ဘာကိုမျှ မသိသေးဘူးဆိုတဲ့အချက်ပဲ၊ ငါဟာ အသိပညာကို ရှာဖွေနေတဲ့သူဘဲ။ လူတွေဟာ ငါ့ရဲ့ ဆရာတွေဘဲ။ လူတိုင်းလဲ ကိုယ့်ကိုယ်ကို သိအောင် လုပ်ပါ။”လို့ ပြောတဲ့စကားဟာ ကျနော်တို့တွေအားလုံးအတွက် မှတ်သားစရာသင်ခန်းစာတစ်ခုပါဘဲ။ နောက်ဆုံး အေသင်မြို့ကို စပါတာတို့ဘက်မှ သူသျှိုများတက်လာပြီး ဒီမိုကရေစီအသွင်ဆုံးပါလားခဲ့တယ်။ ဆိုကရေးတီးစ် က လူပြိန်းကြိုက်ဝါဒသမားတွေကို ရှုံ့ချခဲ့တယ်။ အဲဒီအတွက်ကြောင့် အာဏာပိုင်တွေက သူ့ကိုဖမ်းပြီး သူမှားကြောင်းဝန်ခံစေတယ်။ အမှန်တရားကို ကိုယ်စားပြုတဲ့ ဆိုကရေးတီးကတော့ မတောင်းပန်ဘဲ အမှန်တရားကို သေဒဏ်နဲ့ လဲခဲ့တယ်။ သူ့ကို အဆိပ်သောက်စေပြီး သေခါနီးအချိန်မှာ သူတပည့်တွေကို မှာခဲ့တဲ့ စကားကလည်း သူ့စိတ်ဓာတ်ကို ဖွင့်ပြလိုက်သလိုပါဘဲ။ “ငါ့ရဲ့ ကိုယ်ခန္ဓာကို ဂူသွင်းတဲ့အခါ ပြောလိုက်ကြစမ်းပါ တပည့်တို့ရေ၊ ဒို့ဆရာရဲ့ ရုပ်ခန္ဓာကိုသာ မြေမြှူပ်လို့ရပေမယ့် ဆရာ့ဝိညာဉ်ကိုတော့ မြေမြှုပ်လို့ မရနိုင်ဘူးဆိုတာ” ဟု ပြောခဲ့သေးတယ်။

ဆိုကရေးတီးစ်အကြောင်းကို သင်ရတဲ့အခါမှာ ကျောင်းသားတွေရဲ့ စိတ်ထဲမှာ မှန်ရာကို ပြောဆိုရဲရမယ်ဆိုတဲ့ စိတ်ဓာတ် နဲ့ အမှန်တရားအတွက် စွန့်လွှတ်ရဲရမယ်ဆိုတဲ့စိတ်ဓာတ်တွေ ကိန်းအောင်းလာစေတယ်။ ဆိုကရေးတီးစ် ရဲ့ အကြောင်းကို သင်ခဲ့ရတာ မှတ်မှတ်ရရ ခြောက်တန်း ကမ္ဘာ့ သမိုင်းစာအုပ်ထဲမှာပါ။ အခုအချိန်မှာ ကျောင်းသားတွေကို အနဖ က ကြောက်ဒူးတုန်ပြီး၊ ဆိုကရေးတီးစ်လို စိတ်ဓာတ်မျိုးတွေ ၀င်လာမှာစိုးပြီး ဆိုကရေးတီးစ်ကို ဗမာပြည်က ကျောင်းသင်ခန်းစာထဲကနေ ဖျောက်ပစ်လိုက်ပါပြီ။
ဒီအကြောင်းလေးက ဂရိတွေးခေါ်ပညာရှင် ဆိုကရေးတီးစ်အကြောင်းကို မသင်လိုက်ခဲ့ရတဲ့ လူငယ်တွေကို ကိုယ်သိတာလေးကို မျှဝေချင် တဲ့ဆန္ဒနဲ့ရေးပြတာပါ။

နောက်တစ်ယောက်ကိုလည်းကြည့်ဦး။ သူက ပလေတို၊ ပလေတို ပြောတဲ့ စကားထဲက အသည်းစွဲအောင်မှတ်ထားတဲ့ စာပိုဒ်လေးတစ်ခု။
“တွေးခေါ်ပညာရှင်များကိုယ်တိုင်က နိုင်ငံကို အုပ်စိုးခြင်း မပြုသေးသမျှကာလပတ်လုံး သို့မဟုတ် နိုင်ငံကို အုပ်ချုပ်သူများကိုယ်တိုင်က အတွေးအခေါ် ပညာများကို မသင်ယူသေးသရွေ့ ကာလပတ်လုံး လူတို့၏ ဒုက္ခပြဿနာများသည် ဘယ်တော့မှ ဖြေရှင်းတော့မည် မဟုတ်” လို့ ပလေတိုက ပြောခဲ့တယ်။ ဒါတွေဟာ နှောင်းခေတ် လူငယ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့စာပေတွေပါ။ အခုတော့ စစ်အစိုးရလက်ထက်မှာ ကလေးတွေသင်ကြရတာက စစ်အုပ်ချုပ်ရေးဝါဒကို ထောက်ခံတဲ့စာပေတွေကိုဘဲသင်ကြရတယ်။

စာမေးပွဲစစ်ပုံကို ကြည့်ပါဦး။ သင်ခန်းစာတစ်ခုပြီးရင် အဲဒီသင်ခန်းစာကို လကုန်ရင်တစ်ခါစစ်တယ်။ ပြီးရင် အဲဒီသင်ခန်းစာကို စာသင်နှစ်တစ်နှစ်လုံး ဘယ်တော့မှ ပြန်မစစ်တော့ဘူး။ အဲဒီတော့ စာသင်နှစ်လည်း ဆုံးရော ပထမ ဦးဆုံးသင်ခဲ့တဲ့ သင်ခန်းစာကို မပြောနဲ့ နှစ်လယ်လောက်က သင်ခဲ့တဲ့ သင်ခန်းစာတွေကိုတောင် ကလေးတွေ မမှတ်မိကြတော့ဘူး။ အောင်စာရင်းလဲထွက်ရော ကိုယ့်နာမည်သာ အောင်စာရင်းထဲပါပြီး နောက်တစ်တန်းတက်ရတယ်။ စာတွေကတော့ ပြီးခဲ့တဲ့ အတန်းမှာ ကျန်ခဲ့ရော။ ဒါကြောင့် နအဖ ပြောတဲ့ ပညာရေးဖြင့် ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုတာဟာသဖြစ်နေပါတယ်။

