သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Friday, December 19, 2008
တပ်ဆင်အတွက် ရွေးစရာ သိပ်မကျန်တော့
တပ်ဆင် ရှင်နာဝါထရာ အခု ဘယ်ရောက်နေပြီနည်း။
အချို့ကတော့ အမေရိကတိုက်အလယ်ပိုင်း တောင်ဘက်အစွန် ကျသည့် ပနားမားနိုင်ငံမှာဟုပြောသည်။ နိုင်ငံရေးအရ အန္တရာယ်ရှိသူ၊ ရာဇ၀တ်မှု ပြစ်ဒဏ်ထိထားသူ၊ ပိုင်ဆိုင်သည့်ငွေများလည်း အာမခံချက်မရှိသူ ၀ရမ်းပြေး ထိုင်းဝန်ကြီးချုပ်ဟောင်းကို ကြိုဆိုလက်ခံလိုသည့်နိုင်ငံများ နည်းသထက်နည်းလာပြီဖြစ်သည်။
တပ်ဆင်သည် ဒူဘိုင်းနိုင်ငံတွင် နေတော့မည့်ဟန် ဖန်တီးလိုသော်လည်း ဒူဘိုင်းနိုင်ငံကလည်း ၎င်းအားဆက်၍ လက်ခံလိုမည့်ပုံ မပေါ်ပေ။ တရုတ်နှင့် ဟောင်ကောင်တို့ကလည်း တပ်ဆင်ကို လက်ခံလိုက်ခြင်းဖြင့် ပြဿနာ အတက်ခံလိုခြင်းမရှိကြပေ။ ထိုင်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော နိုင်ငံအများစုသည် တပ်ဆင်၏ နိုင်ငံရေးအရှုပ်အရှင်းများကြောင့် ၎င်းအား လက်ခံလိုသည့်ဆန္ဒ မရှိကြချေ။
တပ်ဆင်သည် ထိုင်းနိုင်ငံသို့ အောင်မြင်သည့် သူရဲကောင်းတဦးအဖြစ် ပြန်လာလိုသော်လည်း အဆိုပါ အမြင်သည် ယခုအခါ မဖြစ်နိုင်သလောက် အနေအထားဖြစ်သည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံသို့ ကျဆုံးမှုနှင့် ပြန်လာနိုင်မည် မဟုတ်ပေ။ ယခုအခါ ၎င်း၏ ငွေများသည်လည်း ယခင်ကထက် အလွန်နည်းသွားပြီးဖြစ်သည်။ ထို့အပြင် အရာရာတိုင်းကို ငွေဖြင့် ၀ယ်၍မရ။ အပေါင်းအသင်း မိတ်ဆွေများ၊ ထောက်ခံသူများမှာလည်း ယခုအခါ ၎င်းအား စွန့်ခွာသွားကြပြီဖြစ်သည်။
ထိုင်းနိုင်ငံနှင့် တရားခံအလွှဲအပြောင်း သဘောတူထားသည့် နိုင်ငံများတွင် နေထိုင်ရန်မဖြစ်နိုင်သောကြောင့် တပ်ဆင်အနေဖြင့် ၎င်း၏ လှုပ်ရှားသွားလာမှုများကို သတိထားစီစဉ်ရတော့မည်လည်းဖြစ်သည်။ ထို့ကြောင့် ပနားမား (သို့) ပါပူဝါနယူးဂီနီကဲ့သို့သော လူသိမများသည့် နိုင်ငံများတွင်သာ ၎င်းအနေဖြင့် သွားရောက် နေထိုင်ရဖွယ်ရှိနေသည်။
ဗြိတိန်နိုင်ငံက တပ်ဆင်အား ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်ပြီးသည့်နောက် ဗြိတိန်၏ ဓနသဟာယနိုင်ငံများသို့လည်း တပ်ဆင်အနေဖြင့် ၀င်ရောက်ခွင့်ရတော့မည်မဟုတ်ပေ။ စင်ကာပူနိုင်ငံသည်ပင် တပ်ဆင်အား ထပ်မံလက်ခံလို ချင်စိတ် မရှိတော့ပေ။ အကယ်၍ တပ်ဆင်က အမေရိကန်နိုင်ငံသို့ ၀င်ရောက်နိုင်ရန် ပြည်ဝင်ခွင့်လျှောက်ထား လာပါက အမေရိကန်က မည်သို့တုံ့ပြန်မည်နည်း။
တပ်ဆင်၏ သံတမန်နိုင်ငံကူးလက်မှတ်သည်လည်း ယခုအခါ ဖျက်သိမ်းခြင်း ခံရပြီးဖြစ်နေသည်။ တပ်ဆင်အား ၎င်းကြိုက်သည့်နိုင်ငံကို ပြည်ဝင်ခွင့်လျှောက်ရန်မလိုဘဲ သွားလာနိုင်ရေးအတွက် ယခင် ၀န်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပေးထားခြင်းဖြစ်သည်။ သို့သော် အဆိုပါ အထူးအခွင့်အရေးကို တပ်ဆင်အနေဖြင့် ယခုအခါ ရနိုင်တော့မည် မဟုတ်ပေ။
ဒီမိုကရက်များ အာဏာရလာတော့မည်မှာ သေချာသွားသည့်အချိန် ယခုအပတ်အစောပိုင်းကမှ နိုင်ငံခြားရေးဝန်ကြီးဌာနက တပ်ဆင်၏ သံတမန်နိုင်ငံကူးလက်မှတ်ကို အလျင်အမြန် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ တပ်ဆင်အား ထောက်ခံနေသည့် ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရား၊ ရဲနှင့် ပါလီမန်တို့မှာလည်း လျင်မြန်စွာဖြင့် ကျဆုံးကုန်ကြပြီဖြစ်သည်။ ယခုအခါ ထိုင်းအာဏာပိုင်များက တပ်ဆင်၏ ရိုးရိုးနိုင်ငံကူးလက်မှတ်ကိုပင် ဖျက်သိမ်းပစ်ရန် စဉ်းစားလာနေကြပြီဖြစ်သည်။
တပ်ဆင်၏ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရမှုနှင့်ဆက်စပ်၍ ၎င်း၏သားဖြစ်သူ Panthongtae Shinawatra အား ယခုအပတ် အစောပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ယခင်က ၎င်း၏ဖခင်သည် နိုင်ငံကူးလက်မှတ် အများအပြား ကိုင်ဆောင်သွားလာခဲ့သော်လည်း ယခုအခါ မည်သည့်နိုင်ငံတွင် ရောက်ရှိနေသည်ကို မသိရကြောင်း ပြန်ဖြေခဲ့သည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုဂယက်အတွင်း တပ်ဆင်၏ ငွေကြေးသည်လည်း ထိခိုက်မှုများရှိခဲ့သည်။ ၎င်း၏ ရေနံရောင်းဝယ်ရေး လုပ်ငန်းများတွင် ဆုံးရှုံးမှုများရှိခဲ့ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။ ရေနံတစည်ကို အမေရိကန်ဒေါ်လာ (၁၆၀) အထိ ဈေးမတက်မီက တစည်လျှင် ထိုင်းဘတ်ငွေ (၂,၇၆၀) နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ (၈၀) မှ (၉၀) သို့တက်ခဲ့သည်။ ယခုအခါ တစည်လျှင် (၄၅) ဒေါ်လာသာ ဈေးရှိတော့သည်။ ယင်းသို့ ဈေးကျဆင်းသွားခြင်းသည် တပ်ဆင်၏ ပိုင်ဆိုင်မှုများမှ ထက်ဝက်ကျော် ဆုံးရှုံးသွားနိုင်မည်ဖြစ်သည်။
အရင်းအနှီးနှင့် ငွေကြေးဈေးကွက်အတွင်းမှ ရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက် ကမောက်ကမဖြစ်မှုကြောင့် ဒေ၀ါလီခံရသည်အထိ ဆိုးရွားစွာခံခဲ့ကြရသည်။ ဤကိစ္စတွင် တပ်ဆင်သည်လည်း လွတ်ဖွယ်မရှိပေ။ မည်သို့ပင် အစီအစဉ်ကျနစွာ ပြုလုပ်ထားပါစေ ၁၉၉၈ ခု (၁၉၉၇ အာရှငွေကြေးဈေးကွက် ဂယက်ကြောင့်) ဈေးကွက် ကမောက်ကမဖြစ်မှုများကြောင့် (နယူးယောက်အခြေစိုက်) ထိပ်တန်းရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး (Long-Term Capital Management) ပင်လျှင် ပြိုလဲခဲ့ရသည့် ဥပမာများရှိနေသည်။
တပ်ဆင်သည် လောင်းကစားသမားကြီးအဖြစ် လူသိများခဲ့သူဖြစ်သည်။ မည်သို့ ဆုံးရှုံးရမလဲ၊ မည်သို့ အရေးနိမ့်ရမလဲဆိုသည်လည်း နားမလည်။ သူကိုယ်တိုင် နိုင်ငံရေးလောက၊ စီးပွားရေးလောကထဲ သယ်လာသည့် နိုင်သူအကုန်စားစတမ်းအမြင်ကိုသာ လက်ကိုင်ထားလေ့ရှိသည်။ ခုတော့ ထိုအမြင်များနှင့် ပြောင်းပြန် တပ်ဆင်တယောက် ခံစားနေရရှာသည်။ သူ၏ နိုင်ငံရေးကံဇာတာနှင့် ဓနဥစ္စာများ ရာသက်ပန် တည်မြဲလိမ့်မည်ဟု တပ်ဆင်ထင်ခဲ့သည်။ သိုသော် ငွေကြေးဈေးကွက်နှင့် နိုင်ငံရေးက တပ်ဆင်ကို ကျောခိုင်းခဲ့ပြီ။
.
တပ်ဆင်၏ သံသယရှိဖွယ် ငွေကြေးအရောင်းအ၀ယ်ကိစ္စများနှင့်ပတ်သက်၍ ဗြိတိသျှအာဏာပိုင်များနှင့် ပြဿနာတက်နိုင်သည်။ ယူကေသို့ ပြည်ဝင်ခွင့် အပိတ်ခံထားရသည့်အချက်လည်း ဗြိတိသျှအာဏာပိုင်များနှင့် ပြဿနာတက်စရာ အကြောင်းတရပ်ဖြစ်ဖွယ်ရှိသည်။ တပ်ဆင်သည် ဗြိတိန်နိုင်ငံမှ Manchester City ဘောလုံးအသင်းကို ဘတ်ငွေ သန်း (၄,၀၀၀) ကျော်နှင့်ညီမျှသည့် ပေါင်စတာလင် သန်း (၈၀) ဖြင့် ၀ယ်ယူခဲ့ပြီး အဘူဒါဘီမှ Sheikh Mansour ကို ပေါင် သန်း (၂၁၀) ဖြင့် ပြန်ရောင်းချခဲ့သည်။ အဆိုပါရောင်းဝယ်မှုသည် ဗြိတိသျှ အရာရှိများအား သတိထားစရာဖြစ်ခဲ့ရပြီး “ဆင်နာထရာ ဘာတွေလုပ်ဖို့ကြိုးစားခဲ့တာလဲ” ဆိုသည့် သံသယများဖြစ်ပေါ်စေပြီး တပ်ဆင်၏ ငွေကြေးအပြောင်းအလွှဲလုပ်ဆောင်ချက်များကို သတိထားစရာ ဖြစ်စေခဲ့သည်။
