သားစိုးလေး ဘလောဂ်အား အားပေးခဲ့ကြသော မိတ်ဆွေများအား အထူးကျေးဇူးတင်ပါသည်။။။။။။။။။။။။။။

Saturday, January 24, 2009

အရှင်ဂမ္ဘီရကို ခန္တီးထောင်ပြောင်းလိုက်ပြီး မိသားစုဝင်များ အလွန်စိုးရိမ်နေ

စစ်အစိုးရအာဏာပိုင်များက ရွှေဝါရောင် သံဃာ့ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်သဖြင့် ၎င်း၏ကျန်းမာရေးအတွက် မိသားစုဝင်များက အလွန်စိုးရိမ်နေလျှက်ရှိသည်။

အရှင်ဂမ္ဘီရကို ယခုလ (၁ရ) ရက်နေ့က မန္တလေး အိုးဘိုထောင်မှ စစ်ကိုင်းတိုင်း၊ ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“မနေ့က အမေနဲ့ မောင်လေးတို့ သွားတွေ့တော့ စနေနေ့ကတည်းက ခန္တီးထောင်ကို ပြောင်းလိုက်ပြီလို့ အိုးဘိုထောင်မှူးက ပြောလိုက်တာ၊ အဲဒါကလဲ သေချာလား၊ မသေချာဘူးလားဆိုတာ မသိဘူး” ဟု ပြောသည်။

အရှင်ဂမ္ဘီရသည် ယခုလ (၁၃) ရက်နေ့ကတည်းက မန္တလေး အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြနေလျှက်ရှိပြီး ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေသည့်အတွက် ယခုကဲ့သို့ ထောင်ပြောင်းလိုက်ခြင်းကြောင့် ၎င်း၏ကျန်းမာရေးကို စိုးရိမ်နေရသည်ဟု ပြောသည်။

“ကျန်းမာရေးအခြေအနေကို မေးကြည့်တော့ သေသေချာချာ စစ်ဆေးပြီး စိတ်ချရလို့၊ ပို့လိုက်တာလို့ ထောင်မှူးက ပြောတယ်၊ ဒါပေမဲ့ တိတိကျကျကတော့ ဦးဇင်းနဲ့တွေ့မှပဲ သိရမှာ၊ ခန္တီးထောင်ကို ဆက်သွယ်ဖို့ကြတော့လဲ ဖုန်းကမရှိဘူးဖြစ်နေတယ်၊ အမေတို့ကတော့ မကြာခင်လိုက်သွားမှာ” ဟု ဆက်ပြောသည်။

အရှင်ဂမ္ဘီရကို စစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထောင်ဒဏ်စုစုပေါင်း (၆၈) နှစ် ချမှတ်လိုက်ပြီးနောက် မိသားစုဝင်များက ထောင်ဝင်စာတကြိမ်သာ တွေ့ဆုံခွင့်ရရှိခဲ့ပြီး ပါဆယ်ပို့ခွင့်ကိုပါ ပိတ်ထားခဲ့ပြီး ယမန်နေ့က မိသားစုများက ထောင်ဝင်စာသွားတွေ့ရာတွင် ထောင်ပြောင်းရွှေ့လိုက်သဖြင့် တွေ့ဆုံခွင့်မရခြင်းဖြစ်သည်။

ယခုကဲ့သို့ အရှင်ဂမ္ဘီရကို ထောင်ပြောင်းရွှေ့လိုက်သည့်အတွက် မိသားစုဝင်များက “ဦးဇင်းရဲ့ကျန်းမာရေးကို စိုးရိမ်နေရတာကတော့ အထွဋ်အထိပ်ပဲပေါ့၊ ခန္တီးကိုလိုက်သွားမှာပါ” ဟု ဆက်လက်ပြောသည်။

(ရိုးမ ၃)

No comments: