သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Sunday, November 23, 2008

မျောက်ပုံပြင်

သယ်ချင်းတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅
ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး
လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို
တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို
(မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ
ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့
ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ
နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို
ရပ်နားထားလိုက်တော့သတဲ့ကွယ်။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင်
အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး
လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို
လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့
လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့
(မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့
ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကြသတဲ့။
(ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ
ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို
စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့
ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း
ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး
ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ
စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ
သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို
တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ
ဝါသနာပါပုံရတယ်။)

အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ
အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။
စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို
နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

********************************************************************

သယ်ချင်းတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့
မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။
သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။
ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့
ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့်
အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ
မသိကြရှာဘူးတဲ့ကွယ်...

ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲ....

သယ်ချင်းတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို
လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။

ဒေါသ

တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး
ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့
လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။
အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့
ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား
တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။

အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက်
ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့
အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့
မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ်
ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး
တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။
အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း
သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့
ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့
ပြန်ပြောလိုက်တယ်။


Hans Christian Andersen၏ ပုံပြင်များ


တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ
ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး
လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို
ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို
ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း
အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက
အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက
အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့
အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း
ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို
မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို
ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ
အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့
အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်
လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက်
ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို
နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို
ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင်
ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က
အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့
ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။


(လူတိုင်းမှာ ဒေါသရှိတယ်ဒါပေမဲ့ ဘယ်လိုထိမ်းမလဲ)

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

(ကျနော့်သူငယ်ချင်း (မြောက်ဥက္ကလာ မြောက်မင်းအတွက် ) သူငယ်ချင်း ငါတင်လိုက်ပြီနော်
ထာဝချစ်နေဆဲ (သားဆိုး)

ကိုယ့်ကိုကိုယ် အရင်ပြင်♥♥♣♥

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့ရှင်...
(ကျနော့်အကိုပို့ပေးထားတဲ့ထဲက တင်ထားတာပါ )

အေးချမ်းစွာရှင်သန်ခြင်း♥♥

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ
သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊

သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း
အပင်တွေကို အရမ်းပွင့်၊

အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊
ဝက်သစ်ချပင်ကြီးဟာ ညှိုးပြီး

ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့
ထင်းရှူးပင် မဟုတ်လေတော့

အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို
သွားပြန်တော့ ထင်းရှူးပင်ကြီးက

ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ"
လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။

အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး
အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။
စပျစ်ပင်ကြီးကလည်း

သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို
အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊

အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို
သေလုမျောပါး ဖြစ်သွားရတာပဲ"

လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ
အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊
အပွင့်က ရနံ့လေးတွေကလည်း

သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း)
လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။

ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့
အပင်တွေ သေတာတွေ သေကုန်ပြီ၊

တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့
ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"

လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး
ကျွန်ုပ်ကို ဒီဥယျာဉ်မှာ

စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်…
ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး…

ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ
ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…

အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့

နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ
နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ

ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ

ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို
အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့ မဆိုလိုနိုင်ပေမဲ့
.... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့်
ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင်
ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ
နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ
ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ်
ဖတ်ကြည့်ကြအုံးနော် ...
(ကျနော်ဒီ ပုံပြင်ကို အကိုတစ်ယောက်ပို့ပေးတာပါ .....ကျနော့်မိတ်ဆွေများအတွက်ပါ စာအသစ်မရေးနိုင်တဲ့အတွက်ခွင့်လွတ်ပေးပါနော် ............ခင်မင်စွာဖြင့် သားဆိုးလေး)