အခုခေတ် တက္ကသိုလ်ဘွဲ့ရတော်တော်များများဟာ စာပေဗဟုသုတမရှိ (အားလုံးကို မဆိုလိုပါ။ ကျောင်းတက်ရင်း မိမိ တော်ချင်တတ်ချင် သည့်စိတ်ဓာတ်ဖြင့် ကြိုးစားကြသူအချို့လည်း ရှိပါသည်။) ဗမာပြည်ရဲ့ နေ့ထူးနေ့မြတ်တွေကို အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် လို့ဘဲ သိတယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာမသိဘူး။ ဗမာပြည်ရဲ့ တစ်ကယ့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေဟာ စစ်အစိုးရလက်ထက်မှာ ကွယ်ပျောက်ကုန်ပြီ။ သမိုင်းဆိုတာ ကွယ်ပျောက်လို့ ကောင်းတဲ့အရာမဟုတ်။ တစ်ခါတစ်ခါ ကျနော်တို့ ကိုယ်တိုင် တစ်ချို့သမိုင်းကြောင်းတွေကို သိချင်ရင် ရှေ့မီ၊ နောက်မှီ လူကြီးတွေဆီက မေးနေရတုန်းပါ။ တစ်ချို့လူကြီးတွေက တော့ သမိုင်းကြောင်းကို ရှေ့ဖြစ်လည်းမီသည်၊ နောက်ဖြစ်လည်းမှီသည်။ ကျနော်တို့လို လူငယ်တွေကျတော့ ရှစ်လေးလုံးအရှေ့က ဖြစ်ပျက်ခဲ့တာတွေကို မသိတော့။ စာအုပ်တွေလှန်ဖတ်မှ။ တတ်သိနားလည်သူတွေကို မေးကြည့်မှ သိကြရသည်။ ကျနော်တို့ကဲ့သို့ ရှေ့သမိုင်းကြောင်းကို မမှီခဲ့သူတွေလည်းရှိချင်ရှိမည်။ သိချင်သူတွေလည်းရှိမည်။ ထို့ကြောင့်ပင် ကျနော့်အနေနှင့် ဗမား ဒိုင်ယာရီ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဘဲ ကျနော် စုဆောင်းထားတဲ့ ဗမာပြည်ရဲ့ ရှေ့ဖြစ်နောက်ဖြစ် သမိုင်းကြောင်းကလေးကို မှတ်စုတစ်ခု အနေနဲ့ တင်ပြပါရစေ။ တိဘက်အရေးအခင်းဖြစ်တုန်းက တရုတ်ပြည်ရဲ့ ချိုင်းနား ဒိုင်ယာယီ ကို အခုလိုပုံစံမျိုးနဲ့ ကိုမိုးသီးဘလော့ဂ်မှာ ရေးခဲ့ဖူးပါတယ်။ ဗားမားဒိုင်ယာယီ ကတော့ ပထမ ဗမာနိုင်ငံတော်စတည်ကတည်းက (၁၀၅၇ ခုနှစ်က) နေ ၂၀၀၈ နာဂစ်ဖြစ်တဲ့အဆုံး အထိပေါ့။

ဘားမား ဒိုင်ယာယီ

၁၀၅၇ ခုနှစ် - အနော်ရထာမင်းက ပထမ မြန်မာနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့ ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာ ပုဂံပြည်မှာ စတင်ထွန်းကားခဲ့။

၁၂၈၇ - ကူဗလိုင်ခန် ဦးဆောင်တဲ့ မွန်ဂို တပ်တွေဟာ ပုဂံကို သိမ်းပိုက်ခဲ့။
၁၅၃၁ - တောင်ငူမင်းဆက်က ပေါ်တူဂီတွေရဲ့ အကူအညီနဲ့ ဗမာပြည်ကို ပြည်လည်ထူထောင်နိုင်ခဲ့။
၁၇၅၅ - အလောင်းဘုရားက ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့။
၁၈၂၄ - ၁၈၂၆ - ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ ကို ရတနာပုံစာချုပ်ချုပ်ဆိုပြီး အဆုံးသတ်ခဲ့။ သို့သော် စာချုပ်အရ စစ်တကောင်းနှင့် နာဂရစ် အငူ ကြားရှိ ရခိုင်ကမ်းရိုးတန်းဒေသကို ဗြိတိသျှလက်အောက်ခံ အန္ဒိယ ဘက်သို့ခွဲပေးလိုက်ရ။
၁၈၅၂ - ဗြိတိသျှတို့က ရန်ကုန်အပါအ၀င် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ကာ ဒုတိယကျူးကျော်စစ်ကို ဆင်နွှဲခဲ့။
၁၈၈၅ - ၁၈၈၆ ဗြိသျှတို့က တတိယအကြိမ်ကျူးကျော်ကာ မန္တလေးကို သိမ်းပိုက်ပြီး ဗြိတိသျှလက်အောက်ခံ အိန္ဒိယ နယ်နိမိတ်ထဲသို့ သိမ်းသွင်းခဲ့သည်။
၁၉၃၇ - ဗြိတိသျှတို့က ဗမာနိုင်ငံကို အန္ဒိယမှခွဲထုတ်ကာ သီးခြားဘုရင်ခံထားပြီအုပ်ချုပ်ခဲ့။

ဂျပန်ဝင်ရောက်လာမှု

၁၉၄၂ - ဂျပန်တွေဟာ ဗမာလွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ရဲ့ အကူအညီနဲ့ ဗမာပြည်တွင်းကို စတင်ဝင်ရောက်လာနိုင်ခဲ့။ နောက်ပိုင်းတွင် ဘီအိုင်အေးကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ) သို့ပြောင်းလဲဖွဲ့စည်းပြီး ဂျပန်အုပ်ချုပ်ရေး ကို တွန်းလှန်နိုင်ခဲ့။
၁၉၄၅ - ဗြိတိသျှတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလ ရဲက အကူအညီနဲ့ ဂျပန်တွေကို ဗမာပြည်ထဲကနေ တိုက်ထုတ် နိုင်ခဲ့။
၁၉၄၇ - ဗိုလ်ချုပ်အောင်ဆန်းပါဝင်တဲ့ ယာယီအစိုးရအဖွဲ့မှ ခြောက်ဦးအပါအ၀င် အာဇာနည် ကိုးဦး ဟာ ၎င်းတို့နဲ့ နိုင်ငံရေးအတိုက်အခံဖြစ်တဲ့ ဂဠုန်ဦးစောရဲ့ လုပ်ကြံသတ်ဖြတ်တာကိုခံရတယ်။

လွတ်လပ်ရေးကာလ

၁၉၄၈ - ဗမာပြည်လွတ်လပ်ရေးရပြီး ဦးနုက ၀န်ကြီးချုပ်ဖြစ်။
၁၉၄၈ နှစ်လယ်ပိုင်း - ၁၉၅၀ ဦးနုအပါအ၀င်၊ အိန္ဒိယ ၀န်ကြီးချုပ်နေရူး၊ အင်ဒိုနီးရှားသမ္မတ ဆူကာနို၊ ယူဂိုဆလပ်ဗ် သမ္မတ တီတို နှင့် အီဂျစ် သမ္မတ နက်စ်ဆာ တို့စုပေါင်းပြီး၊ ကြားနေနိုင်ငံအဖြစ်ထူထောင်ခဲ့ကြ။
၁၉၅၈ - ၁၉၆၀ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သောအဖွဲ့ ဖဆပလမှ ခွဲထွက်ကာ အိမ်စောင့်အစိုးရကို ထူထောင်ခဲ့။
၁၉၆၀ - ဦးနုပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သည်။ သို့သော် ဦးနု၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းကာ ဘာသာရေးတိုးတက်အောင်ဆောင်ရွက်ပြီး၊ ပြည်နယ်ပြည်မ ခွဲထွက်ရန်ကြိုးစာကြသော တိုင်းရင်းသားအဖွဲ့အစည်းများကို လက်ပိုက် ကြည့်နေခဲ့ခြင်းက ဗိုလ်ချုပ်နေ၀င်းဦးဆောင်သော စစ်အုပ်စုကို ဒေါသပေါက်ကွဲစေခဲ့သည်။

ဆက်ရန်……………………


(ကျေးဇူးတင်လျှက် ကိုကျော်သင်္ခ)

1 comment:

Anonymous said...

ပလေတိုတို့၊ ဆိုကရေးတီးတို့ကကြားဖူးတယ်ဗျ
တခါမှမသင်ဖူးဘူးသူတို့အကြောင်းလဲ မဖတ်ဖူးဘူးဗျ။ အခုဖော်ပြပေးတာကျေးဇူးပါဗျာ
မြန်မာပြည်အကြောင်းကတော့ ထောင့်တစ်ညပုံ
ပြင်ထက်ရျည်မယ်ဗျ။