Arabianbusiness.com က ဗြိတိန်အစိုးရက အမေရိကန် ဒေါ်လာ သန်း (၄,၀၀၀) ရှိ တပ်ဆင်၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ “ဗြိတိန်က တပ်ဆင်၏ ဒေါ်လာသန်း (၄,၀၀၀) ဖိုး ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်သဖြင့် Manchester City အား Sheikh Mansour ထံ မဖြစ်မနေရောင်းလိုက် ရခြင်းဖြစ်သည်။ ထို့အပြင် ဗြိတိန်က ပြည်ဝင်ခွင့် ပိတ်လိုက်သဖြင့် ပိုအခက်အခဲဖြစ်သွားသည်။ ထို့အပြင် ၎င်း၏ ဇနီးကလည်း ပြီးခဲ့သည့် အပတ်က ၎င်းအား ကွာရှင်းခဲ့သည်” ဟု Arabianbusiness သတင်းတပုဒ်က ဖော်ပြသည်။
ထူးခြားသည်မှာ ဗြိတိသျှအာဏာပိုင်များက တပ်ဆင်ထံမှ ဒေါ်လာ သန်း (၄,၀၀၀) မှန်မမှန် အတည်ပြုရန် မည်သူမျှ နောက်ဆက်တွဲ စုံစမ်းမှုများ မပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ငွေကြေးသည် အရေအတွက် နည်းလှသည်မဟုတ်ပေ။ ဘတ်ငွေ ဘီလီယံ (၁၄၀) နှင့်ညီမျှသည့် ထိုငွေပမာဏသည် ထိုင်းနိုင်ငံ စီးပွားကျပ်နေသည့် ကာလအတွင်း ကျေးလက်ဒေသများထိ ထောက်ပံ့ပေးရမည့် ၀န်ကြီးချုပ်သစ် အာဘီဆစ် ၀ိဇ္ဇာဇီဝ၏ စီးပွားရေးတက်လာအောင် အားပေးမှု စီမံကိန်းကုန်ကျစရိတ်ထက်များနေသည်။
ယခုလ (၁၁) ရက်နေ့ထုတ် Los Angeles Times သတင်းစာကြီးတွင် Bhumibol, Thailand's Remarkable King ခေါင်းစဉ်ဖြင့် ထင်မြင်ချက်ရေးသားခဲ့သော W Scott Thompson ကလည်း “တချိန်တည်းပင် ဗြိတိသျှ အာဏာပိုင်များက တပ်ဆင်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး ၎င်း၏ ပြည်ဝင်ခွင့်ကိုလည်း ပိတ်ပင်လိုက် သည်။ ထို့ကြောင့် တပ်ဆင်၏ ကျေးလက် လူကြိုက်များမှုမှာလည်း ကျဆင်းလာဖွယ်ရှိသည်” ဟု ၎င်း၏ ထင်မြင်ချက်အတွင်း၌ ထည့်သွင်းရေးသားခဲ့သည်။
တပ်ဆင်၏ အာမခံချက်မရှိ မသန့်ရှင်းသော ငွေများလွှဲပြောင်းမှုနှင့် ထိုင်းတရားရုံးက ထောင်ဒဏ် (၂) နှစ် ချမှတ်ထားခြင်းတို့သည် အဆိုပါ ထိန်းချုပ်မှုနှင့် ပြည်ဝင်ခွင့်ငြင်းပယ်ခြင်းတို့၏ အခြေခံအကြောင်းများဖြစ်သည်။
ပြည်ပတွင်ရှိသည့် ၎င်း၏ ပိုင်ဆိုင်မှုများ လျော့နည်းသွားသဖြင့် တပ်ဆင်၏ ပိုင်ဆိုင်မှုများသည် ထိုင်းနိုင်ငံတွင်း၌သာ အများစု ကျန်ရှိနေတော့သည်။ သို့သော်လည်း ၎င်း၏ ငွေ ဘတ် သန်း (၇,၆၀၀) ကိုလည်း ထိုင်းအာဏာပိုင်များက အဂတိမှုများဖြင့် ဆက်စပ်၍ ထိန်းချုပ်ထားပြီးဖြစ်သည်။ အဆိုပါ ငွေများမှာ ၎င်းပိုင် ရှင်းကော်ပိုရေးရှင်း ဆက်သွယ်ရေး ကုမ္ပဏီရှယ်ယာများကို စင်ကာပူ Temasek Holdings သို့ ရောင်းချရာမှရရှိခဲ့သည့် ငွေများ ဖြစ်သည့်အတွက် ပြန်လည်ရရှိရန် တပ်ဆင်က ကျားကုတ်ကျားခဲ ကြိုးစားနေဆဲ ဖြစ်သည်။ သို့သော် ၎င်း၏ မူမမှန်သည့် ချမ်းသာမှုကို တရားရုံးတင် စစ်ဆေးရန်ရှိသဖြင့် ယခုတဖန် ကြိုးစားမှုသည်လည်း အောင်မြင်ရန် အခွင့်အလမ်း အလွန်နည်းပါးနေသည်။
၎င်း၏ ဇနီး Pojaman သည် ယခုအခါ ၎င်းနှင့် နှစ်ဦးသဘောတူ ကွာရှင်းလိုက်ပြီဖြစ်သည်။ တပ်ဆင်၏ ငွေကြေးဆိုင်ရာ အရှုပ်အရှင်းအားလုံးကို Pojaman ကသိနေသည်။ ထို့ကြောင့် Pojaman အနေဖြင့် ၎င်းနှင့် ၎င်း၏ သားသမီးများအတွက် ရသင့်ရထိုက်သည့် ပိုင်ဆိုင်မှုများကို ခံစားရမည်ဖြစ်သည်။ တပ်ဆင်မှာမူ ထိုမှ ကျန်ရှိသည့် ငွေကို နိုင်ငံရေးလောကအတွင်း ပြန်လည်အခြေချနိုင်ရန် အသုံးပြုမည်ဖြစ်သည်။
တပ်ဆင်အနေဖြင့် ယခုအခါ မိသားစုတာဝန် မရှိတော့သည့်အတွက် ဘာမျှပူစရာမရှိပေ။ ကိုယ်လုပ်ချင်တာ လုပ်နိုင်ပြီဖြစ်သည်။ တပ်ဆင် ထပ်တလဲလဲ ပြောသည့် အချက်မှာ “ငါ့ကို ချောင်ပိတ်မိအောင် မလုပ်ကြပါနဲ့” ဟူ၍ဖြစ်သည်။
( ဒီဇင်ဘာ ၁၉ ရက် ထုတ် The Nation သတင်းစာပါ ဆောင်းပါးရှင် Thanong Khanthong ၏ ဆောင်းပါးကို ပြန်ဆိုထားခြင်းဖြစ်သည်)
-----------------------------------------------------
တပ်ဆင်၏ စီးပွားရေး၊ နိုင်ငံရေး အသုံးချမှု
(သုံးသပ်ချက်)
ပြည်ပတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ချမ်းသာမှုအပိုင်းကို ပြန်ကြည့်လျှင် စတော့ဈေးကွက်ကို ကျင်ကျင်လည်လည် ကစားနိုင်သည့်အရည်အချင်း၊ စီးပွားရေး လာဘ်မြင် ချင်း၊ အပေါစားနည်းပညာကို သုံးတတ်ခြင်း၊ နိုင်ငံရေး အဆက်သွယ်ကောင်းခြင်း၊ နိုင်ငံရေးအာဏာကို သုံးပြီး ကိုယ်ကျိုးစီးပွားလုပ်ခြင်း စသည့်အချက်များကို အခြေခံသည်ဟု မြင်ကြသည်။
နာမည်ကျော်သွားသည့် ဖြစ်ရပ်မှာ ၁၉၉၇ အာရှငွေကြေးစီပွားကပ်ဆိုက်သည့်အချိန်တွင် တပ်ဆင်နှင့်ပြိုင်ဘက် ထိုင်းကုမ္ပဏီကြီးများ ဘတ်ငွေတန်ဖိုးချမှုကြောင့် ခွက်ခွက်လန်ရှုံးသည့်အချိန်တွင် တပ်ဆင်၏ ရှင်နာဝပ်ထရ ကုမ္ပဏီက အကြီးအကျယ်ပွလိုက်သည်။ တပ်ဆင်သည် ထိုအချိန်က ဗိုလ်ချုပ်ကြီး ချာဗာလစ်အစိုးရထဲမှ ဘဏ္ဍာရေးဝန်ကြီး ထနွန် ဘီဒရနှင့် ရင်းနှီးသည်။ ဘတ်ငွေတန်ဖိုး ချတောာ့မည်ကို ဘဏ္ဍာရေးဝန်ကြီး ထနွန်သာ သိသည်။
ဤတွင် ဘတ်ငွေတန်ဖိုးမချခင် (၆) လ ကျော်ကတည်းက တပ်ဆင်က သူကုမ္ပဏီအုပ်စုပိုင် နိုင်ငံခြားငွေ (၇၀) ရာနှုန်းကျော်ကို ကြိုကာပြီး ရင်းနှီးထားလိုက်သည့်အတွက် ပွသွားခြင်းဖြစ်သည်။ ဘတ်ငွေမမျောခင်မှာပင် သူပိုင် ရှင်းနာဝပ်ထရ တယ်လီကွန်းရှယ်ယာတွေ ထောင်တက်ကုန်သည်။ ၁၉၉၇ ခု ဇန်န၀ါရီနှင့် စက်တင်ဘာအတွင်း တပ်ဆင်၏ ရှင်းကော်ပိုရေးရှင်း လက်ခွဲဖြစ်သည့် မိုဘိုင်းဖုန်းကုမ္ပဏီကြီး အေအိုင်အက်စ်က စတော့ဈေးကွက် ငွေလဲနှုန်းကွာသည့်အပေါ်မှ ဘတ် သန်း (၃,၀၀၀) နီးပါး မြတ်သွားသည်။
နိုင်ငံခြားချေးငွေအတိုးနှုန်းများ နည်းသည်ဆိုပြီး စီပီ၊ ဂျက်စမင်၊ ယူကွန်းစသည့် တယ်လီကွန်းကုမ္ပဏီကြီးများ စတော့ဈေးကွက်တွင် ငွေပုံငွေရင်းများများဖြင့် အောထည့်ရာ ဘတ်ငွေထိုးကျသည့်အချိန်နှင့်တိုက်ပြီး ခွက်ခွက်လန် ရှုံးကုန်သည်။ စီပီအုပ်စုက ဘတ် (၂၆) ဘီလီယံ၊ ဂျက်စမင်က (၁၁) ဘီလီယံနှင့် ယူကွန်းက (၁၇) ဘီလီယံထိ ငွေလဲနှုန်းပေါ်မှာ ခံကြရသည်။ ထို့ကြောင့် တပ်ဆင်သည် ဘဏ္ဍာရေးဝန်ကြီး ထနွန် ဘီဒရထံမှ သတင်းကြိုရတာဖြစ်ရမည်ဟု ဒီမိုကရက်ပါတီက သံသယရှိခဲ့သည်။ ထနွန် ၀န်ကြီးရာထူးမှ နုတ်ထွက်အပြီးတွင် တပ်ဆင်က ထနွန်အား သူ၏ ရှင်းကော်ပိုရေးရှင်း လုပ်ငန်းစစ်ကော်မတီတွင် ခန့်ထားလိုက်သည့်အတွက် သံသယများ ပိုကြီးခဲ့သည်။
တပ်ဆင်၏ မူလကုမ္ပဏီဖြစ်သည့် ရှင်နာဝပ်ထရ ကွန်ပျူတာ ကုမ္ပဏီကို ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်သည်။ တပ်ဆင် ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ထိုင်းရဲအဖွဲ့သို့ ကွန်ပျူတာများ ငှားရမ်းခဲ့သည်။ ချတ်တီချိုင်းအစိုးရလက်ထက် ပုဂ္ဂလိက လွဲပြောင်းမှုများ အကြီးအကျယ်လုပ်ရာ တယ်လီကွန်းလုပ်ငန်း (၇) ခုကို တပ်ဆင်တဦးတည်း ရလိုက်သည်။ ထိုအချိန်က ဆယ်လူလာဖုန်းလုပ်ငန်း လိုင်စင် တပ်ဆင်အား ချပေးခဲ့သည့် Telephone Organization of Thailand (TOT) အကြီးအကဲ ပိုင်ဘွန်းကို နောက်ပိုင်း တပ်ဆင်က သူ၏ ရှင်းကော်ပိုရေးရှင်းတွင် ဒု-ဥက္ကဋ္ဌ ခန့်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ထိုင်းအစိုးရထံမှ နောက်ထပ်ရသည့် ကန်ထရိုက်နှင့် ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တုကို တပ်ဆင် လွှတ်တင်နိုင်ပြီးနောက်ပိုင်း မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယနိုင်ငံတို့မှာ ဖောက်သည်နိုင်ငံများဖြစ်လာသည်။ ၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းတွင် တပ်ဆင်ပိုင် ရှင်းကော်ပိုရေးရှင်း၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ဘတ် (၃၄) ဘီလီယံခန့်ရှိပြီး ကုမ္ပဏီခွဲ (၂၁) ခု ရှိလာသည်။
တပ်ဆင်သည် ချတ်ချိုင်းပါတီနှင့်နီးစပ်သလို ၀န်ကြီးချုပ် ချတ်တီချိုင်းနှင့်လည်း ရင်းနှီးသည်ဟု နာမည်ထွက်သည်။ အထူးသဖြင့် ဆက်သွယ်ရေးလုပ်ငန်း ကန်ထရိုက်များကို ချတ်တီချိုင်းအစိုးရလက်ထက်တွင် တပ်ဆင် အများဆုံး ရခဲ့သည်။ ၁၉၉၈ ခုထိ စီပီကုမ္ပဏီအုပ်စုပိုင်သည့် ဒါနင်းက နိုင်ငံရေးပါတီများကို ငွေထောက်ပံ့ပြီး နိုင်ငံရေးကို သြဇာလွှမ်းနိုင်အောင် ကြိုးပမ်းနေစဉ် တပ်ဆင်ကလည်း သူပိုင်ဓနကို သုံးပြီး နိုင်ငံရေးထဲ ၀င်နိုင်အောင် ကြိုးပမ်းခဲ့သည်။
၁၉၉၄ ခုတွင် ချွမ်လိပိုင်၏ ညွန့်ပေါင်းအစိုးရထဲမှာ အမတ်မဟုတ်သူ တပ်ဆင် ဖလန်းဒါမ ပါတီကတဆင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီး နိုင်ငံရေးလောကထဲ ရောက်လာသည်။ (၃) လမကြာခင် တပ်ဆင်နုတ်ထွက်ရ သည်။ (၆) လမကြာခင် ဖလန်းဒါမပါတီ ခေါင်းဆောင်ဖြစ်လာပြီး ၁၉၉၅ ရွေးကောက်ပွဲအပြီး ဒု-၀န်ကြီးချုပ် ဖြစ်လာသည်။ တပ်ဆင်သည် ဖလန်းဒါမပါတီ ခေါင်းဆောင်ဖြစ်လာပြီးသည့်တိုင် အခြားပါတီများကို ငွေထောက်ပံ့ပေးနေသည်ဟု ပြောကြသည်။
၁၉၉၈ တွင် ကိုယ်ပိုင် ထိုင်းရပ်ထိုင်းပါတီကို ဘတ်ငွေ သန်း (၃) ထောင်အကုန်ခံပြီး စတင်တည်ထောင်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment