သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Monday, December 15, 2008

ကျောက်ပိုခေတ်နှင့် ထိုင်းနိုင်ငံရေး

နေ၀င်းချစ်ချော့ဓာတ်ပုံကို ဒီမိုကရက်ပါတီခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝနှင့်တွဲပြီး မီဒီယာများတွင် ဖော်ပြခဲ့သည့်အတွက် ထိုင်းနိုင်ငံရေးသည် ယခင်ကကဲ့သို့ အမတ်အရောင်းအ၀ယ်လုပ်သည့် ကျောက်ပိုခေတ် ပြန်ရောက်လာပြီလားဆိုပြီး ဝေဖန်မှုများ ဖြစ်လာသည်။

စင်စစ် ထိုင်းနိုင်ငံရေးသည် ရွေးချယ်တင်မြှောက်သည့် အရပ်သားအစိုးရစနစ်မတိုင်မီ အာဏာရှင်စနစ်ကတည်းက အဂတိလိုက်စားမှုနှင့် စခဲ့သည့်နိုင်ငံရေးဖြစ်သည်။ ၁၉၆၃ ခုနှစ် ထိုင်းဝန်ကြီးချုပ် ဖီးမာရှယ် ဗိုလ်ချုပ်ကြီး ဆာရစ်ထာနာရတ် ကွယ်လွန်သည့်အချိန်မှစပြီး ထိုင်းနိုင်ငံရေးခေါင်းဆောင်များကြား အဂတိလိုက်စားမှုကိစ္စမှာ ကြီးမားသည့် ပြဿနာတရပ် ဖြစ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဆာရစ်ထာနာရတ်သည် ၁၉၅၇ ခုတွင် အာဏာသိမ်းပြီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာသည်။


ထိုင်းအတိုက်အခံခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်လာသော်လည်း ပေးဆပ်ခဲ့ရသည့် တန်ဖိုးက မနည်းပေ။ ထိုင်းဝန်ကြီးချုပ်ရွေးပွဲမတိုင်မီ တပ်ဆင်ပါတီအပေါ် နှစ်ပေါင်းများစွာ သစ္စာခံခဲ့သည့် နေ၀င်းချစ်ချော့အုပ်စုက အမတ်များကို လက်ခံလိုက်ရသည်။

တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၃ ခုနှစ်တွင် ကွယ်လွန်သည်။ ဗိုလ်ချုပ်ကြီးဆာရစ် သေပြီးမကြာခင် ထိုင်းဘတ်ငွေ သန်း (၃,၀၀၀) နီးပါး ကျန်ရစ်ခဲ့ကြောင်း တရားရုံးက အထောက်အထားတွေ့ရှိရသည်။ အစိုးရက စုံစမ်းစစ်ဆေးရာ ထိုငွေအားလုံး အဂတိလိုက်စားမှုမှ ရသည့်ငွေများဖြစ်ကြောင်း တွေ့ရသည်။ စစ်ဆေးချက်များအရ ဗိုလ်ချုပ်ကြီး ဆာရစ်ထာနာရတ်သည် အစိုးရငွေများဖြင့် မယားငယ်များကို ထောက်ပံ့ခဲ့ သလို စီးပွားရေးလုပ်ငန်းအများအပြားတွင်လည်း မြှုပ်နှံခဲ့သည်။ မြေဧက (၉,၀၀၀) ကျော်ပိုင်ဆိုင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ဆာရစ်သေပြီး (၁၀) နှစ်အကြာတက်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးထနွန်ကစ်တီကာချွန်၊ ဗိုလ်ချုပ်ကြီး ပရာဖတ်နှင့် ဗိုလ်မှူးကြီး နရောင်းကစ်တီကာချွန်တို့လည်း အဂတိလိုက်စားမှုကြောင့် ရာထူးမှ အထုတ်ခံရပြီး အစစ်ဆေးခံခဲ့ရသည်။ ထိုစစ်အရာသုံးဦးထံမှ ဘတ်သန်း (၆၀၀) ဖိုးရှိ ပိုင်ဆိုင်မှုများကို အစိုးရက ပြန်သိမ်းခဲ့သည်။

၁၉၈၁ မှ ၁၉၈၈ ထိ အုပ်ချုပ်ခဲ့သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန် လက်ထက်တွင်သာ အဂတိလိုက်စားမှု လျော့ပါးခဲ့သည်။ နောက်ပိုင်း လွှတ်တော်အမတ် ချတ်ချိုင်းချွန်ဟာဝမ် အရွေးချယ်ခံ ၀န်ကြီးချုပ်ဖြစ်လာချိန်မှစပြီး အဂတိလိုက်စားမှုက ထိုင်းနိုင်ငံရေးမှာ ခေါင်းထောင်လာပြန်သည်။ ချန်ချိုင်းအစိုးရ လက်ထက်မှာ နိုင်ငံရေးသမား (၁၀) ဦးထံမှာ ဘန် သန်းပေါင်း (၁,၉၀၀) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းခဲ့ရပြန်သည်။

သို့သော် ထိုင်းစစ်တပ်လည်း အဂတိလိုက်စားမှုနှင့်မကင်း။ ထိုင်းစစ်တပ်ကမူ အဂတိလိုက်စားမှုနှင့် ကင်းရှင်းသည်ဟု ပြောလေ့ရှိသော်လည်း လက်နက်ဝယ်ယူသည့်ကိစ္စအတော်များများမှာ လက်နက်ရောင်းသည့် ကုမ္ပဏီများက စာမချုပ်ခင်ကပင် ထိုင်း ဗိုလ်ချုပ်ကြီးများကို ကော်မရှင် (၂) ရာနှုန်းမှ (၅) ရာနှုန်းထိ ကြိုပေးထားရပြီး စာချုပ်ပြီး နောက်ထပ် (၁၀) ရာနှုန်းထပ်ပေးရသည်ဟု Asian Wall Street ဂျာနယ်က ထောက်ပြခဲ့သည်။ ထို့ကြောင့် ထိုင်းဗိုလ်ချုပ်ကြီးများ အဖိုးတန်ဇိမ်ခံကားကြီးများ စီးနိုင်ခြင်းမှာ မဆန်းဟုပင် အဝေဖန်ခံရသည်။

ထိုင်းနိုင်ငံရေးလောကကို အဓိက အထောက်အပံ့ပေးနေသူများမှာ ပြည်နယ်များတွင် အခြစိုက်သည့် ထိုင်းဘာသာအခေါ် “ကျောက်ပို” ဆိုသည့် လူတန်းစားဖြစ်သည်။ ထိုင်းပြည်နယ်များတွင် မသမာသည့် လုပ်ငန်းများဖြင့် ချမ်းသာပြီး ဥပဒေအထက်မှ လုပ်ခွင့်ရနေသူများကို ကျောက်ပိုဟု ခေါ်သည်။ ကျောက်ပိုကို အင်္ဂလိပ်ဘာသာပြန်ဆိုလျှင် အနောက်နိုင်ငံတို့တွင် ဂေါ့ဖားသားဆိုသည့် ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်များဟု ခေါ်နိုင်ကြောင်း ဒေါက်တာ ပါဆွတ်နှင့် ဒေါက်တာ ဆွန်ဆစ်တို့က ထောက်ပြသည်။ ကျောက်ပိုအများစုမှာ ထိုင်းနိုင်ငံတွင်းရှိ တရုတ်များဖြစ်ပြီး နှစ်ပေါင်းများစွာကပင် နိုင်ငံတွင်း အခြေစိုက်နေထိုင်ခဲ့သူများ ဖြစ်သည်။

ကျောက်ပိုများသည် နိုင်ငံရေးသမားများအတွက် အောက်ခြေထောက်ခံမှုရအောင် လုပ်ပေး စည်းရုံးပေးနိုင်သည့်အတွက် ၁၉၇၀ ခုနှစ်များ နှောင်းပိုင်းကစပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးနှင့် အမျိုးသားနိုင်ငံရေးထိ အရေးပါလာသည်။

၁၉၃၀ ခုနှစ်များအလယ်ပိုင်းနှင့် ၁၉၇၀ ခုနှစ်များ အလယ်ပိုင်းကြား ကာလများကိုကြည့်လျှင် ထိုင်းစစ်တပ်ကသာ တခုတည်းသော အာဏာအရှိဆုံးအဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၇၃ နှင့် ၁၉၇၆ ကြားကာလ အရေးအခင်းများ ဖြတ်သန်းပြီးချိန်တွင် ထိုင်းစစ်တပ်၏ အာဏာ ထိပါးလာမည်ကို စစ်ခေါင်းဆောင်များ စိုးရိမ်လာသည်။

ဤတွင် မြန်မာစစ်အစိုးရက ကြံ့ဖွံ့စွမ်းအားရှင် အဖွဲ့များဖွဲ့သလို ထိုင်းစစ်တပ်ကလည်း အလားတူ အဖွဲ့များ ကျေးရွာအဆင့်ထိ ဖွဲ့ခဲ့သည်။ “ကျေးရွာစကောက်” လို အဖွဲ့များသည် ထိုင်းစစ်တပ်၏ ကွန်မြူနစ်စနစ် ဆန့်ကျင်ရေး ထောက်ခံပွဲတို့တွင် အင်အားပြသည့် အဖွဲ့များ ဖြစ်လာသည်။ ထိုအဖွဲ့များ၏ ခေါင်းဆောင်များထဲတွင် ကျောက်ပိုများ ပါလာသည်။ ထိုအဖွဲ့များကို ခြေကုပ်ယူပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအထိ ပေါက်ရောက်အောင် ကျောက်ပိုများက လုံးပန်းလာသည်။ စစ်တပ်က ဖွဲ့ထားသည့် အဆိုပါအဖွဲ့များမှ နောက်လိုက်များကိုလည်း ကျောက်ပိုများက လက်နက်တပ်ဆင်ပေးလာသည်။

ကျောက်ပိုခေါင်းဆောင်သည့် အဖွဲ့များနှင့် ထိုင်းစစ်တပ်ဆက်ဆံရေးမှာ ၁၉၈၀ ခုနှစ်များတွင် ပို၍ သိသိသာသာ ခိုင်မာလာသည်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ချာဗလစ်ယောင်ချိုင်ယု လက်ထက် ဖြစ်သည်။ ချာဗလစ်နှင့် မြန်မာစစ်အစိုးရ ဆက်ဆံရေး ကောင်းခဲ့သည့်အတွက် စစ်အစိုးရဖွဲ့စည်းထားသည့် ကြံ့ဖွံ့ဖွဲ့ပုံ စွမ်းအားရှင် ဖွဲ့စည်းပုံများသည် ထိုင်းစစ်တပ်လုပ်ရပ်ကို ပုံတူကူးချသည်ဟုပင် သံသယရှိနိုင်သည်။

ချတ်တီချိုင်း ၀န်ကြီးချုပ်ဖြစ်လာချိန်တွင် ချတ်တီချိုင်းကို မကြိုက်သည့် ဗိုလ်ချုပ်ကြီး ချာဗလစ်က စစ်တပ်ရာထူးမှထွက်ပြီး ပါတီထောင်သည်။ သူ့ပါတီ စည်းရုံးရေး ရွေးကောက်ပွဲဝင်ရေးအတွက် အရေးပါသည့် ကျောက်ပို အများအပြားကို သိမ်းသွင်းရန် ဗိုလ်ချုပ်ကြီး ချာဗလစ်က ကြိုးပမ်းခဲ့သည်။

၁၉၇၅ ခု ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီးနောက်ပိုင်းတွင်မူ ထိုင်းပါလီမန်က ပိုအားကောင်းလာသလို ကျောက်ပိုများနှင့် နိုင်ငံရေးပါတီများ ဆက်စပ်မှုကပါ ပိုပြီး ခိုင်မာလာသည်။ ပြည်နယ်အောက်ခြေ မဲဆန္ဒရှင်များ၏ ထောက်ခံမှု ခိုင်မြဲရန်အတွက် ပါလီမန်အမတ်နေရာ (၈၀) ရာနှုန်းကျော်ကို ပြည်နယ်များသို့ ပြန်ပေးရသည်။ အောက်ခြေ မဲဆန္ဒနယ်များ၏ ထောက်ခံမှု အားကောင်းစေရေးအတွက် ကျောက်ပိုများကို နိုင်ငံရေးပါတီများက အားထားလာရသည်။

ရွေးကောက်ပွဲလုပ်ပြီဆိုလျှင် ကျောက်ပိုများကလည်း ဒေသခံအာဏာပိုင်များအပေါ် သြဇာသုံးပြီး မဲရလဒ်ကို ထိန်းချုပ်နိုင်သည်။ ကျောက်ပိုများက မဲပုံးထဲ ထောက်ခံမဲ ကြိုတင်အပြည့်ထည့်ထားသည့်နည်းမျိုးအပါအ၀င် အခြားမသမာသည့်နည်းများသုံးသည်ဟုပင် စွပ်စွဲမှုများ ရှိလာသည်။ ပါတီများ မဲဆွယ်ကာလအတွင်း ရန်ပုံငွေရ သည်ထိ ကျောက်ပိုများက အားထားရသည်။ မိမိတို့၏ မသမာသည့် စီးပွားရေးလုပ်ငန်းများကို အစိုးရက ကာကွယ်လာအောင်လည်း ကျောက်ပိုများက လုပ်နိုင်လာသည်။ အောက်ခြေ မဲဆန္ဒနယ်အတွက် ပါတီအမတ်လိုသမျှကို ကျောက်ပိုများက သူတို့သြဇာသုံးပြီး ရှာပေးသည်။

တချိန်က စစ်ထွက်အရာရှိများနှင့် ဖွဲ့စည်းခဲ့သည့် ချတ်ချိုင်းပါတီသည် ကျောက်ပိုများ၏ ထောက်ခံမှုကို ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ စစ်ပြန်အရာရှိများကလည်း စီးပွားရေးလုပ်နေသူများ ဖြစ်သည့်အတွက် ပါတီခေါင်းဆောင်များနှင့် ကျောက်ပိုများ နိုင်ငံရေးအသုံးချပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင် လုပ်ကြသည်။ ဤနည်းဖြင့် ကျောက်ပိုနှင့် နိုင်ငံရေးသမားများ ပုလင်းတူ ဘူးစို့ဖြစ်လာသည်။ ကျောက်ပိုများ သြဇာသက်ရောက်ပြီး ခြေကုပ်ယူထားသည့် နယ်မြေများမှာ ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် အလယ်ပိုင်းတို့ ဖြစ်သည်။

ထို့ကြောင့်လည်း ၁၉၉၀ ခုနှစ်များ ထိုင်းနိုင်ငံအခြေအနေကို တချိန်က အီတလီမှာ ကြီးစိုးခဲ့သည့် မာဖီးယားဂိုဏ်းများခေတ်နှင့်တူနေသည်ဟုပင် ဘန်ကောက် ပညာတတ်အသိုင်းအ၀န်းက ယူဆသည်။ ယခုချိန်ထိလည်း ထိုင်းနိုင်ငံရေးသမားများကို မာဖီးယားများဟု ထိုင်းပညာတတ်အချို့က ယူဆသည်။

နိုင်ငံရေးမှာ စစ်ခေါင်းဆောင်များနှင့် ကျောက်ပိုများပေါင်းပြီး မကြီးစိုးနိုင်အောင် ဟန့်တားရန် နောက်ပိုင်း ကြိုးပမ်းခဲ့သော်လည်း မည်မျှအတိုင်းအတာထိ ထိရောက်မှု ရှိမရှိကို မည်သူမျှမပြောနိုင် ဖြစ်နေသည်။ ထို့ကြောင့် ကျောက်ပိုများကို အထောက်အပံ့ပေးနေပြီး အရပ်ဘက် စစ်ဘက် ထိပ်ပိုင်းရာထူးတို့ကို ကိုင်ထားသူများသာ အဓိက ကျောက်ပိုများ ဖြစ်သည်ဆိုပြီး ပြောဆိုမှုများ ရှိလာသည်။ ထိုကျောက်ပိုကြီးများကို မည်သို့ကိုင်တွယ်မလဲဆိုသည်မှာ ခက်ခဲသည့်ကိစ္စဟုပင် ထောက်ပြကြသည်။

ပြောရမည်ဆိုလျှင် ၁၉၉၈ ခု တပ်ဆင်က ထိုင်းရပ်ထိုင်းပါတီ ထောင်သည့်အချိန်တွင် အမတ်အရောင်း အ၀ယ်လုပ်သည့် ကျောက်ပိုခေတ် ကုန်သလောက်ဖြစ်သွားသည်။ ထိုင်းရပ်ထိုင်းပါတီ တည်ထောင်သည့်အတွက် စရိတ် ဘတ် သန်း (၃,၀၀၀) ကျော်ကုန်ကျပြီး ထိုငွေသည် မိသားစုက အရေးပေါ်သုံးရအောင် ဖယ်ထားသည့်ငွေ ဖြစ်သည်ဟု တပ်ဆင်ပြောကြောင်း The Nation သတင်းစာက ရေးခဲ့သည်။

စင်စစ် တပ်ဆင်သည် ၎င်း၏ ဓနအင်အားကို အသုံးချပြီး ထင်ရှားသည့်ပါတီများမှ အရေးပါသည့် နိုင်ငံရေးသမားများကို ထိုင်းရပ်ထိုင်းပါတီအောက် သွင်းနိုင်ခဲ့သည့်ပြင် ကြီးမားသည့် တပ်ဆင်၏ ဓနအင်အားနှင့်ပါ ပေါင်းစပ်လိုက်သည့်အခါ အမတ်ရောင်းမည့် ကျောက်ပိုအုပ်စုများ နေရာမရှိသလောက် နည်းပါးသွားသည့် သဘော ဖြစ်သည်။

ထို့ကြောင့်လည်း အာဘီဆစ် ၀န်ကြီးချုပ်မဖြစ်ခင် နေ၀င်းချစ်ချော့ကိုင်ထားသည့် အမတ် (၃၇) ဦး အတိုက်အခံဘက်ပြောင်းသွားသည့်အခါ ကျောက်ပိုခေတ်ပြန်ရောက်တော့မလားဆိုပြီး အချို့က စိုးရိမ်ကြခြင်းဖြစ်သည်။ ဤတွင် ဘက်ပြောင်းသည့် အမတ်တဦးပြန်လာလျှင် ဘတ်ငွေ (၅၅) သန်းပေးမည်ဟု ပွေထိုင်းက ဈေးခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရေးကိုကြည့်မည်ဆိုလျှင် ၁၉၈၈ နောက်ပိုင်း အစိုးရများမှာ အဂတိလိုက်စားသည့် နိုင်ငံရေးဟု ၀ါးလုံးရှည်နှင့် သိမ်းအရမ်းခံရပြီး အဂတိမှုများဖြင့် ငြိတွယ်ခဲ့ရသည်။ ပါလီမန်အစိုးရခေတ်ကို အသွင်ကူးပြောင်း နေမှုနှင့်အတူ ထိပ်တန်းစီးပွားရေးသမားများကလည်း နိုင်ငံရေးပါတီများကို ငွေကြေးထောက်ပံ့သည့်နည်း၊ ရွေးကောက်ပွဲတွင် တိုက်ရိုက်ဝင်ပြိုင်သည့်နည်းများဖြင့် ၀န်ကြီးအဖွဲ့ကို ထိန်းချုပ်ရန် ကြိုးပမ်းလာသည်။

တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီကလွဲပြီး ပါတီတခုတည်းက အစိုးရဖွဲ့နိုင်လောက်အောင် မဲအပြတ်အသတ်ရသည်မျိုးမရှိသည့်အတွက် ထိုင်းဒီမိုကရေစီနိုင်ငံရေးမှာ ခနော်ခနဲ့ ညွန့်ပေါင်းအစိုးရမျိုးနှင့်သာ အဆုံးသတ်ရလေ့ရှိသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံရေးပါတီများကလည်း မဲဝယ် အမတ်ဝယ်မှုများအပေါ် အားထားရမှုတို့ကြောင့် ပါတီတခု၏ ကုန်ကျစရိတ်နှင့် ရွေးကောက်ပွဲစရိတ်များ ပိုပြီး ထောင်တက်လာသည်။

အမတ်များကို ကျွဲနွားရောင်းသလို အရောင်းအ၀ယ်လုပ်ကစားပြီး အစိုးရဖွဲ့နိုင်အောင် လုံးပန်းရသည့် ထိုင်းနိုင်ငံရေး၌ အဂတိလိုက်စားမှုများနေခြင်းမှာ မဆန်းပေ။ ပါတီတခု၏ ကုန်ကျစရိတ်နှင့် ရွေးကောက်ပွဲစရိတ် များလာလေ ထိုငွေများပြန်ရအောင် အစိုးရလုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုများလေဖြစ်ပြီး အဂတိလိုက်စားမှု သံသရာက လွတ်မည်မဟုတ်ပေ။ ထိုင်းနိုင်ငံရေးမှာ အဂတိလိုက်စားမှုများလေ ကျောက်ပိုများ ခေတ်ကောင်းလေဖြစ်သည်။

No comments: